အဆုတ်ကျန်းမာအောင် ဆေးလိပ်နှင့် ကွမ်းယာရှောင်

ဆေးလိပ်သောက်ခြင်းက သင့်သွေးကြောများကို ပိတ်ဆို့စေသည်ဆိုသော စာတန်းနှင့်အတူ ပုပ်ရောင်နေသောကြောင့် ခြေချောင်းများ ဖြတ်တောက်ထားရသော ခြေဖဝါးပုံ၊ ပါးစပ်နှင့် လည်ချောင်းကင်ဆာ၏ အဓိကလက်သည်မှာ ဆေးလိပ်သောက်ခြင်းကြောင့်ဆိုသော စာတန်းနှင့် အတူ အနာများနှင့် အကြီးအကျယ်ထိခိုက်ပျက်စီးနေသော ပါးစပ်တစ်ခု၏ ပုံ၊ သင့်ဆေးလိပ်ငွေ့ကို ကလေးများ မရှူမိစေရန် ကာကွယ်ပါဟူသော စာတန်းနှင့်အတူ ကလေးငယ်၏ မျက်နှာနှင့် ဆေးလိပ်ငွေ့များပုံ စသည်တို့ အပါအဝင် ဆေးလိပ်(စီးကရက်) သောက်ခြင်းနှင့် ဆက်နွှယ်နေသော ကျန်းမာရေးပြဿနာများနှင့်စပ်လျဉ်းသည့် သတိပေးစာတန်းများ၊ ကြောက်ရွံ့ထိတ်လန့်ဖွယ် ရုပ်ပုံများနှင့် ဆင်ယင်ထားသည့် စီးကရက်ဘူးများ သည် ဆေးလိပ်နှင့် ဆေးရွက်ကြီးသောက်သုံးမှုထိန်းချုပ်ရေးအတွက် ကြိုးပမ်းနေကြသည့် နိုင်ငံများတွင် ဈေးကွက်တင် ရောင်းချနေကြသည့် စီးကရက်ဘူးများ၏ အသွင်သဏ္ဍာန်များပင် ဖြစ်သည်။

သို့တိုင်အောင် ကမ္ဘာပေါ်တွင် အမျိုးသားလေးဦးတွင် တစ်ဦး၊ အမျိုး သမီးအယောက် ၂၀ လျှင် တစ်ဦးတို့သည် ဆေးလိပ်သောက်နေကြသည်။ တစ်က္ဘာလုံးတွင် လူဦးရေ တစ်ဘီလီယံခန့် ဆေးလိပ်သောက်နေကြပြီး ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲမှုကြောင့် သေဆုံးမှုနှုန်းမှာ မြင့်တက် နေသည်ဟုလည်း ဆိုသည်။ ဆေးလိပ်နှင့် ဆေးရွက်ကြီးကြောင့် နှစ်စဉ် လူရှစ်သန်းခန့်သေဆုံးနေရာ ယင်းအနက်မှ တစ်သန်းခန့်မှာ ကိုယ်တိုင် ဆေးလိပ်မသောက်ဘဲ သူများသောက်သည့် ဆေးလိပ်ငွေ ့ကြောင့် သေဆုံး ကြရခြင်းဖြစ်သည်ဟုလည်း သုတေသနမှတ်တမ်းများတွင် ဖော်ပြထား သည်။ ဆေးလိပ်သောက်မှုကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာသည့် ကျန်းမာရေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးများ လျှော့ချနိုင်ရေးအတွက် ဆေးလိပ် နှင့် ဆေးရွက်ကြီးထွက်ကုန်ပစ္စည်းများပေါ်တွင် အခွန်တိုးမြှင့်ကောက်ခံခြင်း၊ ဥပဒေများပြဋ္ဌာန်း၍ ထိန်းချုပ်ခြင်း၊ ကျန်းမာရေးဆိုင်ရာ အသိပညာ ပေးခြင်းတို့ကြောင့် ဆေးလိပ်သောက်ခြင်းနှင့် ဆေးရွက်ကြီးသုံးစွဲခြင်းတို့ အပေါ် အကျိုးသက်ရောက်မှုများရှိသည့်တိုင်အောင် တစ်ဖက်တွင်လည်း ဆေးလိပ် (စီးကရက်) ကုမ္ပဏီကြီးများက ၎င်းတို့၏ ထုတ်ကုန်များအတွက် ဈေးကွက်ရရှိရေး နည်းမျိုးစုံဖြင့် ကြိုးပမ်းလျက်ရှိကြရာ ဆေးလိပ် သောက်သူ အသစ် အသစ်များမှာလည်း တိုးပွားလျက်ရှိနေသည်ဟု ဆိုသည်။

မိမိတို့နိုင်ငံတွင် ဆေးရွက်ကြီး (Tobacco) ကို နည်းလမ်းနှစ်မျိုးဖြင့် သုံးစွဲလျက်ရှိနေသည်။ အငွေ့ထွက်သောနည်းအဖြစ် စီးကရက်၊ ဆေးလိပ်၊ ဆေးတံတို့တွင် ထည့်သွင်း၍ သောက်ခြင်း၊ ရှူခြင်း၊ အငွေ့မထွက်သောနည်း အဖြစ် ကွမ်းယာတွင် ထည့်စားခြင်း၊ ဆေးရွက်ကြီးသက်သက်ငုံခြင်း တို့ပင် ဖြစ်သည်။ ဆေးရွက်ကြီးတွင် ပါဝင်သော နီကိုတင်းဓာတ်၏ စွဲလမ်း စေသော အာနိသင်ကြောင့် ဆေးလိပ်သောက်၊ ကွမ်းစားခြင်းတို့က စွဲလမ်းသည့် အလေ့အထကို ဖြစ်စေသည်။ ကိုယ်တိုင်ဆေးလိပ်သောက်ခြင်း၊ သူများသောက်သည့် ဆေးလိပ်ငွေ့ကိုရှူရခြင်း၊ ကွမ်းစားဆေးငုံခြင်း တို့ကြောင့် ခံတွင်းကင်ဆာ၊ လည်ချောင်းကင်ဆာ၊ အဆုတ်ကင်ဆာ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးကြောပိတ်ခြင်း၊ လေဖြတ်ခြင်း၊ အဆုတ်ရောင်ခြင်း၊ အဆုတ်ပွခြင်း၊ သွေးတိုးရောဂါ၊ ခြေပုပ်လက်ပုပ်ရောဂါ၊ ပန်းသေပန်းညှိုးရောဂါတို့ ဖြစ်စေနိုင်သည်။ ဆေးလိပ်ငွေ့ရှူရသည့် ကလေးများမှာ လသားအရွယ်ဆိုပါက ရုတ်တရက် သေဆုံးခြင်း၊ အဆုတ် ရောဂါရခြင်း၊ ရင်ကြပ်ပန်းနာဖြစ်ခြင်း၊ နားပြည်ယိုခြင်းတို့ ဖြစ်နိုင်သည်။ သို့ဖြစ်ခြင်းကြောင့် ဆေးလိပ်သောက်ခြင်းသည် မိမိကိုယ်တိုင်အပြင် အခြားသူအတွက်ပါ အ္တရာယ်ရှိစေသည်။

ယခုနှစ် မေ ၃၁ ရက် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ကို “အဆုတ် ကျန်းမာအောင်၊ ဆေးလိပ်နှင့် ကွမ်းယာရှောင်”ဟူသော ဆောင်ပုဒ်ဖြင့် ကျင်းပခဲ့ရာ ဆေးလိပ်သောက် ကွမ်းစားကြသူတိုင်း ဂရုပြုကြဖို့ပင်ဖြစ် သည်။ မိမိအတွက်သာမက ပတ်ဝန်းကျင်ကိုပါ ထိခိုက်စေသည့် အလေ့ အထ၊ ကြောက်မက်ဖွယ်ရောဂါများကို ငွေကုန်ကြေးကျခံကာ ဝယ်ယူနေ ကြရသည့် အစွဲအလမ်းများမှ လွတ်မြောက်နိုင်ကြပါစေကြောင်း။ မြန်မာ့အလင်း