ဖလမ်း၊ ၃ ဇန်နဝါရီ      

 

ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်သည် ပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်၊ ပြည်နယ်စာရင်းစစ်ချုပ် ဦးလာလ်တင်မန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဖလမ်းမြို့၊ ဇာလိုင်ရပ်ကွက်တွင် အစိုးရစက်မှုလက်မှုသိပ္ပံ(ဖလမ်း) တည်ဆောက်မည့် မြေနေရာကို ဇန်နဝါရီ ၃ ရက် နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။

 

ထိုသို့စစ်ဆေးကြည့်ရှုရာတွင် အစိုးရစက်မှုလက်မှုသိပ္ပံ(ဟားခါး) ကျောင်းအုပ်ကြီး ဒေါက်တာ တလွန်းဇထန်က စာသင်ဆောင်ဆောက်လုပ်ရန် လျာထားမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များအား ဖြည့်စွက်မှာကြားခဲ့သည်။ အစိုးရစက်မှုလက်မှုသိပ္ပံ (ဖလမ်း)ကို ဖလမ်းမြို့၊ ဇာလိုင်ရပ်ကွက်ရှိ မြေဧရိယာ (၂၉)ဧကတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း စာသင်ဆောင် (၁၆၂×၃၈)ပေရှိ RCC (၂)ထပ်တိုက် တစ်လုံးကို တင်ဒါရ Aroma Rose ကုမ္ပဏီကလည်းကောင်း၊ ကျောင်းခြံစည်းရိုး ပေ(၄၀၀၀)အရှည် ကာရံခြင်းကို တင်ဒါရ Cherry Par ကုမ္ပဏီတို့ကလည်းကောင်း ဆောင်ရွက်သွားမည်ဖြစ်သည်။

 

အစိုးရစက်မှုလက်မှုသိပ္ပံ(ဖလမ်း)အတွက် နှစ်စဉ် ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်၍ စာသင်ဆောင်၊ အလုပ်ရုံ၊ ဝန်ထမ်းအိမ်ရာ၊ ရေ၊ မီး၊ လမ်းလုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဖွင့်လှစ်နိုင်ရန် ခန့်မှန်းထားကြောင်း အစိုးရစက်မှုလက်မှုသိပ္ပံ(ဟားခါး) ကျောင်းအုပ်ကြီး၏ ပြောပြချက်အရ သိရသည်။

 

ခရိုင် (ပြန်/ဆက်)