အစိုးရနည်းပညာအထက်တန်းကျောင်း(မကွေး) တွင် (ကာလတို) အသက်မွေးဝမ်းကျောင်းသင်တန်းများ အခမဲ့သင်ကြားပေးမည်

မကွေး ၁၂ ဒီဇင်ဘာ

မကွေးတိုင်းဒေသကြီး၊မကွေးမြို့၊နည်းပညာသက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရနည်းပညာအထက်တန်းကျောင်း (မကွေး)တွင် ၂၀၁၇ခုနှစ် ဒီဇင်ဘာလ ၁၅ရက်မှ စတင်၍ (ကာလတို) အသက်မွေးဝမ်းကျောင်းသင်တန်းများကို အခမဲ့ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းများတွင် ပညာအရည်အချင်း (၄)တန်း အောင်မြင်သူများအတွက် ဆိုင်ကယ်ပြင်သင်တန်းအပတ်စဉ် (၃)၊ ပန်းရံသင်တန်းအပတ်စဉ်(၁)၊ Basic electronics သင်တန်းအပတ်စဉ်(၁)၊ ဂဟေဆက်သင်တန်းအပတ်စဉ်(၃)၊ ပညာအရည်အချင်း (၈)တန်းအောင်မြင်သူများအတွက် အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်းနှင့်ပြုပြင်ထိန်းသိမ်းခြင်း သင်တန်း အပတ်စဉ်(၃)၊computer basic သင်တန်း အပတ်စဉ်(၅)၊ပညာအရည်အချင်း (၁၀)တန်းအောင်မြင်သူများအတွက် English speakingသင်တန်း အပတ်စဉ်(၁) အစရှိသည့်သင်တန်းများပါဝင်မည်ဖြစ်သည်။

"အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေကို အထောက်အပံ့ဖြစ်စေဖို့ ၂၀၁၅ ခုနှစ် ဇွန်လ ၂၇ ရက်ကစလို့ သင်တန်းအားလုံး ဖွင့်လှစ် သင်ကြားပေးခဲ့တာပါ၊ ဒီတစ်ခါဖွင့်မယ့် ကာလတိုသင်တန်းတွေက အရင်တုန်းကဖွင့်ခဲ့တဲ့ ကာလတို သင်တန်းတွေနဲ့ မတူပဲ ထူးခြားမှုရှိပါတယ်။ အဲဒါကတော့ ခုကျောင်းကပေးတဲ့ Certificate အပြင် သင်တန်းသား၊ သင်တန်းသူတွေထဲက NSSA National Skill Standards Authority (NSSA) အမျိုးသားအဆင့်ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်ပါရရှိအောင် ဖြေဆိုမဲ့သူတွေကို ဖြေဆိုနိုင်အောင် ကြိုတင်လေ့ကျင် ့ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ အင်္ဂလိပ်စကားပြောတတ်ရင် အလုပ်အကိုင်ရဖို့ လွယ်ကူလို့ English speakingသင်တန်း ကို ဒီနှစ်မှာ သင်တန်းအသစ်အနေနဲ့ဖွင့်ပေးထားပါတယ် သင်တန်းသား လျှောက်ထားနိုင်ဖို့ အသက်အရွယ်ကန့်သတ်ချက်မရှိပါဘူး"ဟု အစိုးရနည်းပညာအထက်တန်းကျောင်း (မကွေး)ကျောင်းအုပ်ကြီး ဦးသက်နိုင်မှ ပြောသည်။

ဆိုင်ကယ်ပြင်သင်တန်းတွင် ဆွစ်ဇာလန်နိုင်ငံအခြေစိုက် HELVETAS Myanmar NGO အဖွဲ့အစည်း(မင်းလှ)၏ ထောက်ပံ့ကူညီမှုဖြင့် ဦးမြင့်အောင် ရန်ကုန်ဆိုင်ကယ်ပြင်ဆိုင် (မင်းလှ)တို့ ပူးပေါင်းပါဝင်ပြီး သင်တန်းကာလ (၃) လ ကြာမြင့် မည်ဖြစ်၍ နေထိုင်ဖို့အဆောင် အခမဲ့ စီစဉ်ပေးထားကြောင်း၊ အခြားသင်တန်းများမှာ သင်တန်းကာလ (၁)လ ကြာမြင့် မည်ဖြစ်ကြောင်း၊ ဆိုင်ကယ်ပြင်သင်တန်းမှ သင်တန်းသား (၁၂)ဦး၊ အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း သင်တန်းမှ သင်တန်းသား(၂၁)ဦး၊ computer basic သင်တန်းမှ သင်တန်းသား (၄၈)ဦး၊ ဂဟေဆက်သင်တန်းမှ သင်တန်းသား(၂၄) ဦး မွေးထုတ်ပေးထားခဲ့ပြီး၊ ယခုလက်ရှိ ဆိုင်ကယ်ပြင် သင်တန်းအပတ်စဉ်(၂)တွင် သင်တန်းသား (၁၈)ဦး ပညာသင်ကြားနေဆဲဖြစ်ကြောင်းသိရသည်။အသက်မွေးဝမ်းကျောင်း သင်တန်းများသို့ တက်ရောက်လိုသူများအနေဖြင့် (၁၄-၁၂-၂၀၁၇) ရက်နေ့ နောက်ဆုံးထား၍ အစိုးရနည်းပညာအထက်တန်းကျောင်း(မကွေး)၊ ကျောင်းသားရေးရာဌာနသို့ စာရင်းပေးသွင်း လျှောက်ထားနိုင်ကြောင်း၊ ရပ်ဝေးမှ သင်တန်းတက်ချင်သူများ သင်တန်းသား ဖောင်ထုတ်ယူရန် အခက်အခဲရှိပါက ဖုန်းဖြင့် ကြိုတင်စာရင်းပေးသွင်းထားပြီး သင်တန်းတက်သည့်အခါမှ သင်တန်းသားဖောင်ဖြည့်လျှင်လည်းရကြောင်း သိရသည်။

ဇော်ဇော် (မြို့သစ်)