ကျောက်ပန်းတောင်း ၁၇ ဇွန်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းတွင် ကျောင်းသားကျောင်းသူများနှင့် ဆရာ/ဆရာမများ ယာဉ်အန္တရာယ်ကင်းဝေးစေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို၊ ယနေ့နံနက် ၉ နာရီခွဲက အဆိုပါကျောင်း စုဝေးခမ်းမတွင် ကျင်းပခဲ့သည်။
အခမ်းအအနားတွင် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း (ကျောက်ပန်းတောင်း) ကျောင်းအုပ်ဆရာမကြီး ဒေါက်တာ ဒေါ်သီတာဆွေက အသိပညာပေးဟောပြောပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားပြီး၊ ကျောင်းသား ကျောင်းသူများ၊ ဆရာ/ဆရာမများအနေဖြင့် ဟောပြောချက်များအပေါ်တွင် လေးလေးစားစား မှတ်သားလိုက်နာသွားကြရန် ပြောကြားသည်။ ဆက်လက်၍ အမှတ်(၉၃)ယာဉ်ထိန်း တပ်ဖွဲ့စိတ်မှ ရဲအုပ်သျှန်အောင်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများဖြစ်သည့် မော်တော်ဆိုင်ကယ်စီးနင်းသူများ လိုက်နာရမည့်စည်းကမ်းများနှင့် သိရှိလိုက်နာရမည့်အချက်များ၊ ယာဉ်မောင်လိုင်စင်အမျိုးအစားများ၊ ယာဉ်စည်းကမ်း/လမ်းစည်းကမ်းဆိုင်ရာ ဥပဒေများနှင့် ယာဉ်ထိခိုက်မှုဖြစ်ပွားလာပါက စောလျှင်စွာဆောင်ရွက်ရမည့်အချက်များ၊ လမ်းစည်းကမ်းဆိုင်ရာအမှတ်အသားများကို ပရိုဂျက်တာဖြင့် ရှင်းလင်းဟောပြောသည်။ ယင်းနောက် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များက ယာဉ်စည်းကမ်း/လမ်းစည်းကမ်းအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးကြပြီး၊ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာဒေါ်သီတာဆွေက ရဲအုပ်သျှန်အောင်အား အမှတ်တရ လက်ဆောင် ပစ္စည်းပေးအပ်ကာ၊ အခမ်းအနားကိုရုပ်သိမ်းလိုက်သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ အမှတ်(၉၃)ယာဉ်ထိန်းတပ်ဖွဲ့စိတ်မှ ရဲအုပ်သျှန်အောင်နှင့်တပ်ဖွဲ့ဝင်များ၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း(ကျောက်ပန်းတောင်း) ကျောင်းအုပ်ကြီးဒေါက်တာ ဒေါ်သီတာဆွေနှင့် ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများ စုစုပေါင်းအင်အား ၃၀ဝ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)