ဇင်လင်းမြင့်

“ ရန်ကုန်မြို့ကို အစိမ်းရောင်မြို့အဖြစ် တည်ရှိအောင် ကျွန်တော်တို့ကြိုးစားနေပါတယ်” လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်မြို့ အစိုးရအဖွဲ့ရုံးအစည်း အဝေးခန်းမမှာ ဇွန် ၅ ရက်က ပြုလုပ်ခဲ့တဲ့ မီဒီယာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

သစ်ပင်သစ်တောပြုန်းတီး ဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေ

တကယ်တော့ ရန်ကုန်မြို့ဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းပြည်ပ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုအများဆုံး ပြုလုပ်ရာမြို့ ဖြစ်သလို အထပ်မြင့်နေအိမ်တိုက်တာ အဆောက်အအုံတွေ ပေါများရာ မြို့ကြီးတစ်မြို့လည်း ဖြစ်ပါတယ်။ နိုင်ငံတကာအဆင့်မီ မိုးပျံတိုက်တာ အဆောက်အအုံတွေ တစ်နေ့တခြားထွက်ပေါ်လာတာနဲ့အမျှ၊ အိမ်ရာအဆောက်အအုံစီမံကိန်းတွေ တစ်ခုပြီးတစ်ခု အကောင်အထည် ဖော်နေတာနဲ့အမျှ ရန်ကုန်မြို့ရဲ့ သစ်ပင်သစ်တောပြုန်းတီး ဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေရပါတယ်။

ရန်ကုန်မြို့မှာ အကောင်အထည်ဖော်ဖို့ ရှိနေတဲ့ စီမံကိန်းပေါင်း ၈၀ ခန့်ရှိတဲ့အထဲမှာ သစ်ပင်နဲ့ အစိမ်းရောင်ဧရိယာ လျော့ပါးထိခိုက်စေမယ့် ဧရိယာတွေလည်း ပါဝင်နေပါတယ်။ ဒါကြောင့်လည်း နိုင်ငံတကာအဆင့်မီ မြို့ကြီးတစ်မြို့အဖြစ် အရှိန်အဟုန်နဲ့ ဖြစ်ပေါ်လာမယ့် ရန်ကုန်မြို့မှာတော့ အစိမ်းရောင်ဧရိယာတွေ မလျော့ပါးသွားအောင် ကြိုးစားထိန်းသိမ်းသွားမယ်လို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောတာဖြစ်ပါတယ်။

သစ်ပင်သစ်တောတွေ ပြုစုထိန်းသိမ်း

ရန်ကုန်မြို့ဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော်ဖြစ်ပေမယ့် အစိမ်းရောင်ဧရိယာတွေ မလျော့ပါးအောင် ထိန်းသိမ်းဖို့ဆိုတာ အစိုးရ၊ စီးပွားရေး လုပ်ငန်းရှင်နဲ့ ပြည်သူတွေ ပူးပေါင်းပါဝင်ဝိုင်းဝန်း ဆောင်ရွက်မှ ရပါလိမ့်မယ်။ ရန်ကုန်မြို့မှာ မြို့နယ်အလိုက်၊ ရပ်ကွက်နဲ့ ကျေးရွာတွေအလိုက် သစ်ပင်သစ်တောတွေ ပြုစုထိန်းသိမ်းဖို့ ထိထိရောက်ရောက် တိုက်တွန်းဖို့တော့ လိုအပ်နေပါတယ်။

ပြည်သူတွေရဲ့ ကျန်းမာရေးကို အကျိုးပြု

ခေတ်မီမြို့တစ်မြို့ တည်ထောင်တဲ့အခါပဲ ဖြစ်ဖြစ်၊ တည်ရှိပြီးသား မြို့တစ်မြို့မှာပဲဖြစ်ဖြစ် သဘာဝစိမ်းလန်းဧရိယာ ၃၀ ရာခိုင်နှုန်းထားရှိပေးရမယ်လို့ သစ်တောဆိုင်ရာ နိုင်ငံတကာသုတေသန ပညာရှင်တွေက ဆိုထားပါတယ်။ ဒါမှ လေထုသန့်စင်မှု၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်မှုတွေ ဖြစ်ပေါ်စေပြီး နေထိုင်တဲ့ပြည်သူတွေရဲ့ ကျန်းမာရေး ကို အကျိုးပြုစေမှာ ဖြစ်ပါတယ်။

ရန်ကုန်မှာတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ မြို့နယ်ပေါင်း ၃၃ မြို့နယ်မှာ နှစ်စဉ်မိုးရာသီတိုင်းမှာ သစ်ပင်ခြောက်သိန်း စိုက်ပျိုးတဲ့ အစီအစဉ်တွေရှိနေပြီး ခြောက်သွေ့ ရာသီမှာတော့ သစ်ပင်တွေ ထိန်းသိမ်းမှုပြုလုပ်နေပါတယ်။ ပြီးခဲ့တဲ့နှစ် ဇူလိုင်လက လှော်ကားရေဝေ ရေလဲ ဧရိယာအတွင်းမှာ စည်ပင်သာယာရေးက ဧက ၄၀ ခန့်မှာ ကျွန်း၊ မဟော်ဂနီ၊ ကံ့ကော်၊ ဆီသပြေ၊ ကုက္ကို၊ ရေတမာစတဲ့ အပင်ပေါင်း ၂၁၆၀ဝ ကို စိုက်ပျိုးခဲ့ပါတယ်။

ရန်ကုန်မြို့ရဲ့ ပြည်သူ့ဧရိယာတွေမှာ ရှုခင်းသာတွေ ဖန်တီးတာတွေ၊ မြေလွတ်တွေမှာ အရိပ်ရအပင်တွေ စိုက်ပျိုးတာတွေ၊ သစ်ပင်၊ သစ်တော တစ်အုပ်တစ်မ စိုက်ပျိုးတာတွေကိုတော့ ပြုလုပ်နေတာတွေ ရှိပါတယ်။ ဒါပေမယ့် လက်ရှိထက် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ဖို့တော့ လိုအပ်နေဆဲ ဖြစ်ပါတယ်။

အပူဒဏ်ကို ဆိုးရွားစွာခံစားခဲ့ရ

အင်းလျားကန်၊ ကန်တော်ကြီးတို့လို ဧရိယာတွေမှာ အနီးပတ်ဝန်းကျင် ဧရိယာတွေမှာ အဆောက်အအုံတွေ မဆောက်လုပ်ဖို့ တားမြစ်သင့်ပါတယ်။ ရန်ကုန်မြို့ရဲ့ အစိမ်းရောင် ဧရိယာတွေ လျော့နည်းလာတာကြောင့် ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဧပြီလမှာတောင် အပူချိန် ၄၂ ဒသမ ၂ ဒီဂရီဆဲလ်စီးရပ်စ်အထိ ရှိခဲ့တာမို့ ရန်ကုန်ပြည်သူတွေ အပူဒဏ်ကို ဆိုးရွားစွာခံစားခဲ့ရပါတယ်။

ရန်ကုန်မြို့မှာ စည်ပင်သာယာရေးကော်မတီ ရဲ့ ပန်းခြံပေါင်း ၆၃ ခုရှိပြီး ကစားကွင်းပေါင်း ၁၁၂ ကွင်း ရှိပါတယ်။ အဲဒီပန်းခြံနဲ့ ကစားကွင်းတွေကိုတော့ ရန်ကုန်မြို့တော် ပန်းဥယျာဉ်နဲ့ အားကစားကွင်းများဌာနက စည်းကမ်းချက် ၁၅ ချက်နဲ့ ထိန်းသိမ်းစောင့်ရှောက်ပြီး ပြုစုပျိုးထောင်မှုတွေ ပြုလုပ်နေပါတယ်။ ဒါပေမယ့် အချို့စီမံကိန်းတွေ၊ အထပ်မြင့်အိမ်ရာ အဆောက်အအုံစီမံကိန်းတွေကြောင့် ပန်းခြံနဲ့ ကစားကွင်းတွေ၊ ဥယျာဉ်တွေကို ထိခိုက်ဆုံးရှုံးမှုတွေ ရှိနေတာကို သတိပြုဟန့်တား သင့်တာတော့ အမှန်ပါပဲ။

ဒါ့အပြင် ရန်ကုန်မြို့ရဲ့ လမ်းဆုံအဝိုင်းတွေ၊ တြိဂံကျွန်းတွေ၊ လမ်းအလယ်ကျွန်းတွေ၊ ကားလမ်း ဘေးဝဲယာတွေမှာ သစ်ပင်၊ ပန်းမန်တွေ အမြဲစိမ်းလန်း ရှင်သန်နေအောင် စည်ပင်သာယာရေးက ဆောင်ရွက်နေသလို ပြည်သူတွေကလည်း ဝိုင်းဝန်းထိန်းသိမ်းရမှာ ဖြစ်ပါတယ်။ သက်ဆိုင်ရာ ဆက်စပ်နေတဲ့ဌာနဆိုင်ရာ အဖွဲ့အစည်းတွေဖြစ်တဲ့ လျှပ်စစ်၊ ဆည်မြောင်း၊ သစ်တော၊ ဆက်သွယ်ရေး စတဲ့ ဌာနတွေကလည်း သစ်ပင်မခုတ်သင့်တာတွေ မခုတ်ရအောင် ပူးပေါင်းဆောင်ရွက်သင့်ပါတယ်။

ကားလမ်းတိုးချဲ့မှုကြောင့် လမ်းဘေးသစ်ပင် တွေ ပြိုလဲရတာတွေ၊ ဓာတ်အားကြိုးတွေနဲ့ မလွတ်ကင်းလို့ သစ်ပင်သစ်ကိုင်းတွေ ခုတ်ရတာတွေ၊ ရေမြောင်းတူးတာတွေ၊ ဆက်သွယ်ရေးမြေအောက် လိုင်းတွေ၊ ရေပိုက်လိုင်းတွေကြောင့် ရန်ကုန်မြို့တွင်း မှာ သစ်ပင်ပန်းမန်နဲ့ အရိပ်ရပင်တွေ ထိခိုက်ပျက်စီးမှု ရှိနေပါတယ်။

စိမ်းလန်းတဲ့မြို့တွေအဖြစ်ထိန်းသိမ်း

နိုင်ငံတကာမြို့ ကြီးတွေမှာ အဆောက်အအုံတွေ တည်ဆောက်ရင် အဲဒီအဆောက်အအုံနဲ့ တွဲပြီး ပန်းဥယျာဉ်တွေတွဲပြီး တည်ဆောက်စေတာတွေ၊ ပန်းဥယျာဉ်ငယ်တွေ ထည့်သွင်းဖော်ထုတ်စေတာတွေ၊ တိုက်ခန်းတိုင်းမှာ သစ်ပင်စိုက်ပျိုးမှုကို တစ်ပိုင်တစ်နိုင်ဆောင်ရွက်ဖို့ အစီအမံတွေ၊ ချမှတ်တာတွေ ဆောင်ရွက်စေပြီး စိမ်းလန်းတဲ့ မြို့တွေအဖြစ် ထိန်းသိမ်းမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

နိုင်ငံတကာအချို့ မြို့တွေမှာ အထက်တန်း ကျောင်းသားတွေကို တစ်နှစ်မှာ အပင်ငယ် ၁၀ ပင်စီ စိုက်ပျိုးခိုင်းတာတွေ ဆောင်ရွက်နေသလို ပြုပြင်ထိန်းသိမ်းမှုတွေကိုလည်း အချိန်ရတိုင်း လုပ်ကိုင်စေပါတယ်။ ရန်ကုန်မြို့မှာလည်း အထက်တန်းကျောင်းတွေမှာ စိမ်းလန်းစိုပြည်အောင် သစ်ပင်ပန်းမန်စိုက်ပျိုးမှုကောင်းမွန်တဲ့ ကျောင်းတွေကို ဆုတွေချီးမြှင့်ပြီး ကျောင်းအလိုက် ပတ်ဝန်းကျင်ထိန်းသိမ်းမှု၊ စိမ်းလန်းစိုပြည်မှုကို သတိပြုအလေးထားစိတ်တွေ ဖြစ်ပေါ်အောင် ဆောင်ရွက်စေခြင်း ဖြစ်ပါတယ်။

ရန်ကုန်မြို့ကို စိမ်းလန်းတဲ့ မြို့ကြီးတစ်မြို့ ဖြစ်ဖို့ဆိုရင် မြို့ပြဧရိယာတွေမှာ သစ်ပင်တွေ စိုက်ပျိုးဖို့လိုသလို ထိန်းသိမ်းဖို့လည်း လိုအပ်နေပါတယ်။ ရန်ကုန်မြို့ရဲ့ သစ်ပင်သစ်တော ဧရိယာဟာ လက်ရှိအနေအထားနဲ့ မလျော့ပါးဘဲ တိုးပွားဖို့ လိုအပ်တာမို့ အစိမ်းရောင်မြို့အဖြစ် ရေရှည်ရပ်တည်ဖို့ဆိုတာ အားလုံးဝိုင်းဝန်းထိန်းသိမ်းမှ ရမှာအမှန်ပါပဲ။

မြန်မာ့အလင်း