မန္တလေး၊ ၁၄ ဇွန်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အစိမ်းရောင်ကျေးလက်ဒေသ ဖွံ့ဖြိုးရေး Green Growth သင်တန်းဖွင့်ပွဲ အခမ်းအနားကို Video Conferencing စနစ်ဖြင့် ယနေ့ နံနက် ၉ နာရီခွဲက ကျင်းပသည်။
ရှေးဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင်က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ သင်တန်းဆရာ/ဆရာမများက အစိမ်းရောင်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်း မိတ်ဆက်ခြင်းနှင့် လိုက်နာကျင့်သုံးရမည့် အခြေခံအချက်များ၊ သဘာဝပတ်ဝန်းကျင် ညီညွတ်သော အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်း၊ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုများကို လျှော့ချခြင်း၊ ရေလေလွင့်ဆုံးရှုံးမှုများ လျှော့ချခြင်း၊ ရေအရင်းအမြစ် သစ်တောအရင်းအမြစ်များ ထိန်းသိမ်းခြင်း၊ စွမ်းအင်ရရှိမှုနှင့် အကျိုးရှိစွာအသုံးပြုခြင်း၊ ရိတ်သိမ်းချိန်လွန်နည်းပညာအသုံးချခြင်း၊ လေလွင့်ဆုံးရှုံးမှု လျော့နည်းစေရန် စီမံခြင်း၊ ဓာတုဗေဒသုံးစိုက်ပျိုးရေးပစ္စည်းများ လျှော့ချသုံးစွဲမှု အသိပညာပေးခြင်း၊ အော်ဂဲနစ် သွင်းအားစုများ သုံးစွဲမှုမြှင့်တင်ရေး အသိပညာပေးခြင်း၊ ကောင်းမွန်သောစိုက်ပျိုးရေးကျင့်စဉ် (GAP)၊ မွေးမြူရေးကျင့်စဉ် (GAHP)နှင့် ရေသတ္တဝါမွေးမြူရေးကျင့်စဉ် (GAqP) များအား ဆောင်ရွက်ပေးခြင်း၊ မြေယာပြုပြင်ခြင်းနှင့်မြေဆီလွှာတိုက်စားမှု ကာကွယ်ခြင်း၊ အမှတ်ပေးဆန်းစစ်ခြင်းနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြခြင်း၊ သင်တန်းအနှစ်ချုပ်ခြင်းနှင့်အကြံပြုချက်များ ရယူခြင်း စသည့်သင်ခန်းစာများအား အပြန်အလှန်မေးမြန်းဆွေးနွေးခြင်းပုံစံဖြင့် ပို့ချခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးသန်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းထိုက်ဦးနှင့်ဝန်ထမ်းများ၊ တိုင်းအတွင်းရှိ ခရိုင်(၆)ခရိုင်မှ သင်တန်းသားများ စုစုပေါင်း(၃၀)ဦး သင်တန်းတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရဲအောင်(ကျေးလက်)


