အစိုးရနှင့် မြန်မာပြည်မြောက်ပိုင်း ခုနှစ်ဖွဲ့တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်မည်ဖြစ်ပြီး တွေ့ဆုံဆွေးနွေးမှုများ ဆက်တိုက်ပြုလုပ်မည်

နေပြည်တော်  ၁၄ ဇူလိုင်

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံတတိယအကြိမ် အစည်းအဝေးဖွင့်ပွဲသို့ တက်ရောက်လာသည့် မြန်မာနိုင်ငံ မြောက်ပိုင်းအဖွဲ့ ခုနှစ်ဖွဲ့တို့သည် နိုင်ငံတော်အစိုးရနှင့် မကြာခင် ပြန်လည်တွေ့ဆုံမည်ဖြစ်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆက်လက်ရှိနေမည်ဖြစ်ကြောင်း ယနေ့ မွန်းလွဲ ၂ နာရီခွဲက Horizon Lake View ဟိုတယ်မှ နေပြည်တော်လေဆိပ်သို့ ပြန်လည်မထွက်ခွာမီ KIO (ကချင်လွတ်မြောက် ရေးအဖွဲ့) ဒုတိယဥက္ကဋ္ဌ(၁) အက်စ်ဂွမ်မော်က ပြောကြားသည်။

KIO ဒုတိယဥက္ကဋ္ဌ အက်စ်ဂွမ်မော်က " ကျွန်တော်တို့ ခုနှစ်ဖွဲ့လုံးပြန်ပါပြီ။ နောက်ပြန်လာနိုင်ဖို့ ကြိုးစားပါမယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်က ဆက်ပြီးရှိမှာပါ။ ဒီဘက် (အစိုးရ၊ တပ်မတော်)ကနေ ပို့လိုက်တဲ့သတင်းတွေ ကျွန်တော်တို့ အကုန်လုံးယူသွားပါပြီ။ သေချာဆွေးနွေးပါမယ်" ဟု ပြောကြားခဲ့သည်။

မြောက်ပိုင်းအဖွဲ့ ခုနှစ်ဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ကြားဝင်ညှိနှိုင်းပေးမှု၊ အစိုးရနှင့် တပ်မတော်တို့၏ ဖိတ်ခေါ်မှုကြောင့် ဇူလိုင် ၉ ရက်နှင့် ၁၀ ရက်က နေပြည်တော်သို့ ရောက်ရှိ၍ ပြည်ထောင်စု ငြိမ်ချမ်းရေးညီလာခံ ၂၁-ရာစုပင်လုံ တတိယ အစည်းအဝေးသို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။

 

UWSA ၏ ကိုယ်စားလှယ်တစ်ဦးဖြစ်သူ အန်းမေက "ငြိမ်းချမ်းရေး ကော်မရှင်က ကျွန်တော်တို့ အဖွဲ့အားလုံးကို တရားဝင် တွေ့ဆုံတယ်ဆိုတော့ ကျွန်တော်တို့ရဲ့  ငြိမ်းချမ်းရေးလမ်းစဉ် ပထမခြေလှမ်းကို ယူလိုက်တယ်လို့ မြင်ပါတယ်။ ပြန်လည် တွေ့ဆုံဖို့က နောက်မှ အချိတ်အဆက်လုပ်ပြီးတွေ့ပါမယ်" ဟုပြောသည်။

နေပြည်တော်သို့ ရောက်ရှိလာသော မြန်မာနိုင်ငံမြောက်ပိုင်းအဖွဲ့ ခုနှစ်ဖွဲ့အား ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော် တို့ကလည်း တရားဝင်သွားရောက်တွေ့ဆုံခဲ့သလို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ကလည်း မြောက်ပိုင်း ခုနှစ်ဖွဲ့အား ဇူလိုင် ၁၁ ရက်နှင့် ၁၂ ရက်တွင် သုံးဖွဲ့၊ လေးဖွဲ့စီခွဲ၍ သီးခြားစီ တွေ့ဆုံခဲ့သည်။

AA ၏ အတွင်းရေးမှူး ဒေါက်တာညိုထွန်းအောင်က "သုံးဖွဲ့ လေးဖွဲ့ ခွဲတွေ့မယ်ဆိုတာကတော့ အစိုးရရဲ့ သဘောပါ။ အခုချိန်ထိတော့ ကျွန်တော်တို့က FPNCC အတိုင်းပဲ ရှိနေပါတယ်။ ဘာပဲဖြစ်ဖြစ် အခုလိုတွေ့ဆုံတာကောင်းတယ်လို့ တစ်ဖွဲ့ခြင်းအနေနဲ့ရော၊ FPNCC အနေနဲ့ရော အကောင်းဘက်က ရှုမြင်ပါတယ်။ ကျွန်တော်အနေနဲ့ ပြောလိုတာက ရခိုင်ပြည်သူလူထုအနေနဲ့ပဲဖြစ်ဖြစ်၊ မြန်မာတစ်နိုင်ငံ လုံးပဲဖြစ်ဖြစ်၊ တစ်ကမ္ဘာလုံးက ဘယ်သူမဆို ငြိမ်းချမ်းရေးကို လိုချင်ပါတယ်။ ကျွန်တော် တို့အနေနဲ့လည်း ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ဖို့ မျှော်လင့်တယ်။ ငြိမ်းချမ်းမှုကို နောက်ထပ် ရှုထောင့်တစ်ခုက ကြည့်မယ်ဆိုရင် ကျွန်တော်တို့ ဘယ်အချိန်မှ ငြိမ်းချမ်းမလဲဆိုရင် မိမိလူမျိုးရဲ့ အခွင့်အရေးကို မိမိကိုယ်တိုင်ရရှိမှ ငြိမ်းချမ်းမယ်။ " ဟုပြောသည်။

AA၊ MNDAA နှင့် TNLA သုံးဖွဲ့ NCA သို့ပါဝင်လာနိုင်ရေးအတွက် ညီလာခံ တတိယ အစည်းအဝေးအပြီးတွင် ညှိနှိုင်းသွားမည် ဖြစ်သော်လည်း KIA၊ UWSA၊ NDAA၊ SSPP တို့နှင့် တန်းတူဆွေးနွေး မည်မဟုတ်ဘဲ ပုံစံတစ်မျိုးဖြင့် ဆွေးနွေးမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဋ္ဌေးကပြောကြားထားပြီး အစိုးရနှင့် မြန်မာပြည် မြောက်ပိုင်းခုနှစ်ဖွဲ့တို့ တရားဝင်တွေ့ဆုံမှု၊ အလွတ်သဘော ဆွေးနွေးမှုများ ဆက်တိုက်ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

သတင်း..ရဲခေါင်ညွန့်၊ ဓါတ်ပုံ..ဖိုးထောင်