၁ ဇန်နဝါရီ

 

အစိုးရပိုင် စီးပွားရေးလုပ်ငန်းများ တင်ဒါခေါ်ရာတွင် တရားမျှတစွာ ယှဉ်ပြိုင်ခြင်းမရှိဟုဆိုကာ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်သို့ တိုင်ကြားမှု ယနေ့အချိန်ထိ မရှိသေးကြောင်း မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဒုဥက္ကဋ္ဌ ဦးသန်းမောင် က ပြောသည်။

 

"သူများနိုင်ငံတွေမှာ SOE လို့ခေါ်တဲ့ State Owned Enterprise နဲ့ပတ်သက်ပြီး ပုဂ္ဂလိက တရားစွဲတာတို့ ယှဉ်ပြိုင်မှုကော်မရှင်မှာ တိုင်တာတို့ အများကြီးရှိတယ်၊ သဘောကတော့ ငါတို့သည် SOE မို့လို့ တင်ဒါမခေါ်ဘဲနဲ့ ငါတို့ယူတယ်ကွာ အဲလိုလုပ်လို့မရဘူး၊ ဒါ ဥပဒေသည် အပြည့်အဝ အကောင်အထည် ဖော်လာနိုင်တဲ့အချိန်ကျရင် ဒီအချိန်မှာတော့ ကျွန်တော်တို့က လက်မထောင်ပြီး ငါတို့လုပ်လို့ရပြီကွလို့ သေချာကြီးတော့ မပြောရဲသေးဘူး၊ ဒါပေမယ့် ဥပဒေထဲမှာတော့ ဒီလိုပြဌာန်းထားတယ်၊ ဒီဥပဒေသည် ပြည်ထောင်စု လွှတ်တော်က ပြဌာန်းတာ၊ နိုင်ငံတော်က ပြဌာန်းတာ၊ လုပ်လို့မရဘူး၊ ဒါပေမယ့် အတိုင်းအတာ ဘယ်လောက်ထိ ရှိမလဲဆိုတာတော့ အခုအချိန်ထိတော့ တိုင်စာတစ်ခုမှတော့ တက်မလာသေးဘူး"ဟု ဦးသန်းမောင် က ပြောသည်။

 

လက်ရှိ အစိုးရပိုင် စီးပွားရေးလုပ်ငန်းများ တင်ဒါခေါ်ရာတွင် တရားမျှတစွာ ယှဉ်ပြိုင်ခြင်းမရှိဟုဆိုကာ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ထံသို့ တိုင်ကြားထားသည့်အမှု ယနေ့အချိန်ထိ မရှိသော်လည်း ပုဂ္ဂလိက လုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်အတွင်း တရားမျှတစွာ ယှဉ်ပြိုင်ခြင်းမရှိသည့်အတွက် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ထံသို့ တိုင်ကြားထားသည့်အမှု တစ်နှစ်ကျော်အတွင်း ဆယ်မှုရှိကြောင်း
မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်၏ ရုံးအဖွဲ့တာဝန်များကို တာဝန်ယူဆောင်ရွက်နေသော စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုလေး က ပြောသည်။

 

ဈေးကွက်အတွင်း တရားမျှတစွာ ယှဉ်ပြိုင်ခြင်းမရှိသော စီးပွားရေးလုပ်ငန်းရှင်များကို မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် စတင်ဖွဲ့စည်းသည့် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၃၁ ရက်မှ ယနေ့အချိန်ထိ တစ်နှစ်ကျော်အတွင်း ကော်မရှင်ထံသို့  တိုင်ကြားထားသည့် ဆယ်မှုအနက် လေးမှုကို ဖြေရှင်းဆောင်ရွက်ပေးခဲ့ပြီး ကျန်ရှိသည့် ခြောက်မှုကို ဖြေရှင်းဆောင်ရွက်ရန် လုပ်ဆောင်နေကြောင်း ၎င်းက ဆက်ပြောသည်။

 

လက်ရှိ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်အနေဖြင့် စီးပွားရေးလုပ်ငန်းများ ဈေးကွက်အတွင်း တရားမျှတစွာ ယှဉ်ပြိုင်နိုင်ရေး မြန်မာနိုင်ငံယှဉ်ပြိုင်မှု ဥပဒေအ​ကြောင်းကို ပညာပေးကာလအဖြစ် သတ်မှတ်ထားပြီး  ဆောင်ရွက်လျှက်ရှိကာ ယခုအချိန်ထိ အဆိုပါဥပဒေဖြင့် တရားစွဲဆိုထားခြင်း မရှိသေးကြောင်း မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဒုဥက္ကဌ ဦးသန်းမောင် က ဆက်ပြောသည်။

 

ထို့ပြင် အဆိုပါယှဉ်ပြိုင်မှု ဥပဒေသည် စီးပွားရေးလုပ်ငန်းများအတွက် ချုပ်ခြယ်သည့်ဥပဒေမဟုတ်ဘဲ အကာအကွယ်ပေးသည့် ဥပဒေဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

 

ယှဉ်ပြိုင်မှု ဥပဒေတွင် ယှဉ်ပြိုင်မှုကို ဆန့်ကျင်သော သဘောတူညီချက်များဖြစ်သည့် ဈေးနှုန်းညှိနှိုင်းသတ်မှတ်ခြင်း၊ လေလံ/တင်ဒါ ညှိနှိုင်းရယူခြင်း၊ ထုတ်လုပ်မှု ကန့်သတ်ခြင်း၊ ဈေးကွက်ခွဲဝေရယူခြင်း စသည်တို့ပါဝင်သည့် မတရားညှိနှိုင်းဆောင်ရွက်မှုများ၊ ပြိုင်ဘက်လုပ်ငန်းများအကြား ဈေးနှုန်းကဲ့သို့ အရေးကြီးသတင်းအချက်အလက်များအား လျှို့ဝှက်ဖလှယ်ခြင်း၊ ဈေးကွက်လွှမ်းမိုးမှုကို အလွဲသုံးစား ပြုလုပ်ခြင်း၊ အခြားစီးပွားရေးလုပ်ငန်းများကို ခွဲခြားဆက်ဆံခြင်း၊ အခြားစီးပွားရေးလုပ်ငန်းများကို ကုန်စည်များ ရောင်းချရန်(သို့မဟုတ်) ထောက်ပံပေးရန် ငြင်းဆန်ခြင်း၊ မတရားသောဈေးနှုန်းများ သတ်မှတ်ခြင်း၊ ယှဉ်ပြိုင်မှုကို ဆန့်ကျင်သည့် စီးပွားရေးလုပ်ငန်းများကို ပေါင်းစည်းခြင်း စသည်တို့ကို လုပ်ဆောင်ပါက အရေးယူနိုင်ကြောင်း သိရသည်။

 

ထို့ကြောင့် ဈေးကွက်အတွင်း တရားမျှတစွာ ယှဉ်ပြိုင်မှုမရှိဘဲ ယှဉ်ပြိုင်မှု ဥပဒေပါ တားမြစ်ချက်များကို ဖောက်ဖျက်ပါက ငွေဒဏ် အနိမ့်ဆုံးကျပ်တစ်သိန်းမှ အမြင့်ဆုံး သိန်း (၁၅၀) အထိဖြစ်စေ၊ ထောင်ဒဏ် အနည်းဆုံး () လမှ အများဆုံး () နှစ်အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခြင်း ခံရမည်ဖြစ်ကြောင်း သိရသည်။

 

၂၀၁၅ ခုနှစ်က ပြဌာန်းခဲ့သော မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုဥပဒေတွင် ပါဝင်သည့် လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ကို ပြည်ထောင်စုအစိုးရအဖွဲ့က အမိန့်ကြော်ငြာစာအမှတ် ၁၀၆/ ၂၀၁၈ ဖြင့် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၃၁ ရက်က ဖွဲ့စည်းခဲ့ကြောင်း၊ အဆိုပါ ကော်မရှင်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီးက ကော်မရှင်ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်ရာ ဝန်ကြီးဌာများမှ အဆင့်မြင့်အရာရှိ ငါးဦး၊ ပြင်ပမှ ဥပဒေပညာရှင်နှင့် စီးပွားရေးပညာရှင် ငါးဦးတို့ဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

 

Nyein Nyein