ဆိုရေးရှိက ကျွန်ုပ်တို့ ဆိုကြရမည်ဖြစ်သည်။ လွတ်လပ်ပွင့်လင်းလာသော ဒီမိုကရေစီခေတ်ကာလ၌ တရားမျှတမှု၊ လွတ်လပ်မှု၊ ညီမျှမှု၊ အမှန်တရားတို့အတွက် ပို၍ပင်ဆိုနိုင်ကြ၊ ဆိုလာကြပြီ ဖြစ်သည်။ အရေးတကာအရေးတို့တွင် မိမိတို့အရေးသည် အရေးအကြီးဆုံးဖြစ်သည်ဟု ဆိုနိုင်ပါသည်။ မိမိတို့အရေးထက် မိမိတို့အဖွဲ့အစည်းအရေး၊ မိမိတို့အဖွဲ့အစည်းအရေးထက် မိမိတို့ တိုင်းပြည်အရေးသည် ပို၍ပင်အရေးကြီးသည် မဟုတ်ပါလော။
ထိုအရေးတို့ကို ဆိုကြ၊ ရေးကြရာတွင် တိုင်းပြည်အရေးသည် အရေးတကာ့အရေးတို့တွင် အရေးအကြီးဆုံးအရေးသာ ဖြစ်သည်။ ထိုအရေးကို ဆိုရေးကြရာ၌ အားလုံးတညီတညွတ်တည်း၊ တစည်းတလုံးတည်းဆိုကြ၊ ရေးကြဖို့ လိုမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အားလုံးနှင့် သက်ဆိုင်သော တိုင်းပြည်အရေးဖြစ်နေသောကြောင့်တည်း။
မြန်မာနိုင်ငံသမိုင်းကြောင်းတွင် နယ်ချဲ့လက်အောက်မှ လွတ်မြောက်ရေးကြိုးပမ်းမှုမှာ တိုင်းပြည်အရေးတွင် အရေးအကြီးဆုံး ဖြစ်သည်။ ထိုအရေးအတွက် " အချင်းအမျိုးသားအပေါင်းတို့ မြန်မာနိုင်ငံသည် အသင်တို့၊ ငါတို့ နိုင်ငံ မဟုတ်ပါလော။ အသင်တို့၊ ငါတို့နိုင်ငံကို ချစ်ခင်ကြဖို့အလုပ်မှာ အသင် တို့၊ ငါတို့၏ မဟာဝတ္တရားတော်ကြီး မဟုတ်ပါလော။ မြန်မာနိုင်ငံသည် မြန်မာအဖို့ ဖြစ်စေရမည်။ မမေ့မလျော့ကြကုန်လင့်။ ညီညွတ်ကြကုန်လော့။ အချင်းချင်း ရိုင်းပင်းကြကုန်လော့" ဟူသည့် တို့ဗမာ အစည်းအရုံးကြီး၏ အထင်ကရ မော်ကွန်းတင် ကြေညာစာတမ်းသည် မြန်မာနိုင်ငံအတွက် အစဉ်အဆက် ရှုမြင်ထားရမည့် ညီညွတ်ရေးစာတမ်းဖြစ်သည်။
မြန်မာပြည် တိုင်းတစ်ပါးလက်အောက်မှ လွတ်မြောက်ရေး၊ တိုင်းတစ်ပါးရန်မှ ကာကွယ်ရေးအတွက် ဤညီညွတ်ရေး နှိုးဆော်မှုကို အလေးအနက်ပြုရပေမည်။ မြန်မာတိုင်းရင်းသား အမျိုးသားများနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ တက်လူငယ်များ နိုးကြားစည်းလုံးရေးအတွက် အဘက်ဘက်က ဝိုင်းဝန်းနှိုးဆော် စည်းရုံးပေးကြရမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကြက်ဥအရောင်၊ တိမ်တောင်သဖွယ်၊ မင်းရေးကျယ်သည်' ဟူ၍ လည်းကောင်း၊ 'ပေါက်ပင်လည်းစိမ်း၊ ကျေးလည်းစိမ်း၊ ပေါက်ထဲကျေးနေ၊ သိခဲစေ' ဟူသကဲ့သို့လည်းကောင်း မြန်မာပြည်၏ တိုင်းရေးပြည်ရေးအခြေ အနေတွင် ဂိုဏ်းဂဏ အသင်းအပင်းတို့ အချင်းချင်းကွဲပြား၍ နွားကွဲ ကျားကိုက် ခေတ်အလိုက်ဖြစ်ပျက်ပုံတို့ကို အလုံးစုံသိမြင်ပြီး ယနေ့ မြန်မာ တစ်မျိုးသားလုံး တက်လူကလေးများပါမကျန် မကွဲမပြားတစ်သားတည်း ပေါင်းစည်းမိရေး၌ မြန်မာနိုင်ငံ၏ မျက်မှောက်ကာလ အခြေအနေများကိုလည်း အလားတူ ဆင်ခြင်ရှုမြင်ရမည် ဖြစ်သည်။
လက်ရှိအချိန်အခါတွင် ရခိုင်ပြည်နယ်အရေးကိစ္စကို အကြောင်းပြု၍ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ၏ ဖိအားပေးမှုများ၊ အကျပ်ကိုင်မှုများ၊ တရားစွဲဆိုမှုများ ပေါ်ပေါက်နေရာ ထိုအရေးတို့မှာ မြန်မာနိုင်ငံအဖို့ အရေးတကာ့အရေးတို့တွင် အရေးအကြီးဆုံး အရေးဖြစ်သည်ကို မြန်မာတစ်မျိုးသားလုံး သိမြင်နားလည်သဘောပေါက်ကြပြီး တညီတညွတ်တည်း တပေါင်းတစည်းဖြစ်ကြရန် လိုအပ်နေပြီဖြစ်သည်။ မြန်မာတို့အဖို့ထိုအရေးကို ဖြေရှင်းနိုင်ရေးအတွက် တညီတညွတ်တည်း ဖြစ်ကြောင်း၊ တစ်သဘောတည်းဖြစ်ကြောင်း အဖွဲ့အစည်းအသီးသီး၏ ထုတ်ပြန်ချက်များ၊ လူထုလူတန်းစား အားလုံး၏ ထောက်ခံမှုများ မပြတ်တွေ့မြင်နေရသည်မှာ စည်းလုံးမှုပင် ဖြစ်သည်။
သို့ဖြစ်ရာ အရေးတကာ့အရေးတို့တွင် နိုင်ငံ့အရေးမှာ အရေးအကြီးဆုံးဖြစ်၍ ပြည်ထောင်စု တိုင်းရင်းသား ပြည်သူအချင်းချင်း ကြား၊ အသင်းအဖွဲ့၊ အဖွဲ့အစည်းများကြား စိတ်ဝမ်းမကွဲပြားဘဲ အရေးအကြီးဆုံး အရေးဖြစ်သည့် လက်ငင်းဖြစ်ပေါ်နေသော မြန်မာနိုင်ငံ၏အရေးကို မြန်မာနိုင်ငံသား ပြည်သူလူထုတစ်ရပ်လုံး တညီတညွတ်တည်း လက်တွဲဝန်းရံ ဆောင်ရွက်ပေးကြ ရမည် ဖြစ်ပါကြောင်း။ ။
ကြေးမုံ