ကန့်ဘလူ ၂၇ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန အစိုးရ စက်မှုလက်မှုသိပ္ပံ(ကန့်ဘလူ)ကျောင်း၌ ဆရာဆရာမ အဆောင်(အိပ်ဆောင်)နှင့် ကျောင်းသားကျောင်းသူများ အဆောင်(အိပ်ဆောင်)များကို ယခု ဘဏ္ဍာနှစ်တွင် အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအဆောင်များကို အဝေးမှလာရောက်ပညာသင်ပေးမည့် ဆရာဆရာမများ၊ ပညာသင်ယူကြမည့် ကျောင်းသားကျောင်းသူများ နေထိုင်ရေးအဆင်ပြေစေရန်အတွက် ၂၀၁၉ ခုနှစ်(၂၀၁၈-၂၀၁၉ ဘဏ္ဍာ နှစ်) ဇူလိုင်လက စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အပြီးတည်ဆောက်မည်ဖြစ်သည်။အစိုးရစက်မှုလက်မှုသိပ္ပံ(ကန့်ဘလူ) ဆရာဆရာမအဆောင် (၇၈×၉၄)ပေ လေးခန်းတွဲ လေးထပ် အာရ်စီ အဆောက်အအုံကို သိင်္ဃဓနဆောက်လုပ်ရေးကုမ္ပဏီက လည်းကောင်း၊ ကျောင်းသားကျောင်းသူများအဆောင် (၂၁၁×၇၀)ပေ အာရ်စီ နှစ်ထပ်အဆောက်အအုံကို ခန့်မြန်မာခွန်အားသစ် ကုမ္ပဏီကလည်းကောင်း တာဝန်ယူတည်ဆောက်နေခြင်းဖြစ်သည်။
ဆရာဆရာမများအဆောင်မှာ ယနေ့ထိ ၅၅ ရာခိုင်နှုန်းကျော်ပြီးစီးနေပြီး၊ ကျောင်းသားကျောင်းသူများအဆောင်မှာ ၇၀ ရာခိုင်နှုန်းကျော်ပြီးစီးပြီး မြို့နယ် QC(အရည်အသွေးစစ်ဆေးရေး)အဖွဲ့များကလည်း သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီရေးအတွက် ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)