ကျောက်ပန်းတောင်း ၁၂ မတ်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် အစိုးရစက်မှုလက်မှု သိပ္ပံကျောင်းတွင် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ အဆုတ်ရောင်ရောဂါ(ကိုရိုနာဗိုင်းရပ်စ်)နှင့်ပတ်သက်၍ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းရှိ စုဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးမှူး(အဆင့်-၁)ဦးလှဟံက အဆုတ်ရောင် ရောဂါ(2019-nCoV)နှင့်ပတ်သက်၍ ရောဂါကူးစက်နိုင်သည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများ၊ ကာကွယ်နိုင်မည့်နည်းလမ်းများနှင့် လုပ်ဆောင်သင့်သည့် အချက်များ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တရားဝင်ထုတ်ပြန်ထားသည့် သတင်း အချက်အလက်များကိုသာ ယုံကြည်ကြရန် စသည်တို့ကို ရှင်းလင်းပြောကြားပြီး၊ ရောဂါဖြစ်ပွားသော နိုင်ငံများနှင့် ကူးစက်မှု၊ ဖြစ်ပွားမှု၊ သေဆုံးခဲ့မှု အခြေအနေများကို ပရိုဂျက်တာဖြင့် ရှင်းလင်း၍ အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ အစိုးရစက်မှုလက်မှု သိပ္ပံကျောင်း (ကျောက်ပန်းတောင်း) ကျောင်းအုပ်ကြီး ဒေါက်တာသီတာဆွေ၊ ဒုတိယကျောင်းအုပ်ကြီး ဒေါက်တာရီရီမွန်နှင့် ဌာနမှူးများ၊ လက်ထောက်ဌာနမှူးများ၊ ကျောင်းသား ကျောင်းသူများ စုစုပေါင်း(၁၂၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)