ရန်ကုန် ၂၂  ဇွန်

အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (NCA-S EAO) ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ခိုင်မာရေးဆိုင်ရာ အလုပ်အဖွဲ့ အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ ကျင်းပသည်။

 

ယနေ့ကျင်းပသည့် အစည်းအဝေးသို့ အစိုးရကိုယ်စားလှယ်များအဖြစ် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်နှင့် ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပြုံးချို(ခ) ဦးဌေးဝင်းအောင်၊ ငြိမ်းချမ်းရေး ကော်မရှင် အကြံပေးအဖွဲ့ဝင်များဖြစ်ကြသည့် ဦးလှမောင်ရွှေ၊ ဦးမိုးဇော်ဦးနှင့် နိုင်ငံတော်အတိုင်ပင်ခံ ရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့ တက်ရောက်ကြပြီး NCA-S EAO ကိုယ်စားလှယ်များအဖြစ် အပစ်အခတ် ရပ်စဲမှုခိုင်မာရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ခေါင်း ဆောင် ပဒိုစောဆဲဂေ၊ ညှိနှိုင်းရေးမှူးစိုင်းလျန်း၊ ညှိနှိုင်းရေးအဖွဲ့ဝင် များဖြစ်ကြသည့် စဝ်ဆောင်းဟန်၊ ဒေါက်တာရွှေခါးရ်၊ စောတာမလာသော၊ ခွန်အောင်မန်းနှင့် နိုင်ဗညား ချန်းနွန်တို့ တက်ရောက်ကြပြီး ကိုဗစ်-၁၉ကြောင့် အစည်းအဝေးသို့ မတက်ရောက် နိုင်သည့် အဝေးရောက် ကိုယ်စားလှယ်များသည် Online Video Conferencing ဖြင့်တက်ရောက်သည်။

 

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး က အဖွင့်အမှာစကားပြောကြားရာတွင် “အစိုးရနှင့် NCA-S EAO ညှိနှိုင်းရေး ကိုယ်စားလှယ်များသည် လုံခြုံရေးကဏ္ဍနှင့် ပတ်သက်၍ ၂၀၁၈ ခုနှစ်အတွင်းတွင် အလွတ်သဘော  (၃)ကြိမ် တွေ့ဆုံ ဆွေးနွေးထားပြီးဖြစ်ကြောင်း၊ တွေ့ဆုံမှု(၃)ကြိမ်လုံးတွင် လုံခြုံရေးကဏ္ဍနှင့် ပတ်သက်၍ နှစ်ဖက် လက်ခံနိုင်သည့် သဘောထား စုစည်းချက်များရရှိထားပြီး ဖြစ်ပါကြောင်း၊ NCA တွင် အဓိကအပိုင်း (၂)ပိုင်းဖြစ်သည့်  နိုင်ငံရေးဆွေးနွေးမှုအပိုင်းနှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးခိုင်မာရေးအပိုင်း တို့ရှိပြီး NCA လမ်းပြမြေပုံအတိုင်း အပိုင်း (၂)ပိုင်းစလုံး ဟန်ချက်ညီ အကောင်အထည်ဖော်ရန် သဘောတူညီခဲ့ကြပြီးလည်း ဖြစ်ပါကြောင်း။

 

နိုင်ငံရေး ဆွေးနွေးပွဲများကျင်းပရန်၊ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း ကိစ္စရပ်များနှင့် လုပ်ငန်းစဉ်များကိုညှိနှိုင်း ဆွေးနွေးပြီး နှစ်ဖက်သဘောတူညီသည့် ကြိုတင်ဆောင်ရွက်ဖွယ်ရာများ လုပ်ဆောင် ကြမည်ဆိုသည်ကို  NCA တွင် သဘောတူထားပြီး ဖြစ်ပါကြောင်း၊ ထိုသို့ သဘောတူရုံနှင့်မပြီးဘဲ လက်တွေ့ မည်သို့အကောင်အထည် ဖော်ကြမည်ဆိုသည်ကို နှစ်ဖက်ညှိနှိုင်း၍ ဆက်လက်ဆောင်ရွက်ကြရမည် ဖြစ်ပါ ကြောင်း၊  အကြောင်းအမျိုးမျိုးကြောင့် ယခုကဲ့သို့ ဟန်ချက်ညီ ဖော်ဆောင်နိုင်ခြင်း မရှိသည့်အတွက် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့အကြားတွင်  NCA ပါ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးခိုင်မာရေး အပိုင်းတွင်  ကျေကျေလည်လည်မရှိဘဲ မြေပြင်အခက်အခဲများ၊ ထိတွေ့မှုများ ဖြစ်ပေါ်ခဲ့ရခြင်းပင် ဖြစ်ပါကြောင်း၊ ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး ခိုင်မာရေး ဆောင်ရွက်ရာတွင်  ယခုကဲ့သို့ မပြေလည်မှုများ ဖြစ်ပေါ်လာသည်နှင့်အမျှ နိုင်ငံရေးဆွေးနွေးမှုအပိုင်းတွင် သက်ရောက်မှုများ ရှိနေသည်ကိုလည်း ဖြစ်စဉ်များအား  ပြန်လည်ကြည့်ရှု့ပါက  မြင်တွေ့နိုင်ပါကြောင်း၊  နှစ်ဖက်ညှိနှိုင်း၍ မရမှုများလာသည်နှင့်အမျှ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးတွင် သက်ရောက်မှုများ ဖြစ်ပေါ်ခဲ့ရပါကြောင်း။

 

အဆိုပါအကြောင်းတရားများကို ဖြေရှင်းရန်အတွက် တစ်နှစ်ကျော်ကြာ ရပ်ဆိုင်းသွားသည့်  တရားဝင်ညှိနှိုင်း ဆွေးနွေးပွဲများကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလအတွင်း ကျင်းပခဲ့သည့် (၈) ကြိမ်မြောက် JICM အစည်းအဝေးက အစပြု၍ နှစ်ဖက် ညှိနှိုင်းမှုများ ပြန်လည် စတင်ဆောင်ရွက်နိုင်ခဲ့ ပါကြောင်း၊ ကျင်းပပြီးစီးခဲ့သည့် (၈) ကြိမ်မြောက် JICM အစည်းအဝေးတွင် NCA အခန်း(၃) “ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာကိစ္စရပ်များ”၊  NCA အခန်း(၄)  “ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ခိုင်မာအောင် လုပ်ဆောင်ခြင်း”၊  NCA အခန်း(၆) “ကြားကာလအတွင်း ဆောင်ရွက်ရမည့် အစီအစဉ်များ” နှင့် ပတ်သက်၍ NCA ပါ သဘောတူညီချက်များအတိုင်း နှစ်ဖက် ညှိနှိုင်း ဆွေးနွေးရမည့် အချက်များကို ဦးစားပေး လုပ်ငန်းစဉ်အဖြစ်ချမှတ်၍ ဆွေးနွေးအကောင်အထည်ဖော်ရန် သဘောတူခဲ့ကြ ပါ ကြောင်း၊  ယခုလို ဆွေးနွေးမှုများနှင့် အပြိုင် JMC အစည်းအဝေးကို ကျင်းပသွားရန် သဘောတူခဲ့ကြပြီး ဖြစ်ပါကြောင်း။

 

JICM ဆုံးဖြတ်ချက်အမှတ်(၁)ကို ဆက်လက် အကောင်အထည် ဖော်ရန်အတွက် နှစ်ဖက် ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့များသည် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် NRPC ရန်ကုန်၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း၊ ညှိနှိုင်းဆွေးနွေးမည့် ခေါင်းစဉ်များနှင့် ဆွေးနွေးမှု ပုံစံကို နှစ်ဖက် အပြန်အလှန် အဆိုပြုထားပြီးဖြစ်ပါကြောင်း၊  နှစ်ဖက် ကြီးကြီးမားမား သဘော ကွဲလွဲမှု မရှိသည်ကို တွေ့ရပြီး ယနေ့ အစည်းအဝေးတွင် ညှိနှိုင်းအတည်ပြုသွားရန် ရှိပါကြောင်း၊  ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်မှု အကန့်အသတ် များကြောင့် မကျင်းပနိုင်သေးသည့် JMC အစည်းအဝေး ပြန်လည်ကျင်းပရန်လည်း ယနေ့ အစည်းအဝေးတွင်  အတည်ပြုမည် ဖြစ်ပါကြောင်း၊  ထို့ကြောင့် ကာလရှည်ကြာ ရပ်နားထားသည့် JMC လုပ်ငန်းများ ပြန်လည် စတင်လာနိုင်မည် ဖြစ်ပါကြောင်း။

 

ယနေ့ အစည်းအဝေးမှ ရရှိလာမည့် သဘောတူညီချက်များ ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး ခိုင်မာစေရန်အပြင် အနာဂတ် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း လုပ်ငန်းစဉ်များ လုပ်ဆောင်နိုင်ရန်များစွာ အထောက်အကူပြုနိုင်မည်ဆိုသည်ကို ယုံကြည်ပါကြောင်း၊ ၂၀၂၀ အလွန် ဘက်ပေါင်းစုံ အကောင်အထည်ဖော်ရာတွင် နှစ်ဖက် လက်ခံထားသည့် သဘောတူညီချက်များကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ချင်းအလိုက်၊ အစုအဖွဲ့အလိုက် ညှိနှိုင်းပြီး အကောင်အထည်ဖော်မည် ဖြစ်သည့်အတွက် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး လုပ်ငန်းများသည် ယခုထက် ပိုမိုဆောင်ရွက်လာနိုင်မည် ဖြစ်ပါကြောင်း။

 

ယနေ့အစည်းအဝေးကို ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက်နေသည့် ကာလတွင် ကျင်းပရသည့် အတွက် မျက်နှာစုံညီ တက်ရောက်နိုင်သည့်ပုဂ္ဂိုလ်များ ရှိသလိုအဝေးရောက် ပုဂ္ဂိုလ်များ ကလည်း Online မှ တက်ရောက် ဆွေးနွေးကြ မည်ဖြစ်ပါကြောင်း၊  မည်သည့်အကန့်အသတ်၊ အခက်အခဲမျိုးစုံကို ကြုံတွေ့ရသည်ဖြစ်စေ အားလုံးရည်မှန်းထားသည့် ရေရှည် တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးအပေါ် ထားရှိသည့် စိတ်ရင်း စေတနာမှန် သဘောထားကို ရည်ညွှန်း ဖော်ပြကြခြင်းပင် ဖြစ်ပါကြောင်း၊ ယနေ့ကျင်းပသည့် အစည်းအဝေးတွင် နားလည်မှုရှိရှိ ပွင့်ပွင့်လင်းလင်း ဆွေးနွေး ပေးကြရန်နှင့် လက်တွေ့ကျသည့်  သဘောတူညီချက်များ ရယူနိုင်ကြမည်ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။

 

ဆက်လက်၍ အပစ်အခတ်ရပ်စဲမှုခိုင်မာရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ပဒိုစောဆဲဂေက အမှာစကားပြောကြားရာတွင် “ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ် ထိန်းချုပ် ရေးအတွက် အစိုးရအနေနဲ့ သော်လည်းကောင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အနေနဲ့သော်လည်းကောင်း စွမ်းစွမ်းတမံ လုပ်ဆောင်နေကြသည်ကို  တွေ့ရပါကြောင်း၊  ယခုလိုလုပ်ဆောင်နေစဉ်ကာလအတွင်း၌ပင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုကို ရပ်တန့်နေ၍မရကြောင်း၊ ယခု တွေ့ဆုံညှိနှိုင်းမှုများသည် JMC ပါ သဘောတူညီချက်များနှင့်အညီ တစ်ဖက်နှင့်တစ်ဖက် ယုံယုံကြည်ကြည်နှင့် မိမိတို့ မျှော်မှန်းသည့် ပန်းတိုင်ရောက် ရှိရန်အတွက် လိုအပ်ရင် လိုအပ်သလို တစ်ဖွဲ့ချင်းအလိုက်သာမက အစုအဖွဲ့လိုက်ပါ ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း။

 

မိမိတို့၏ အန္တိမပန်းတိုင်သည် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကို ဦးတည်၍ ဆောင်ရွက်နေခြင်းပင် ဖြစ်ပါကြောင်း၊ NCA ပါ သဘောတူညီချက်များနှင့်အညီ အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်ကို လုပ်ဆောင် ရမည်မှာမိမိတို့တာဝန်ဖြစ်ပါကြောင်း၊ မိမိတို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့် ရေရှည်တည်တံ့ ခိုင်မြဲသည့် ငြိမ်းချမ်းရေးကို ဖော်ဆောင်ရန်အတွက် အားသွန်ခွန်စိုက်ကြိုးစား အားထုတ်နေပြီး အပစ်ခတ် ရပ်စဲရေးခိုင်မာစေရေး ဆောင်ရွက်ဖို့ ဆက်လက်အကောင်အထည် ဖော်ရမည် ဖြစ်ပါကြောင်း။

 

NCA စာချုပ်အကောင်အထည်ဖော်မှု ညှိနှိုင်းဆောင်ရွက်နေသည့် ကာလတွင် ပဋိပက္ခများ ဖြစ်ပေါ်နေခြင်းသည် အလွန်စိတ်မကောင်းစရာဖြစ်ပါကြောင်း၊ အဆိုပါ ကိစ္စများကို ညှိညှိနှိုင်းနှိုင်း ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ (၈) ကြိမ်မြောက် JICM အစည်အဝေး ဆုံးဖြတ်ချက် အမှတ် (၁) အရ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း များအနေနှင့် အစိုးရနှင့် သော်လည်းကောင်း၊ တပ်မတော်နှင့် သော်လည်းကောင်း၊ စုပေါင်း၍သော်လည်းကောင်း ၊ တစ်ဖွဲ့ချင်း၊ အစုအဖွဲ့အလိုက် ဆက်လက်ဆောင်ရွက် သွားရမည် ဖြစ်ပါကြောင်း၊ ယခုလိုညှိနှိုင်းဆောင်ရွက်သည့် နေရာတွင် မိမိတို့ အနေဖြင့် ရေရှည်တည်တံ့ ခိုင်မြဲသည့် ငြိမ်းချမ်းရေးအတွက် မိမိတို့ ဆန္ဒကိုရှေ့တန်းမတင်ဘဲ ပြည်သူအကျိုးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ တာဝန်ပေးချက်အရနိုင်ငံရေး စိတ်ဓာတ်ရှိရှိဖြင့် ဆက်လက်ညှိနှိုင်းဆွေးနွေးကြဖို့ ပြောကြား လိုကြောင်း ပြောကြား သည်။

 

အစိုးရနှင့် NCA-S EAO ယနေ့အစည်းအဝေးတွင် NCA စာချုပ် အခန်း(၃)ပါ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ကိစ္စများနှင့် အခန်း (၄) ပါ ပစ်ခတ်တိုက်မှုရပ်စဲရေး ခိုင်မာအောင်လုပ်ဆောင်ခြင်း ကိစ္စရပ်များ၊ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) အစည်းအဝေး ကျင်းပရေး ကိစ္စရပ်များ၊ သဘောတူညီချက်ရယူခြင်း ကိစ္စရပ်များနှင့် အထွေထွေကိစ္စရပ်များကို ဆွေးနွေခဲ့ကြ ကြောင်း သိရသည်။

 

ယနေ့ကျင်းပသည့် အစည်းအဝေးအပြီး ပဒိုစောဆဲဂေက နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ယနေ့ဆွေးနွေးပွဲအပြီးတွင် NCA အခန်း (၃) ၊ (၄) နှင့် ပတ်သက်၍ ရှေ့ဆက် မည်သို့ဆက်လက် ဆွေးနွေးဆောင်ရွက်မည်ကို နှစ်ဖက်အပြန်အလှန် အချေအတင် ဆွေးနွေးနိုင်ခဲ့ကြကြောင်း၊ အဆိုပါ အချက်များအား JICM တွင် အတည်ပြုရန် လိုအပ်သကဲ့သို့  NCA မူဘောင်ညှိနှိုင်းရေး အဖွဲ့တွင်လည်း ဆက်လက်ညိနှိုင်းရန် ဆွေးနွေးနိုင်ခဲ့ကြောင်း၊ ရလဒ်အနေဖြင့် အပစ်ရပ်ခိုင်မာအောင် ဆောင်ရွက်နိုင်စေရေးကို အခြေခံသည့် အပေါ်တွင် အတူတကွ လက်တွဲ၍ အမှန်တစ်ကယ်ခိုင်မာသည့် အပစ်ရပ်စဲရေးဖြစ်စေရန်နှင့် တိုင်းပြည် ငြိမ်းချမ်းစေရန် ဆက်လက်ညှိနှိုင်းသွားရန် တိုက်တွန်းလိုကြောင်း ထည့်သွင်းပြောကြားသည်။

 

ဆက်လက်၍ ဦးထွန်းထွန်းဦး က  ယနေ့ အစိုးရနှင့် NCA-S EAO အစည်းအဝေး တွင် NCA ပါ  ဆွေးနွေးမည့်အကြောင်းအရာများ၊ ဆွေးနွေးမည့် ပုံစံများကို သဘောတူညီခဲ့ ကြပါကြောင်း၊ အဆိုပါ အချက်များကို NCA အကောင်အထည် ဖော်မှုဆိုင်ရာ မူဘောင်တွင် သဘောတူညီချက် တစ်ချက်အနေဖြင့် ထည့်သွင်းရန် ညှိနှိုင်းနိုင်ခဲ့ကြောင်း၊ JMC အစည်း အဝေးကို ဇူလိုင်လ (၇) ရက်၊ (၈) ရက်နေ့များတွင် ကျင်းပရန် သဘောတူညီခဲ့ကြကြောင်း၊ အစိုးရအနေဖြင့် ညှိနှိုင်း ဆောင်ရွက်ပေးရန် ရှိနေသည်များကို ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ တွေ့ကြုံနေရသည့် အခက်အခဲ များ ပြေလည်နိုင်ရန်အတွက် ဆက်လက် ညှိနှိုင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း နိဂုံးချုပ်အမှာစကားတွင် ထည့်သွင်း ပြောကြား သည်။

 

NCA-S EAO မှ အပစ်အခတ် ရပ်စဲမှုခိုင်မာရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ဝင် ဒေါက်တာရွှေခါးရ်က “ ဒီနေ့ကတော့ အပစ်အခတ်ရပ်စဲရေး ခိုင်မာရေးနဲ့ ပတ်သက်ပြီး တော့ ဆွေးနွေးညှိနှိုင်းတာ ဖြစ်တယ်။ အားလုံးက သိတဲ့အတိုင်းပဲ အကြောင်းအမျိုးမျိုး ကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ရပ်တန့်ခဲ့တယ်။ ဒီကနေ့မှာတော့ NCA အကောင် အထည်ဖော်ရေးဆိုင်ရာမူဘောင် ညှိနှိုင်းဖို့တွေ့ဆုံတယ်။ အပစ်အခတ်ရပ်စဲရေး ခိုင်မာရေး အတွက် NCA စာချုပ်မှာ အခန်း (၃) နဲ့ (၄) ပါတယ်။ အခန်း (၃) နဲ့ (၄) ကို အကောင်အထည်ဖော်ဖို့ ဒီထက်ပိုပြီး ပြည့်စုံအောင်လုပ်ဖို့ ဘယ်လိုပုံစံနဲ့ ဆွေးနွေး မယ်ဆိုတာကို သဘောတူညီမှု ရခဲ့တယ်။ နောက် ဒီနေ့သဘော တူညီချက်တွေကို ဘယ်လိုပုံစံနဲ့ အတည်ပြုချက် ရယူမလဲ။ ပြီးတော့ NCA အကောင်ဖော်ရေးဆိုင်ရာမူဘောင် ထဲမှာ ထည့်ဖို့သဘောတူခဲ့တယ်။ နောက် (၂) နှစ်ကြာနီးပါး ရပ်တန့်ခဲ့တဲ့ JMC-U ကိုလည်း အစည်းအဝေး ခေါ်ယူနိုင်ဖို့အတွက် ဆွေးနွေးကြပါတယ်။ ဇူလိုင် (၇) ရက်နဲ့ (၈) ရက်နေ့ တွေမှာ အစည်းအဝေးကျင်းပဖို့ လျာထားပါတယ်။ ဆွေးနွေးမယ့် အပေါ်မှာ မူတည်ပြီး ဘယ်နှစ်ရက် ကျင်းပမယ်ဆိုတာတော့ ပြန်လည် သတ်မှတ်မှာ ဖြစ်ပါတယ်” ဟုပြောသည်။

 

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ၏ (၁၈) ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၈ စက်တင်ဘာ ဒုတိယပတ်တွင် နောက်ဆုံးကျင်းပခဲ့သည်။ 

 

ငြိမ်းချမ်းရေး ကော်မရှင် အကြံပေးအဖွဲ့ဝင်ဦးလှမောင်ရွှေက “ဒီနေ့ အစိုးရ ကိုယ်စားလှယ်အဖွဲ့နဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ (၁၀) ဖွဲ့က ဖွဲ့စည်းပေးထားတဲ့  အပစ်အခတ်ရပ်စဲမှုခိုင်မာရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့နဲ့ ဆွေးနွေးတယ်။ NCA အခန်း (၃) နဲ့ (၄) မှာ ပါဝင်တဲ့ အချက်တွေကို ဆွေးနွေးခဲ့တယ်။ EAO ဘက်က အများစုက online ကနေ ဆွေးနွေးတယ်။ အကြိတ်အနယ်ဆွေးနွေးတယ်။ နောက်ဆုံးမှာတော့ ကောင်းမွန်တဲ့ ဆွေးနွေးချက်တွေ ရရှိခဲ့ပါတယ်။ အဲ့ဒီအထဲမှာ ဝမ်းသာစရာက တစ်နှစ်နဲ့ ၁၀ လကြာ ကျင်းပနိုင်ခြင်းမရှိတဲ့ JMC-U ကို ဇူလိုင် (၇) ရက်နဲ့ (၈) ရက်မှာ ကျင်းပမယ်ဆိုတော့  ဝမ်းသာစရာကောင်းတယ်။ မနက်ဖန် အစိုးရ (၉) ဦးကိုယ်စားလှယ်အဖွဲ့နဲ့ EAO က (၁၄) ဦးပါတဲ့ NCA အကောင်အထည်ဖော် အလုပ်အဖွဲ့တို့ ဆက် ဆွေးနွေးပါမယ်။ ဒါတွေက လည်း အောင်မြင်မယ်လို့ ယူဆတယ်။ ဒါကြောင့် ညီလာခံကို ဩဂုတ်လလောက်မှာ ကျင်းပနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟုပြောသည်။

 

ယနေ့အစည်းအဝေးတွင် NCA ပါ ဆွေးနွေးမည့်အကြောင်းအရာများနှင့် ဆွေးနွေးမည့် ပုံစံများကို သဘောတူညီမှု ရရှိခဲ့ကြပြီး အဆိုပါ ဆွေးနွေးမည့်အကြောင်း အရာများနှင့် ဆွေးနွေးမည့် ပုံစံများနှင့်စပ်လျဉ်း၍ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင် သဘောတူညီချက်တွင် အချက်တစ်ချက်အဖြစ် ထည့်သွင်းရန်၊ JICM အစည်းအဝေးသို့ တင်ပြအတည်ပြုချက် ရယူရန်နှင့် JMC-U အစည်းအဝေးကို ဇူလိုင်လ (၇) ရက်နှင့် (၈) ရက် တို့တွင် ကျင်းပသွားရန် သဘောတူညီခဲ့ကြသည်။

သတင်း..ရဲခေါင်ညွန့်၊ ဓာတ်ပုံ..ဖိုးထောင်