ရန်ကုန် ၁၄ မေ

 

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီသည် ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နှင့် Online Video Conferencing စနစ်ဖြင့် ချိတ်ဆက်၍ကိုဗစ်-၁၉ ဆိုင်ရာ လုပ်ငန်းညှိနိုင်း အစည်းအဝေးကို ကျင်းပသည်။

 

ယနေ့ဆွေးနွေးပွဲသို့ အစိုးရကိုယ်စားလှယ်များအဖြစ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ် ချုပ်ကြီး(ငြိမ်း)ခင်ဇော်ဦးနှင့် ကော်မတီဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှ ဒုတိယဥက္ကဋ္ဌ ခွန်မြင့်ထွန်း ဦးဆောင်သည့်ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးသည်။

 

အစည်းအဝေးတွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက အဖွင်အမှာစကား ပြောကြားပြီး NCA-S EAO (၁၀) ဖွဲ့ နှင့် ဆွေးနွေးခဲ့သည့် သဘောတူညီချက် () ချက်ကို အခြေခံ၍ PNLO နှင့် ဆက်လက်ဆွေးနွေးခဲ့ကြသည်။

 

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဒုတိယဥက္ကဋ္ဌ ခွန်မြင့်ထွန်းကဆွေးနွေးတဲ့အချက်ကတော့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကို ကျွန်တော်တို့ဒေသအလိုက် ပူးပေါင်းဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ အဓိကက နည်းပညာပိုင်းဆိုင်ရာ အထောက်အပံ့တွေကို အပြန်အလှန်ညှိနှိုင်းပြီး ပူးပေါင်းဆောင်ရွက်သွားမယ်။ အချို့သော အချက်တွေက Quarantine စင်တာလို ထားရှိရေးကိစ္စတွေ၊ ကျွန်တော်တို့ဒေသထဲမှာ ရှိတဲ့ ကိုဗစ်-၁၉ သံသယရှိသူတွေကို ရှာဖွေဖော်ထုတ်ရာမှာ ပူးပေါင်းဆောင်ရွက်သွားကြဖို့ပါဟုပြောသည်။

 

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် ပတ်သက်၍ မေလ ၁၁ ရက်နေ့က ရှမ်းပြည်နယ်၊ ကျန်းမာရေးဦးစီးဌာနမှူးနှင့် သွားရောက်တွေ့ဆုံ၍ အသေးစိတ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ယနေ့ကျင်းပသည့် အစည်းအဝေးနှင့်ပတ်သက်၍ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေကဒီနေ့ အစိုးရဘက်က ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ခင်ဇော်ဦးတို့ တက်ရောက်တယ်။ ကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးလှမော်ဦးလည်း နေပြည်တော်ကနေ တက်ရောက်ပါတယ်။ ဆွေးနွေးချက်ထဲမှာတွေ့ရတာတော့ PNLO ဒေသရဲ့ အနေအထားအရ ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးအတွက် စစ်ဆေးတဲ့စခန်း   သီးခြားထားတာမရှိဘူး။ ဇုန် () ဇုန်ခွဲပြီး အတတ်နိုင်ဆုံး ဆောင်ရွက်နေတယ်။ နောက်တစ်ခု ယူနီဖောင်းဝတ် လက်နက်ကိုင်ပြီး ဆောင်ရွက်နေတာ မရှိဘူးလို့ ကျွန်တော်တို့ သိရပါတယ်။ PNLO အနေနဲ့ ရှမ်းပြည်နယ် ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးဌာနနဲ့လည်း သွားရောက်တွေ့ဆုံပြီး အတူတူပူးပေါင်း ဆောင်ရွက်နေတယ်လို့လည်း သူတို့ဆီကသိရပါတယ်။ သူတို့ရဲ့ ပူးပေါင်းပြင်ဆင်မှုက အားရစရာ ကောင်းပါတယ်ဟုပြောသည်။

 

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီနှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) တို့သည် ဒေသခံတိုင်းရင်းသားများ၏ အခြေခံ စားဝတ်နေရေးအခြေအနေနှင့် ကိုဗစ်-၁၉ အလွန်ကာလ ပြန်လည်ထူထောင်ရေး အစီအစဉ်များနှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

ဦးလှမောင်ရွှေကဒီနေ့ဆွေးနွေးပွဲမှာ နှစ်ဖက်ယုံကြည်မှုတွေ ပိုရှိလာတယ်။ သူတို့ဒေသတွေမှာ ပြင်ဆင်နေတဲ့လုပ်ငန်းတွေအနေနဲ့ အစိုးရရဲ့ ညှိနှိုင်းရေးကော်မတီဘက်ကနေ ဆောင်ရွက်ပေးနိုင်တဲ့အရာတွေကို ဆွေးနွေးခဲ့တာရှိတဲ့အတွက် ကျွန်တော်တို့ကြားထဲမှာ ကိုဗစ်-၁၉ ပူးပေါင်းဆောင်ရွက်မှုတွေအပြင် ရှေ့လာမယ့် လုပ်ငန်းစဉ်တွေအတွက်လည်း ကောင်းမွန်တဲ့ အနေအထားတစ်ခုလို့ပြောနိုင်ပါတယ်ဟုပြောသည်။

 

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) သည် ပြည်ပမှပြန်လည် ရောက်ရှိလာသည့် ဒေသခံပြည်သူများတွင် ကိုဗစ်-၁၉ လူနာတွေ့ရှိခဲ့ပါက လူနာထားရှိရေးကို ရှမ်းပြည်နယ် ကျန်းမာရေး စီးဦးဌာနနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

PNLO ဒုတိယဥက္ကဋ္ဌ ခွန်မြင့်ထွန်းကပြည်ပကနေ ပြန်ရောက်လာမယ့် ဒေသခံ ပြည်သူတွေအတွက်တော့ ကိုဗစ်-၁၉ သံသယလူနာရှိခဲ့ရင် ဒေသနဲ့ နီးတဲ့နေရာတွေပေါ့။ ဥပမာ-ဆီဆိုင်မြိုနယ်နဲ့နီးရင် ဆီဆိုင်၊ မောက်မယ်မြို့နယ်နဲ့ မောက်မယ်မြို့နယ်ထားဖို့ ဆွေးနွေးထားပါတယ်။ နောက် ရှမ်းပြည်နယ် ကျန်းမာရေးဦးစီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ရှိပါတယ်။ ကိုဗစ်-၁၉ လူနာထားရှိရေးကိစ္စ အသေးစိတ်ကို ကျွန်တော်တို့  ညှိနှိုင်းဆောင်ရွက်မှုရှိပါတယ်။ ကိုဗစ်-၁၉ နဲ့ပတ်သက်ရင် အစိုးရအနေနဲ့ အခုလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ဖို့ ကော်မတီဖွဲ့ပေးတာ ကျွန်တော်တို့အနေနဲ့ ကျေးဇူးတင်ပါတယ်။ ဒီလိုပူးပေါင်းဆောင် ရွက်မှုတွေကနေပြီးတော့မှ ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပိုပြီး အထောက်အကူတွေ ရလာအောင်လို့ နှစ်ဖက်နားလည်မှုတွေ၊ ယုံကြည်မှုတွေရလာအောင် ကျွန်တော်တို့အားလုံးက ကြိုးစားရမှာ ဖြစ်ပါတယ်ဟု ပြောကြားသည်။

 

မေလ (၁၅) ရက်နေ့တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီနှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့၏ ကိုဗစ်-၁၉ ဆိုင်ရာ လုပ်ငန်းညှိနိုင်း အစည်းအဝေးကို ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်း- ရဲခေါင်ညွန့်၊ ဓာတ်ပုံ- ဖိုးထောင်