နေပြည်တော် ဖေဖော်ဝါရီ ၉
သောကြာနေ့စကားဝိုင်း (Friday Talk) ၏ အမှတ်စဉ် (၄၅) ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၁)၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက်အမှာစကား ပြောကြားသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက မန္တလေးတိုင်းဒေသကြီးသည် စီးပွားရေးအချက်အခြာကျ သောနေရာ ဖြစ်သဖြင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းကောင်းများ များစွာရှိသော တိုင်းဒေသကြီးဖြစ် ကြောင်း၊ မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များအနက် မန္တလေးတိုင်းဒေသကြီးသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွင် အဆင့်(၅)နေရာနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုတွင် အဆင့် (၂) နေရာတို့၌ ရှိကြောင်း၊ ရင်းနှီးမြှုပ်နှံမှု အခြေခံအဆောက်အဦများ များစွာတည်ရှိသဖြင့် ရင်းနှီးမြှုပ်နှံ မှုနှင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်သောအခွင့်အလမ်းများ များစွာရှိကြောင်း၊ တိုင်းပြည်စီး ပွားဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် အစိုးရဦးဆောင်သောစီးပွားရေးပုံစံ၊ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်သော စီးပွားရေးပုံစံ (PPP)နှင့် ပုဂ္ဂလိက ဦးဆောင်သော စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုပုံစံတို့ဖြင့် ဆောင်ရွက်ရကြောင်း၊ သို့ပါ၍ ဝန်ထမ်းများအနေဖြင့် သိသင့်သိထိုက် သော အကြောင်းအရာများဖြစ်သောကြောင့် စိတ်ပါဝင်စားစွာဖြင့် ပါဝင်ဆွေးနွေးသွားကြစေ လိုကြောင်း တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်အမ်စောမ်ခေါန်က နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့်ပုဂ္ဂလိက ကဏ္ဍ၏ အရေးပါမှုများ၊ ပုဂ္ဂလိကကဏ္ဍ၏ ရင်းနှီးမြှုပ်နှံမှုများနှင့် ပုဂ္ဂလိကကဏ္ဍတိုးတက်ရေးအတွက် အစိုးရမှ အားပေး ဆောင်ရွက်နေမှုများကို အသေးစိတ်ရှင်းလင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးက တစ်ကမ္ဘာလုံးတွင် အသုံးများသည့် စီးပွားရေးပုံစံဖြစ်သော (Public Private Partnership - PPP) နှင့်စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးပြီး တက်ရောက်လာသောဝန်ထမ်းများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် ကျင်းပပြုလုပ်သော တိုင်းရင်းသားရိုးရာ အစားအစာ ပွဲတော်သို့ တက်ရောက်ကာ ဌာနအလိုက်ခင်းကျင်းထားသော တိုင်းရင်းသားရိုးရာ အစားအစာ မဏ္ဍပ်များကို လှည့်လှည်ကြည့်ရှုပြီး ဝန်ထမ်းများနှင့်အတူ ရိုးရာအစားအစာများကို လက်ရည် တစ်ပြေတည်း ပျော်ရွှင်စွာသုံးဆောင်ကြသည်။
အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများ ပျော်ရွှင်စွာပါဝင် ဆင်နွှဲခဲ့ကြကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)