နေပြည်တော် ၂၅ နိုဝင်ဘာ
ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနအောက်ရှိ အစိုးရနည်းပညာ အထက်တန်းကျောင်း (နေပြည်တော်) ၏ ပထမအကြိမ် အောင်လက်မှတ် အပ်နှင်းခြင်း အခမ်းအနားကို နိုဝင်ဘာ ၂၅ ရက် နံနက် ၉ နာရီက အဆိုပါကျောင်းခန်းမ၌ကျင်းပခဲ့သည်။
အဆိုပါ အောင်လက်မှတ် အပ်နှင်းပွဲသည် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် ပထမနှစ်အဖြစ် စတင်သင်ကြားခဲ့သည့် ကျောင်းသား ကျောင်းသူများဖြစ်ပြီး အောင်လက်မှတ်ယူရန် တက်ရောက်ခဲ့သည့် ကျောင်းသား ကျောင်းသူ ဦးရေမှာမူ ၆၈ ဦးဖြစ်ကာ ၃၁ ဦး အဝေးရောက် အောင်လက်မှတ် ရယူခဲ့သဖြင့် စုစုပေါင်း ၉၉ ဦး အောင်မြင်ခဲ့ကြောင်း၊ ထို့အပြင် အထူးအောင်မြင်ပြီး အစိုးရစက်မှုလက်မှု သိပ္ပံကျောင်းသို့ တက်ရောက်ခွင့်ရရှိသည့် ကျောင်းသား ကျောင်းသူ ၄၁ ဦးရှိကြောင်းနှင့် အစိုးရနည်းပညာ အထက်တန်းကျောင်း (နေပြည်တော်)တွင် ယခုလက်ရှိ ဘာသာရပ် ၇ ခုကို စာတွေ့လက်တွေ့ သင်ကြားပေးလျက်ရှိကြောင်း ကျောင်းအုပ်ကြီး ဦးညိုချောထံမှ သိရသည်။
ကိုပေါက် (ဥက္ကာမြေ)