ရန်ကင်း ၂၃ မတ်
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၊ မိုးကောင်းစေတီတော်ဝင်းအတွင်းရှိ မြို့နယ်မဟာသာသနာ့ ဗိမာန်တော်ကြီးတွင် အစိုးရဓမ္မာစရိယ စာမေးပွဲနှင့် ပထမပြန်စာမေးပွဲကို ကျင်းပလျက်ရှိရာ စာဖြေသံဃာတော်များနှင့် လူပုဂ္ဂိုလ်များအား ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကျန်းမာရေး စစ်ဆေးပေးခြင်း၊ အပူချိန် တိုင်းတာခြင်းနှင့် လက်သန့်ဆေးများဖြင့် လက်သန့်စင်စေခြင်းများအပြင် ယာယီဆေးခန်း ဖွင့်လှစ်ထားရှိပြီး စာမေးပွဲမဖြေဆိုမီ ကြီးကြပ်ဆရာတော်များ၊ စာဖြေသံဃာတော်များမှ COVID-19 ရောဂါအန္တရာယ် ကင်းဝေးစေရန် အန္တရာယ်ကင်း ပရိတ်တော်များ ရွတ်ဖတ်ပေးခဲ့သည်။
စာမေးပွဲဖြေဆိုရာတွင် ဓမ္မာစရိယစာမေးပွဲအား စာဖြေသံဃာ ၆၀၆ ပါး၊ ပထမပြန်စာမေးပွဲအား စာဖြေသံဃာ ၅၄၇ ပါးနှင့် လူပုဂ္ဂိုလ် ၅၀ ဝင်ရောက်ဖြေဆိုလျက်ရှိရာ စာမေးပွဲကို မတ် ၂၃ ရက်မှ ဧပြီ ၅ ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
လင်းလင်းထွန်း(ပြန်/ဆက်)


