၈ မတ်
ယခုလ (၈) ရက်နေ့တွင် စတင်ရုံတင်ပြသမည့် "ဗျစ်ရည်ဆိုင်စောင့်တဲ့ဘီလူး" ရုပ်ရှင်ဇာတ်ကားကို ယမန်နေ့ နံနက် (၇) နာရီက ရန်ကုန်မြို့၊ အလံပြဘုရားလမ်းရှိ သမ္မတရုပ်ရှင်ရုံတွင် စာနယ်ဇင်း အထူးပွဲပြသခဲ့ကြောင်း သိရသည်။ အဆိုပါ ဇာတ်ကားကို လာဗင်ဒါ ရုပ်ရှင်ထုတ်လုပ်ရေးမှာ ထုတ်လုပ်ရိုက်ကူးပြီး ဇာတ်လမ်း လူရှိန်အောင်၊ ဇာတ်ညွှန်း နေစိုးသော် ရေးသားကာ ဒါရိုက်တာ သြရသ ရိုက်ကူးထားပြီး သရုပ်ဆောင် အကယ်ဒမီ လူမင်း၊ ထွန်းထွန်း၊ ခင်လှိုင်၊ အိချောပို၊ နန်းမြတ်ဖြိုးသင်း၊ မေပန်းချီနှင့် အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားကြောင်း သိရသည်။
"ဒီကားထဲမှာ ကျွန်တော်က "တာနော" ဆိုတဲ့ ဇာတ်ကောင်နေရာကနေ သရုပ်ဆောင်ထားတာပါ၊ သူက ဦးပန်းသီးဆိုတဲ့ "ဗျစ်ရည်ဆိုင်" မှာ လုံခြုံရေး တာဝန်ယူထားတဲ့ သူပေါ့နော်၊ အများက ရွာထဲမှာ သူ့ကို ကြောက်ကြတယ်၊ ဆိုင်မှာ မူးယစ်သောက်စားပြီး ရန်ရှာတဲ့သူတွေဆို ဆုံးမတတ်တဲ့သူ၊ အမှန်တော့ လူတွေသိထားသလို "တာနော" က လူမိုက်မဟုတ်ဘူး၊ လူကြောက် သူကြောက်တာတွေက မမြင်ရတဲ့ သရဲတစ္ဆေတွေကို ပြီးတော့ ကလေးကစားစရာ မြွအေရုပ်လေးတွေ၊ အရမ်းရယ်ရတယ်၊ ပေါကားမဟုတ်ပါဘူး၊ ပရိသတ်အတွက် ဟာသလေးနဲ့ မိသားစု ချစ်ခြင်း မေတ္တာလေးတွေကို ဒီကားမှာတွေရမယ်ဗျာ့၊ ပြီးတော့ ကျွန်တော့်မှာ ညီလေးတွေအတွက် လူမိုက်ဟန်ဆောင်ပြီး နေရတာပေါ့နော်၊ ထွန်းထွန်းနဲ့ခင်လှိုင် အဲ့ကားမှာ သူတို့က စည်သူနဲ့အနိုင် စည်သူက ဆယ်တန်းကို တဖုန်းဖုန်း ကျနေတဲ့သူ၊ အဲ့တော့ တက္ကသိုလ် ကျောင်းသား တစ်ယောက် အဖြစ်နဲ့ "အနိုင်" ကို ဖြစ်စေချင်တယ် ဒါကြောင့်မို့ လူမိုက်ပုံစံနဲ့ ဗျစ်ဆိုင် မှာ အလုပ်လုပ်နေတာရတာပါ၊ ပရိသတ်တွေ ဒီကားရုံတင်ရင် ကြည့်စေချင်တယ်၊ ကြည့်ရတဲ့အခါ အကျိုးရှိစေမယ့် ကားတစ်ကား" ဟု အကယ်ဒမီ လူမင်းက ဆိုသည်။
ယင်းဇာတ်ကားသည် မိသားစုအတွက် အနစ်နာခံသော အစ်ကိုကြီး တစ်ယောက်၏ မေတ္တာတရားကို လေးစားဖွယ် ဖော်ကျူးထားခြင်း၊ ယောကျာ်းလျာ၊ မိန်းမလျာ ဆိုသူတို့မှာ စိတ်၏ လှည့်ဖျားသော သဘောသာဖြစ်၍ အမှန်စင်စစ် သဘာဝကို မလွန်ဆန်နိုင်ကြောင်း ပညာပေးပြသခြင်း၊ အယူအဆ၊အစွဲအလမ်းတို့ကို အစွန်းရောက် ယုံကြည်မှု မထားဘဲ၊ အတွေးအခေါ် အသိဉာဏ်ဖြင့်၊ ဆင်ခြင်နိုင်စေရန်နှင့် စစ်မှန်သည့် မေတ္တာတရားတို့၏ အဆုံးသတ်သည် လှပနိုင်ကြောင်း တို့ကို ဖော်ကျူးရိုက်ကူးထားသော ဇာတ်ကားဟု သိရသည်။
ကိုလင်း