မန္တလေး  ၃၁   ဇန်နဝါရီ

 

မြန်မာနိုင်ငံတွင် လက်ရှိကျင့်သုံးလျက်ရှိသော လွှတ်တော်နှင့် ဥပဒေပြုရေးဆိုင်ရာ ဗဟုသုတများကို တက္ကသိုလ်/ကောလိပ် အသီးသီးရှိ ကျောင်းသား၊ ကျောင်းသူများ သိရှိစေရန် ရည်ရွယ်၍ ဒေသဆိုင်ရာ လွှတ်တော်များ အားပေးကူညီရေးအဖွဲ့ (MCERP)မှ ကြီးမှူး၍ လွှတ်တော်နှင့် ဥပဒေပြုရေးဆိုင်ရာ ဗဟုသုတ မျှဝေဆွေးနွေးပွဲကိုယမန်နေ့ မွန်းလွဲ ၁ နာရီက ချမ်းအေးသာစံမြို့နယ်ရှိ အစိုးရစက်မှုလက်မှု သိပ္ပံ(မန္တလေး) သင်တန်းခန်းမတွင် ကျင်းပပြုလုပ်သည်။

 

ရှေးဦးစွာ ကျောင်းအုပ်ကြီး ဒေါက်တာကျော်ကျော်မြင့်က အဖွင့်အမှာစကားပြောကြားပြီး MCERP ဥက္ကဋ္ဌ  ဦးအောင်လင်းက ဒီမိုကရေစီနှင့် ဥပဒေပြုရေးဆိုင်ရာ ဗဟုသုတများကိုလည်းကောင်း၊ အမှုဆောင် ဒါရိုက်တာ ဦးသိန်းနိုင်က ယနေ့မြန်မာနိုင်ငံတွင် လက်ရှိကျင့်သုံးနေသော လွှတ်တော်များ အကြောင်းအားလည်းကောင်း အသီးသီးဆွေးနွေး၍ တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၏ သိရှိလိုသည်များမေးမြန်းမှုကို  ပြန်လည်ရှင်းလင်းဖြေကြားသည်။

 

ယင်းဆွေးနွေးပွဲသို့ MCERP မှ တာဝန်ရှိသူများ၊ အစိုးရစက်မှုလက်မှုသိပ္ပံ(မန္တလေး)မှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့သည်။

 

အဆိုပါ လွှတ်တော်နှင့် ဥပဒေပြုရေးဆိုင်ရာ ဗဟုသုတမျှဝေဆွေးနွေးပွဲများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ညှိနှိုင်းပူးပေါင်း၍ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်၊ ကရင်ပြည်နယ်များရှိ တက္ကသိုလ်/ကောလိပ်များ၌ ဆောင်ရွက်လျက်ရှိပြီး မန္တလေးတိုင်းဒေသကြီးအတွင်းတွင် တက္ကသိုလ်/ကောလိပ် (၁၀)ခု၌ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

 အောင်စံမောင်