နေပြည်တော်၊ သြဂုတ် ၂၃

 

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီမှ ချမှတ်ထားသော မူဝါဒ၊ညွှန်ကြားချက်များနှင့်အညီ  သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနသည် နိုင်ငံတော်တွင် လျှပ်စစ် သုံးယာဉ် (Electric Vehicle ၊ EV) နည်းပညာကဏ္ဍဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယနေ့ နံနက်ပိုင်း၌ အစိုးရစက်မှု လက်မှုသိပ္ပံ(အင်းစိန်)တွင် ကျင်းပသည့် လျှပ်စစ်သုံးယာဉ် ဆိုင်ရာ ပြုပြင်ထိန်းသိမ်းမှုနှင့် ပြစ်ချက်ရှာဖွေနည်း သင်တန်း  (၂/၂၀၂၄) ဆင်းပွဲအခမ်းအနားကို ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

 

ဦးစွာ ဒုတိယဝန်ကြီးက ကမ္ဘာကြီး၏ ရေရှည်တည်တံ့မှုကို ရာသီဥတုဖောက်ပြန် ပြောင်းလဲမှုများ၊ အပူချိန် မြင့်တက်လာမှုများစသော စိန်ခေါ်မှုများ တွေ့ကြုံလာရပြီဖြစ်ရာ ကမ္ဘာ့လေထုလွှာအတွင်းသို့ လူသားများ၏ စွမ်းအင်အသုံးပြုမှုများမှ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုများကို လျှော့ချနိုင်ရေး နိုင်ငံတကာတွင် ၂၀၅၀ ပြည့်နှစ်၌ ကာဗွန် ထုတ်လွှတ်မှု ကင်းစင်ရေးကို ဦးတည်ဆောင်ရွက်လျက် ရှိပါကြောင်း၊ သို့ဖြစ်ရာ မိမိတို့နိုင်ငံတွင်လည်း အခြားနိုင်ငံများ နည်းတူ EV ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးဆောင်ကော်မတီက ၂၀၅၀ ပြည့်နှစ်အထိ မူဝါဒများကို ချမှတ် ဆောင်ရွက်လျက်ရှိပါကြောင်း ။

 

လျှပ်စစ်ကားကို ၁၈၃၂ ခုနှစ်တွင် စတင်တီထွင်ခဲ့ပြီး ၁၈၈၀ ခုနှစ်တွင် လက်တွေ့ကျကျ သုံးစွဲလာခဲ့သော်လည်း ဘက်ထရီနှင့် နည်းပညာဆိုင်ရာ ဖွံ့ဖြိုးမှုများ အားနည်းခဲ့သဖြင့် လျှပ်စစ်ကား သုံးစွဲမှုများ မှေးမှိန်သွားခဲ့ရကြောင်း၊ ယနေ့ခေတ်တွင် ကမ္ဘာ့စွမ်းအင်အကြပ်အတည်း၊ ရုပ်ကြွင်း လောင်စာများ လျော့နည်းရှား ပါးလာမှု၊ စက်သုံးဆီ စျေးနှုန်း များမြင့်တက်လာမှု၊ EV အကျိုးကျေးဇူးများကို သိရှိလာမှုများကြောင့် EV တစ်ခေတ်ဆန်းသစ်လာပြီး နိုင်ငံတကာတွင် EV သုံးစွဲမှုများ တစ်ရှိန်ထိုး မြင့်တက်လာသည်ကို တွေ့ရှိလာရပါကြောင်း၊ သို့ဖြစ်ရာ အခြားနိုင်ငံမှ EV သုံးစွဲသူများ နည်းတူ နိုင်ငံတော်ရှိ ပြည်သူများ EV သုံးစွဲမှုမှ အကျိုးကျေးဇူးများကို ရရှိခံစား ကြစေရေး ဦးဆောင်ကော်မတီ၏ ညွှန်ကြားချက်များနှင့်အညီ ဌာနများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ EV နည်းပညာ သင်တန်းများကို အရည်အသွေး ပြည့်မီစွာ ဖွင့်လှစ်ကာ ကျွမ်းကျင် သူများကို စဥ်ဆက်မပြတ် ပျိုးထောင်ပေး လျက်ရှိကြောင်း၊ သင်တန်းဆင်းများအနေဖြင့် မိမိတို့၏ ဌာနနှင့် လုပ်ငန်းခွင်များတွင် အကျိုးရှိစွာ ပြန်လည် အသုံးချရန်၊ ပြန့်ပွားစေရန်သာမက EV သုံးစွဲသည့် ပြည်သူများ၏ လက်ဝယ်အရောက် နည်းပညာများကို ဆက်လက် ဖြန့်ဝေပေးသွားရန် လိုအပ်ပါကြောင်း တိုက်တွန်း ပြောကြားသည်။  

 

ထို့နောက် အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်) ကျောင်းအုပ်ကြီးက သင်တန်းဆရာများထံ ဂုဏ်ပြုလက်မှတ်များနှင့် သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ပြီး သင်တန်းသားများကိုယ်စား စက်မှုဝန်ကြီးဌာနမှ သင်တန်းသူ တစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။

 

ယင်းသင်တန်းသို့ ဌာနဆိုင်ရာများမှ သင်တန်းသားများနှင့် ပြင်ပ EV Workshop များမှ သင်တန်းသားများပါ တက်ရောက်ခဲ့ပြီး ဩဂုတ် (၅)ရက်မှ (၂၃) ရက်အထိ တစ်ပတ်လျှင် ငါးရက်၊ တစ်ရက်လျှင် ၆ နာရီနှုန်း သင်တန်းချိန် ၉၀ နာရီ ဖြင့် ပို့ချခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)