ဘားအံ ၁၀ စက်တင်ဘာ
ကရင်ပြည်နယ်၊ အစိုးရနည်းပညာအထက်တန်းကျောင်း(ဘားအံ)မှ ဖွင့်လှစ်ကာ ADRA Myanmarနှင့် Norad တို့ ကူညီပံ့ပိုးသော သင်တန်း(၅)မျိုးဆင်းပွဲနှင့် ထပ်မံသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ဘားအံ အစိုးရ နည်းပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။
ဦးစွာ ကရင်ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစောချစ်ခင်က အမှာစကားပြောကြားသည်။ ထို့နောက် ADRA Myanmar ၏ Pragram Director နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း(ဘားအံ)မှ ကျောင်းအုပ်ဒေါက်တာ ချိုယုမွန်တို့က သင်တန်းနှင့် ပတ်သက်သည်များအား ရှင်းလင်းပြောကြားခဲ့ကြသည်။
ဆက်လက်၍ အပတ်စဉ်(၁/၂၀၁၉)ကာလတိုသင်တန်းတွင် တက်ရောက်ပြီးစီးခဲ့သော အဆင့်မြင့်စက်ချုပ်၊ အမျိုးသား၊ အမျိုးသမီးဆံပင်ညှပ်အလှပြင်၊ သံဂဟေစတီးဂဟေဆက်ခြင်းအတတ်ပညာ၊ ဟိုတယ်ဝန်ဆောင်မှု၊ အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်းသင်တန်း(၅)မျိုးတွင် စုစုပေါင်း(၁၁၇)ဦး တက်ရောက်အောင်မြင်ခဲ့သဖြင့် သင်တန်းဆင်း အောင်လက်မှတ်နှင့် ထူးချွန်သင်တန်းသား/သူများအား ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ပေးခဲ့ကြသည်။
အဆိုပါ အစိုးရနည်းပညာအထက်တန်းကျောင်း(ဘားအံ)တွင် အပတ်စဉ် (၂/၂၀၁၉)ကာလတိုသင်တန်း (၅)မျိုးကို သင်တန်းသား/သူ(၁၂၂)ဦးဖြင့် ဆက်လက်ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်းနှင့် ၂၀၁၄ ခုနှစ်မှ စတင်ကာ သင်တန်းဖွင့်လှစ်ပေးနိုင်မှု(၁၅)ကြိမ်မြောက်ရှိပြီး(၂၂၇၅)ဦးအား မွေးထုတ်ပေးနိုင်ခဲ့ပြီး ဒေသအတွင်း လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်ကာ ကျောင်းပညာဆက်လက်သင်ကြားဖို့ အခက်အခဲသူများ၊ မသန်စွမ်းသူလူငယ်များအတွက် အဓိကအလုပ်အကိုင်အခွင့်အလမ်းရရှိစေရေးအတွက် ရည်ရွယ်ကြောင်း အစိုးရ နည်းပညာ အထက်တန်းကျောင်း(ဘားအံ)ကျောင်းအုပ်ထံမှ သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)


