၁။ ၂၀၁၅ခုနှစ်၊ မော်တော်ယာဉ်ဥပဒေပုဒ်မ-၁၈(င)အရ အစိတ်အပိုင်းမမှန်မကန်ပြောင်းလဲ ထားသော Body Coach (ဖောက်စွပ်/ဖြတ်ဆက်) မော်တော်ယာဉ်များကို ဥပဒေနှင့်အညီ မှတ်ပုံတင်ဖျက်သိမ်းပြီး ရဲစခန်းများသို့ အပ်နှံစေခဲ့ပါသည်။ မှတ်ပုံတင်မဲ့ယာဉ်တစ်စီး (သို့မဟုတ်) တစ်စိတ်တစ်ပိုင်းကို အသုံးပြု၍ ဖောက်စွပ်/ဖြတ်ဆက် ပြုလုပ်ထားခြင်းကြောင့် ဥပဒေနှင့်အညီ မလွှဲမရှောင်သာ တားဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ပါသည်။
၂။ ထိုသို့မလွှဲမရှောင်သာ မှတ်ပုံတင်ဖျက်သိမ်းဆောင်ရွက်ခဲ့ရသော်လည်း ယာဉ်ပိုင်ရှင် ပြည်သူများ၏ ဆုံးရှုံးနစ်နာမှုများအတွက် အထိုက်အလျောက် သက်သာခွင့်ရရှိစေရေး၊ ယာဉ် သိမ်းဆည်းခံရသော ပြည်သူအများစုက အစားထိုးယာဉ်တင်သွင်းခွင့် ပုံစံ “ဃ” (စလစ်) ရယူ လိုသည့်ဆန္ဒကိုဖြည့်ဆည်းနိုင်ရေး၊ အစိတ်အပိုင်းမမှန်မကန် ပြောင်းလဲထားသော Body Coach (ဖောက်စွပ်/ဖြတ်ဆက်) ယာဉ်များအားလုံး အပြီးတိုင် ဖျက်သိမ်းနိုင်ရေးတို့ကို ရည်ရွယ်လျက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် (၁-၁၀-၂၀၁၉)ရက်နေ့မှစ၍ အောက်ပါအတိုင်း ဖြေလျှော့ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်-
(က) အစိတ်အပိုင်းမမှန်မကန် Body Cocah ပြောင်းလဲထားကြောင်း စစ်ဆေးတွေ့ရှိရ၍ ရဲစခန်းများတွင် ထိန်းသိမ်းထားသောယာဉ်များနှင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနရုံးများတွင် ထိန်းသိမ်းထားသော ယာဉ်များကို သံရည်ကျိုအပ်နှံစေ၍ ယာဉ်အို/ယာဉ်ဟောင်းအပ် အစားထိုးယာဉ်တင်သွင်းခွင့်ပုံစံ“ဃ” (စလစ်) ထုတ်ပေးသွားပါမည်။
(ခ) အစိတ်အပိုင်းမမှန်မကန် Body Coach ပြောင်းလဲထားကြောင်း စစ်ဆေးတွေ့ရှိရ၍ မှတ်ပုံတင်ဖျက်သိမ်းမိန့် ထုတ်ပြန်ထားပြီးဖြစ်သော်လည်း ယာဉ်ပိုင်ရှင်များက လာရောက် အပ်နှံခြင်းမရှိသေးသည့် ယာဉ်များကိုလည်း သံရည်ကျိုအပ်နှံစေ၍ ယာဉ် အို/ယာဉ်ဟောင်းအပ်အစားထိုးယာဉ်တင်သွင်းခွင့် ပုံစံ “ဃ” (စလစ်) ထုတ်ပေးသွားပါမည်။
(ဂ) ယာဉ်ပိုင်ရှင်များသည် သက်ဆိုင်ရာ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ရုံးများနှင့် ဆက်သွယ်ဆောင်ရွက်သွားရန် ဖြစ်ပါသည်။
၃။ နောင်တွင် အစိတ်အပိုင်းမမှန်မကန်ပြောင်းလဲထားသော Body Cocah ဖောက်စွပ်/ ဖြတ်ဆက်ယာဉ်များကို စစ်ဆေးတွေ့ရှိပါက ချက်ချင်းသံရည်ကျိုအပ်နှံစေ၍ ယာဉ်အို/ယာဉ် ဟောင်းအပ် အစားထိုးယာဉ် တင်သွင်းခွင့် ပုံစံ “ဃ” (စလစ်) ထုတ်ပေးသွားမည် ဖြစ်ပါကြောင်း အသိပေးကြေငြာအပ်ပါသည်။
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန


