အစဉ်အလာကြီးမားသော အင်းလျားဆောင်

mdn

သတင်းဆောင်းပါး - ဝင်းမြအေး

၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်တည်ထောင်ခဲ့သော ရန်ကုန် တက္ကသိုလ်ကြီးသည် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် အနှစ်တစ်ရာတင်းတင်း ပြည့်ခဲ့လေပြီ။

အနှစ်တစ်ရာပြည့် မြကျွန်းညိုညို ရန်ကုန်တက္ကသိုလ်ကြီးသည် ခံ့ညားသော ဘွဲ့နှင်းသဘင်၊ သက်‌တော်ရှည်သစ်ပုပ်ပင်၊ မြင့်မားသော ဂျပ်ဆင်တို့အပြင် ပဲခူးဆောင်၊ ပင်းယဆောင်၊ စစ်ကိုင်းဆောင်၊ အင်းဝဆောင်၊ ဒဂုံဆောင်၊ ရွှေဘိုဆောင်၊ သထုံဆောင်၊ အင်းလျားဆောင်၊ သီရိဆောင်၊ ရတနာဆောင်၊ မာလာဆောင် အဆောင်အသီးသီးတို့နှင့် အတူ အတင့်အတယ် ဂုဏ်ဝင့်ထည်လျက် ရှိပေသည်။

ရန်ကုန်တက္ကသိုလ်နှင့် အင်းလျားဆောင်

၁၉၂၀ ပြည့်နှစ် ရန်ကုန်တက္ကသိုလ် ဖွင့်လှစ်စဉ်က တက္ကသိုလ်ကျောင်းသူများ အတွက် အမျိုးသမီးဆောင်ဟု သီးခြား အဆောင်မရှိသေးပေ။ ၁၉၃၀ မတိုင်မီက တက္ကသိုလ် ကျောင်းသူများသည် Budd Road (ဘဒ်လမ်း) ရှိ ပျဉ်ထောင်အိမ်ကြီး တစ်ဆောင်တွင် ဘော်ဒါအဖြစ် နေကြရသည်။ ထိုစဉ်က အဆောင်ကျောင်းသူ ၃၀ မျှပင် မရှိပေ။ ကျောင်းသွားရန် ဘတ်စ်ကားစီစဉ် ပေးသဖြင့် လွယ်ကူစွာ ကျောင်းတက်ကြရ သည်။

အဆင့်မြင့်ပညာ သင်ကြားလိုသော အမျိုးသမီးများအတွက် ရန်ကုန်ယူနီဗာစီတီ ၏ ပထမဆုံး အမျိုးသမီးဆောင်ကို ၁၉၃၀ ပြည့်နှစ်မှသာ ဆောက်လုပ်ပြီးစီးသည်။ ထို အဆောင်ကို အမည်ပေးရန် အမျိုးမျိုးစဉ်းစား ကြသည်။ ဝိတိုရိယကန်ဟု ခေါ်ခဲ့သော အင်းလျားကန်ကို မျက်နှာမူ၍ တည်ရှိနေသော ကြောင့် ‘အင်းလျားဆောင်’ ဟု အမည်ခေါ်တွင် လာသည်ဟု သိရသည်။ ၁၉၃၁ ခုနှစ် ဇွန်လ တွင် ဖွင့်လှစ်နိုင်ခဲ့သဖြင့် ရန်ကုန်တက္ကသိုလ် ကြီးတွင် အင်းလျားဆောင်ကြီးသည် ပထမ ဆုံးသော အမျိုးသမီးဆောင်အဖြစ် ပေါ်ပေါက် လာခဲ့ပေသည်။ ဤသို့ အစဉ်အလာကြီးမား သော အင်းလျားဆောင်ကြီးသည်လည်း ၂၀၃၁ ခုနှစ်တွင် အနှစ်တစ်ရာပြည့်တော့မည်ဖြစ်ပြီး ပညာရပ်ဆိုင်ရာ နယ်ပယ်အသီးသီးတွင် ထူးချွန်ထက်မြက်သူများကို မွေးထုတ်ပေးရာ အဆောင်ကြီးဖြစ်ပေသည်။

အင်းလျားလမ်းဘက်သို့ မျက်နှာမူနေ သော အင်းလျားဆောင်ကြီးသည် ပတ္တမြား အရောင် လွှမ်းနေသည့် အချိုးကျကျ လှပ တင့်တယ်စွာ တည်ရှိနေသည့် နှစ်ထပ်ဆောင် အဆောင်ကြီးတစ်ခုဖြစ်သည်။ သရက်၊ ပိန္နဲ၊ ဒူးရင်း၊ တညင်း၊ သစ်တို၊ လက်ပံ စသောအပင် ကြီးများ ခြံရံကာ၊ ငှက်ပျော၊ သင်္ဘော၊ မာလကာ၊ ဩဇာစသော အပင်များအပြင် ကံ့ကော်၊ ပိတောက်၊ ယုဇနတို့၏ မွှေးရနံ့က လည်း အစဉ်သင်းပျံ့နေသည်။ နွေရာသီ ရောက်ပြီဆိုလျှင် ဥဩ ဥဩ သံချိုနှောသံ ကြောင့် အလွမ်းဓာတ်ခံရှိ သူတို့အဖို့ လွမ်းစရာ့ မြိုင်ဟုပင် ဆိုလောက်ပါသည်။

အင်းလျားဆောင်ကြီးသည် အဝေးကြည့်၊ အနီးကြည့် လှနေရုံမျှမက အဆောင်တွင်းက လည်း အလှပသာဒနှင့် ပြည့်စုံသည်။ အဆောင်တွင်းရှိ Main Hall ခန်းမဆောင်၊ ကျယ်ဝန်းသောမြက်ခင်းပြင်၊ အတွင်းထောင့် လေးထောင့်ရှိ စိန်ပန်းနှင့် ကုလားပိတောက်တို့ ကလည်း ဘောင်ခတ်၍ အနားသပ်ဘိသို့ ရှိသည်။ အင်းလျားဆောင် ဆင်ဝင်မှ လှမ်းမျှော်ကြည့်လိုက်လျှင် ဖြောင့်တန်းနေ သော လျှောက်လမ်းနှင့် ဘယ်ညာနှစ်ဖက် ဖူးပွင့်ဝေဆာလျက်ရှိသော နှင်းပန်းဖြူဖြူ ချစ်စရာ ပန်းလေးများနှင့် ရောင်စုံပန်းလေးများကလည်းအတွင်းအလှနှင့် ပနံရနေသည်။ နေချင်စဖွယ်၊ နားခို ချင်စဖွယ် ကောင်းလေစွ။

အဆောင်မှူးများ

နယ်ပယ်စုံမှလာကြသော သွက်လက် ထက်မြက်ကြသည့် အင်းလျားဆောင်သူများ သည် အဆောင်မှူး၊ အဆောင်နည်းပြများ၏ မေတ္တာရိပ်ကို ခိုလှုံကာ အဆောင်မှူးများ၏ လမ်းပြမှုကို ခံယူကြသည့် စည်းကမ်းလိုက်နာ တတ်သိလိမ္မာသူလေးများ ဖြစ်သည့်အပြင် စည်းစနစ်ကျကျ ဆောင်ရွက်နိုင်သူများလည်း ဖြစ်ကြသည်။ ၁၉၃၁ ခုနှစ်မှ စတင်ခဲ့သော အင်းလျားဆောင်ကြီးတွင် ပထမဆုံး အဆောင်မှူးမှာ Miss White ဖြစ်သည်။ ကိုလိုနီအငွေ့အသက်ရှိနေဆဲအချိန်ဖြစ်သည်။ ထို့နောက်မှ ဒေါ်အေးရှင်၊ ဒေါ်သိန်းညွန့်၊ ဒေါ်သိန်းဟန်၊ ဒေါက်တာစန်းစန်းဝေ၊ ဒေါ်မြမြဝင်း၊ ဒေါ်နွဲ့ယဉ်၊ ဒေါက်တာ မြတ်မွန်ဦး၊ ဒေါက်တာဝင်းဝင်းသာ၊ ဒေါက်တာ မဉ္ဇူမင်း၊ ဒေါက်တာ ဏီဝင်းဇော်၊ ဒေါက်တာ မြတ်စုလှိုင်တို့က စစ်ကြိုခေတ်မှသည် ယနေ့ တိုင် အစဉ်အဆက် တာဝန်ကျေပွန်စွာ ဦးဆောင်အုပ်ချုပ် စီမံခဲ့ကြသည်။

အင်းလျားဆောင်သီချင်းထဲက

(မြန်မာ့အသံ ဦးငြိမ်းမောင်)

– “နိုင်ငံကြီးတစ်ခုရဲ့ တိုးတက်မှုကိုရှာ၊

အထက်တန်းပညာ သင်ကာတတ် လိုကာ၊

– အနာဂတ်ရေးလည်း မျှော်ကာ၊ ဒို့ အင်းလျားဆောင်ပေါ်မှာ ပျော်ပျော် ပညာရှာ

– အမျိုးသမီးရှေ့ဆောင်များ၊ အင်းလျား သူတွေ အခြေအနေမြှင့်တင်ကာ

– ထွန်းသစ်စ လဝန်းပမာ၊ တက်သစ်စ နေဝန်းပမာ အင်းလျားသူတွေစိတ်မှာ

– ဝိဇ္ဇာ/သိပ္ပံပညာကိုရှာ ဒို့အဆောင်မှူး က ကြီးကြပ်သွန်သင်ကာ”

ဟူသည်နှင့်အညီ အဆောင်ကျောင်းသူ ၃၀၀ ကျော်ရှိသော အင်းလျားဆောင်၏ စားရေး သောက်ရေး၊ နေရေးထိုင်ရေး၊ လူမှုရေး၊ သန့်ရှင်းရေးကအစ အဆောင်နည်းပြ ခြောက်ယောက်နှင့်အတူ စည်းကမ်းတကျ နေထိုင်တတ်စေရန် အစစ တာဝန်ယူ ဆောင်ရွက်ပေးကြရပါသည်။

ကျွန်မသည် ရန်ကုန်တက္ကသိုလ် အင်ကြင်းဆောင်တွင် (၁- ၁- ၁၉၈၆) ၊ အင်း လျားဆောင်တွင် (၈-၈-၁၉၈၆ မှ ၁-၉-၁၉၉၆) (၁၀)နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ရ ပါသည်။ အဆောင်နည်းပြများကလည်း သူ့ဝင်းအလိုက် တာဝန်ယူကြကာ မိသားစု ကြီး တစ်စုပမာ မေတ္တာအပြည့်ထား၍ အတူ လက်တွဲ ဆောင်ရွက်ခဲ့ကြပါသည်။

“ဓာတ်ပုံများက သူ့ခေတ်သမိုင်းကို ‌ပြောပြနေသည်”ဆိုသည်နှင့်အညီ စိန်ရတု ကာလ (၁၉-၆-၁၉၉၅ မှ ၂၅-၆-၁၉၉၅ ရက် နေ့ အထိ) (၇)ရက် ပြသခဲ့သော အင်းလျား ဆောင် ဓာတ်ပုံပြပွဲနှင့် တက္ကသိုလ်ရာပြည့် အကြို အထိမ်းအမှတ်အဖြစ် ပြသခဲ့ပြီး (၆-၉- ၂၀၁၉ မှ ၇- ၉-၂၀၁၉) ရက်နေ့က (၂) ရက် ပြသခဲ့သော ဓာတ်ပုံပြပွဲနှစ်ခုသည် အင်းလျား ဆောင် မျိုးဆက်ဟောင်း၏ အောက်မေ့ဖွယ်၊ အားကျ အတု ယူဖွယ်များ မြင်တွေ့ကြရသည်။ ထို့ပြင် မျိုးဆက်လတ်၊ မျိုးဆက်သစ်များ ပူးပေါင်း ဆောင်ရွက်ပြသခဲ့ကြသည့် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် မျှော်မှန်းချက်၊ အင်းလျား ဆောင်ကြီး၏ ဖြစ်ပျက်သမျှ အတွေ့အကြုံ ၊ ဗဟုသုတအဖုံဖုံတို့မှတစ်ဆင့် ရှေ့ဆောင် လမ်းပြလိုစိတ်၊ အတုယူကြိုးစားလိုစိတ်များဖြစ်ပေါ်လာစေခြင်းသည်ပင် ဓာတ်ပုံပြပွဲကြီး က ပေးလိုက်သော အမြတ်များပင် ဖြစ်သည် ဟု ခံယူပါသည်။

ဓာတ်ပုံပြပွဲမှရလဒ်များ

အင်းလျားဆောင်ကြီး၏ အမျိုးသား နိုင်ငံရေး၊ စာပေနှင့် အနုပညာ၊ ဘာသာရေး၊ အားကစားနှင့် အထွေထွေတို့ကို သိရှိလာကြ သည်။ ထိုခေတ်က ကျောင်းသူများသည် တက်ကြွသည်၊ စိတ်ဓာတ်ကြံ့ခိုင်သည်၊ လုပ်ရည်ကိုင်ရည်ရှိသည်၊ အင်းလျားဆောင်၏ ဂုဏ်သတင်းမွှေးပျံ့ရေးကို အလေးထားသည်။

အင်းလျားမျိုးဆက်ဟောင်းများက စံနမူနာ ကောင်းများကို လက်ဆင့်ကမ်းခဲ့ကြသည်။ ဤသို့သောမျိုးဆက်ဟောင်းတို့၏ ကောင်းမွေ ကို မျိုးဆက်လတ်များ၊ မျိုးဆက်သစ်များ ကလည်း ယူဆောင်နိုင်ကြပြီဖြစ်ကြောင်း ဓာတ်ပုံများက သာဓကပြလျက်ရှိပေသည်။

အမျိုးသားနိုင်ငံရေး

မြန်မာနိုင်ငံ လွတ်လပ်ရေးရရန် ကြိုးပမ်း ရာတွင် အင်းလျားဆောင်သူများ ပါဝင်ခဲ့ သည်။ ၁၉၃၆ ခုနှစ် ဒုတိယအကြိမ် ရန်ကုန် တက္ကသိုလ်ကျောင်းသားသပိတ် ဆင်နွှဲရာ တွင် ပါမောက္ခ ဒေါ်ခင်မြက ရှေ့ဆုံးမှပါဝင်ခဲ့ သည်ကို အသိအမှတ်ပြုသည့် အနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ဒေါ်ခင်မြ၏ အော်တိုစာအုပ်တွင် အမှတ်တရဂုဏ်ပြုလွှာ ရေးသားခဲ့သည်။ ထို့အတူ MA ဒေါ်အုန်း မှာလည်း နယ်ချဲ့ ပညာရေးစနစ်ကို ဆန့်ကျင် သူ၊ ဖက်ဆစ်ဆန့်ကျင်ရေး ပြည့်လွတ်မြောက် ရေး ကြိုးပမ်းသူ၊ အာရှလူငယ်အဖွဲ့ ဒုတိယ ဥက္ကဋ္ဌ၊ တက္ကသိုလ်သမဂ္ဂတွင် အင်းလျား ဆောင် ကိုယ်စားလှယ်ဖြစ်သည်။

လူထုဒေါ်အမာနှင့် ဒေါ်ခင်မြတို့မှာ အမျိုးသားနေ့အစည်းအဝေး တက်ရောက် သူများဖြစ်သည်။ အမျိုးသားနေ့ လှည့်လည် ရာတွင် ရှေ့ဆုံးကနေ၍ အမျိုးသား အလံကိုင် ဆောင်လိုက်သူတို့ကား အင်းလျားဆောင် ကျောင်းသူ သုံးဦး၊ MA ဒေါ်အုန်း၊ ဒေါ်ခင်မြ နှင့် ဒေါ်ခင်သောင်းကြည်တို့ ဖြစ်သည်။ ထို့ပြင် ဒေါ်မမကြီး (ခြင်းကြား)၊ MA ဒေါ်အုန်း၊ လူထုဒေါ်အမာ၊ ပဲခူးဒေါ်ရီရီတို့ စသည်တို့ လည်း မျိုးချစ်စိတ်ဓာတ် ဇာတိမာန် ရှိသူများ ဖြစ်ကြသည်။

စာပေအနုပညာ

အင်းလျားဆောင်မှ နိုင်ငံကျော် စာပေ အနုပညာရှင်များပေါ်ထွန်းခဲ့သည်။ အင်းလျား သူများသည် “အမျိုးသမီးဂုဏ်ရောင်မြှင့်တင် ရမည်” “မိမိကိုယ်ပိုင်အရည်အချင်း တစ်ခုခု ဖြင့် လူ့လောကတွင် ရပ်တည်နိုင်ရမည်” ဟူသော စိတ်ဓာတ်ခံယူချက် ရှိကြသည်။ (မျိုးဆက်သစ်များ အားကျလာစေရန် ထူးချွန် ထင်ရှားသူများကို မှတ်တမ်းတင်ခြင်းဖြစ်ပါ သည်။)

စာရေးဆရာ – လူထုဒေါ်အမာ၊ ဒေါ်ခင်မျိုး

မကြီးများ ချစ်၊ ဒေါ်ကြန်၊ ဒေါ်မြတင် ခြင်းကြား၊ ရှင်နှောင်း၊ ယုဝတီခင်ဦး၊ ကြည်အေး၊ မိုးမိုး (အင်းလျား) စသည်။

ပါမောက္ခ - ဒေါ်သန်းဆွေ၊ ဒေါက်တာ

ကြီးများ ဒေါ်သင်းကြည်၊ MA ဒေါ်အုန်း၊ ဒေါက်တာ ဒေါ်ခင်မြ၊ ဒေါ်ခင်မမ၊ ဒေါက်တာဒေါ်ပို စသည်။

ရွှေတံဆိပ် - ဒေါ်မိမိခိုင်၊ ဒေါ်ခင်မမ၊

ဆုရှင် ဒေါ်ဦးခင်လှ၊ ဒေါ်ခင်စုဌေး၊

ပညာချွန်များ ဒေါ်ယဉ်ယဉ်ကြည် စသည်။

ဆရာဝန်ကြီး – ဒေါက်တာ ဒေါ်နန်းဦး၊

များ ဒေါက်တာ ဒေါ်ရီရီလှ၊ ဒေါက်တာ ဒေါ်မြမြ၊ ဒေါက်တာ ဒေါ်လှလှ၊ ဒေါက်တာ ခင်စိမ်းဝင်း၊ ဒေါက်တာ ခင်ဝင်းရွှေ၊ ဒေါက်တာတင်တင်လင်း စသည်။

တပ်မတော် – ဒေါ်ခင်လှသီ (ကြည်း)၊

အရာရှိများ ဒေါ်ခင်နုနု (ရေ)၊ ဒေါ်ရင်မေ၊

ဒေါ်သန်းမြင့်(လေ)၊ ဒေါ်လှ သန်း (စက်မဲ့လေယာဉ်စီး ဆုရ)စသည်။

ကျောင်းအုပ် – ဒေါ်စောရင်၊ ဒေါ်သန်းလှ၊

ကြီးများ ဒေါ်သိန်းသိန်းတင်၊

ဒေါ်မြင့်သန်း စသည်။

အထွေထွေ - ဒေါ်သန်းဟန် (ညွှန်ချုပ်)၊ ဒေါက်တာ ဒေါ်မြဆွေ (Army) ၊ ဒေါ်စိန်စိန် (မော်ကွန်းထိန်း)။

မယ် – ဒေါ်ကြည်ကြည်လှ၊ ဒေါ်ခင်

တက္ကသိုလ် စန်းရီ (ဒေါ်မေစီခ) ၊

များ ဒေါက်တာ ခင်လေးကြီး၊ ဒေါက်တာ ခင်လေးငယ်၊ ဒေါ်နုနုရီ စသည်။

(သိရှိသလောက်တင်ပြခြင်းပါ၊ ထူးချွန်သူများ ကျန်နေပါသေးသည်။)

မျိုးဆက်လတ်တို့ ဦးစီးသည့် ဓာတ်ပုံပြပွဲ တွင် ထူးချွန်ထင်ရှားသူများကို ပုံကြီးချဲ့၍ လှလှပပ တင်ပြခဲ့ပါသည်။ အင်းလျား မျိုးဆက်သစ်ထူးချွန်သူများလည်း အများ အပြား တင်ပြထားသည်။

ဦးကျော့မှူး၏ “အင်းလျားဆောင် မျိုးဆက်သစ်” သီချင်းအတိုင်းပင်

“မမ၊ မမ၊ မမတို့က ရှေ့ကသွားခဲ့သလို

ညီမလေးတို့ မျိုးဆက်သစ်တွေ တိမ်း မသွားပါ၊ ဘယ်ကိုညာကို ယိမ်းမသွားပါ

အင်းလျားအစဉ်အလာအတိုင်းပညာရေး၊ လူမှုရေး၊ နိုင်ငံတော်အရေး ရှေ့တန်း ကနေမှာ”နေမည့်သူများ ဖြစ်သည်။

မျိုးဆက်သစ်များ ဖြစ်နေပြီဖြစ်သော အင်းလျားဆောင်သူများမှာ စီးပွားရေး ပညာရှင်၊ ကုမ္ပဏီပိုင်ရှင်၊ ခရီးသွားလုပ်ငန်း ပိုင်ရှင်၊ ရွှေ ငွေ ကျောက်မျက်ရတနာ ဆိုင်ပိုင် ရှင်၊ ဒီဇိုင်းပညာရှင်၊ မီဒီယာလုပ်ငန်း ဦးဆောင် သူများဖြစ်နေကြပါပြီ။ ထို့ပြင် တတ်သိပညာ ရှင်အနေနှင့် နိုင်ငံတကာ အကြံပေးပညာရှင်၊ အထူးအကြံပေးပုဂ္ဂိုလ်၊ ပါမောက္ခချုပ်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခများ စသည်ဖြင့် နေရာအနှံ့ ကောင်းသတင်းမွှေးပျံ့ လျက်ရှိသည်။ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် KBZ Bank ပိုင်ရှင် ဒေါ်နန်းသန်းထွေးတို့မှာလည်း အင်းလျား ဆောင် ကျောင်းသူဟောင်းများပင်ဖြစ်သည်။

အင်းလျားဆောင်၏ ဗီရို ၁၀ လုံးနှင့် စုဆောင်းထားရှိသော အင်္ဂလိပ် မြန်မာစာအုပ် များ၊ မဂ္ဂဇင်းဝတ္ထုကို ဖတ်မှတ်လေ့လာရာ စာပေဘဏ်တိုက် စာကြည့်တိုက်သည် လည်း သုတအကြားအမြင် တိုးပွားစေသည့် အထောက်အပံ့ကောင်းပင် ဖြစ်သည်။ အင်းလျားဆောင်၏ “စာပန်းမဉ္ဇူ” နံရံကပ် စာစောင်သည်လည်း ကဗျာချစ်သူ စာချစ် သူတို့၏ ဝါသနာကို အကောင်အထည်ဖော် ပေးရာ အရည်အသွေးတိုးပေးရာဖြစ်သည်။

ခွဲခြမ်းစိတ်ဖြာ ဆင်ခြင်သုံးသပ် တတ်သော နှုတ်ရည်သွက်လက်ထက်မြက်မှု ကို လေ့ကျင့်ပျိုးထောင်စေသည့် ကျပန်း စကားပြောပြိုင်ပွဲ၊ စကားရည်ပွဲကို ၂၂-၁- ၁၉၈၇ ရက်နေ့က “စာပေသည် ရုပ်ရှင်ထက် ပြည်သူကို ပို၍အကျိုးပြုသည်” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သည်။ ဆရာမကြီး ဒေါ်သီသီထွဋ် က သဘာပတိဖြစ်ပြီး အဆိုရှင် မအမာစိန်၊ မမူမူလွင်၊ မအေးအေးထွေးဖြစ်ပြီး၊ အချေရှင် မမို့မို့၊ မခင်မေသိန်း၊ မခင်ထားဦး တို့ဖြစ် သည်။ သူနိုင်ကိုယ်နိုင် အပြိုင်စကားစစ်ထိုးရာ၊ အဆိုဘက်မှ အနိုင်ရရှိသည်။

ဒုတိယအကြိမ်အဖြစ် ၁-၃-၁၉၈၈ ရက်နေ့က အင်းလျားဆောင် မြက်ခင်းပြင် တွင် ပထမအကြိမ်ကဲ့သို့ပင် ကျင်းပခဲ့ရာ သဘာပတိ ဆရာကြီးဦးဘိုသင်း၊ အကဲဖြတ် များအဖြစ် မြန်မာစာဌာနက ဆရာမကြီးက ဆောင်ရွက်ပေးပါသည်။ သဘာပတိဆရာ ကြီး၏ စကားပြောနည်း၊ အတတ်ပညာဆိုင်ရာ ဗဟုသုတ ဩဝါဒစကားများမှာလည်း မှတ်သားနာယူ၍ မကုန်နိုင်ပါ။ စကားရည် လုပွဲခေါင်းစဉ်မှာ “စတီရီယိုတေးများသည် ပြည်သူအကျိုးပြုတေးများဖြစ်သည်” ဖြစ်၍ ထိုခေတ်က ဂီတကို စိတ်ဝင်စားနေသူများအဖို့ နားထောင်ရန် ပို၍အားသန်နေကြသည်။

အဆိုရှင်တို့မှာ မဟောလျှံဝုန်၊ မအေးအေး ထွေး၊ မသီတာဝင်းတို့ဖြစ်ပြီး အချေရှင်များမှာ မမိုးမိုးသူ၊ မရွှေစင်ဘုန်းနိုင်၊ မမြင့်မြင့်သန်းတို့ ဖြစ်ကြသည်။ ပါမောက္ခချုပ် ဆရာကြီး ဒေါက်တာ ချစ်ဆွေ၊ ဆရာကြီး ဦးဆန်းထွန်းနှင့် ဧည့်သည်တော်များလည်း တက်ရောက်ကြ သည်။ စစ်ကိုင်းဆောင် အဆောင်နည်းပြ ဦးဝင်းမော်နှင့်အဖွဲ့ကလည်း မှတ်တမ်းတင် ပေးကြသဖြင့် ကျေးဇူးတင်ရပါသည်။ အဆိုရှင် အချေရှင်တို့က သီချင်းများကို ဟန်ပန်အမူ အရာ အသံနေ အသံထားနှင့် သရုပ်ဆောင်ကြ ရာ လက်ခုပ်သံ ဘဝဂ်လျှံမျှ အားပေးကြသည်။ အဆိုရှင်ဘက်မှ အနိုင်ရသွားပါသည်။ ဤသို့ ဖြင့် အဆောင်သူအချင်းချင်း ပိုမိုရင်းနှီးမှု၊ စည်းလုံးညီညွတ်မှုရှိစေပြီး လောကအမြင်ကို ပိုမိုဖြန့်ကြက်ပေးစေသော အလေ့အကျင့် ကောင်းများကို ရရှိစေပါသည်။

ရွှေစင်စာစောင် (၁)၊ ရွှေစင်မဂ္ဂဇင်း (၂)(၃)

အင်းလျားမျိုးဆက်ဟောင်းများ (မဂ္ဂဇင်း ကော်မတီ)၏ ကြိုးပမ်းမှုကြောင့် အဆောင်မှူး ဒေါ်အေးရှင်လက်ထက် (၁၉၄၉–၅၀) တွင် ဒုတိယအကြိမ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစောင်ထုတ်ဝေခဲ့သည်။ အင်းလျားသူများသည် စိတ်ထားဖြူစင်ပြီး အပြစ်အနာအဆာကင်းစင်သူများ၊ အဖိုးတန် အလှမယ်များ ဟူသော ရည်ရွယ်ချက် ဖြင့် အတိုင်ပင်ခံစာတည်းဆရာမကြီး ဒေါ်သန်းဆွေ၊ ဆရာမကြီး ဒေါ်ခင်မေတို့ ဦးစီးထုတ်ဝေသည်။ ရွှေစင်မဂ္ဂဇင်း၊ အမှတ် (၂)ကို ၁၉၉၅ ခု ဒီဇင်ဘာလတွင် ခံ့ညားစွာ ထုတ်ဝေခဲ့သည်။

ရွှေစင်မဂ္ဂဇင်း အမှတ်(၂)တွင် ဓာတ်ပုံပြပွဲ၊ ဟောပြောပွဲ၊ သက်ကြီးပူဇော်ပွဲများနှင့် စာပေ လက်ရာများ ပါရှိသည်။ သမိုင်းမှတ်တမ်းဝင် ရွှေစင်မဂ္ဂဇင်းဖြစ်သည်။ အမှတ်(၃) ကိုမူ ရွှေစင်၊ အမှတ်(၃) အင်းလျားဆောင်မဂ္ဂဇင်းဟု သတ်မှတ်ကြပြီး မဂ္ဂဇင်းကော်မတီဖွဲ့စည်းကာ ကဏ္ဍစုံမှ အသီးသီးတာဝန်ယူဆောင်ရွက် လျက်ရှိသည်။ ဤသို့ဖြင့် မျိုးဆက်ဟောင်း တို့၏ အစဉ်အလာကောင်းကို ဆက်လက် အကောင်အထည် ဖော်ခဲ့ကြပါသည်။

ဟောပြောပွဲ

စိန်ရတုကာလက အင်းလျားဆောင် Main Hall ခန်းမတွင် “တက္ကသိုလ် သမိုင်းတွင် အင်းလျားဆောင် ဖြတ်သန်းလာခဲ့သော အခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ကြ သည်။ စစ်ကြိုခေတ်အတွေ့အကြုံကို ဆရာမ ကြီး ဒေါ်အုန်းခင် (၁၉၃၅)၊ ဆရာမကြီး ဒေါ်မြတင် (၁၉၃၄)တို့က လည်းကောင်း၊ လွတ်လပ်ရေးခေတ် အတွေ့အကြုံကို ဒေါ်အုန်းရီ (၁၉၄၇) က လည်းကောင်း၊ လွတ်လပ်ရေးရပြီးခေတ် အတွေ့အကြုံကို မော်ကွန်းထိန်း ဒေါ်စိန်စိန်နှင့် ဒေါက်တာ ဒေါ်ခင်ဝင်းရွှေ (၁၉၅၈)က လည်းကောင်း၊ ဒေါ်မြမြနှင်း (၁၉၆၉–၇၃) က အဆောင်အတွေ့ အကြုံနှင့် မောင်နှမဆောင် ခင်မင်မှုတို့ကို မျိုးဆက်သစ်များအား ဗဟုသုတဖြစ်ဖွယ် လက်ဆင့်ကမ်း ဟောပြောကြသည်။

၂၄ -၂ -၂၀၂၀ ရက်နေ့ ည(၈)နာရီ၊ ဝိဇ္ဇာ ခန်းမ ရန်ကုန်တက္ကသိုလ်တွင် မျိုးဆက်သစ် အင်းလျားဆောင်က ကြီးမှူး၍ စာရေးဆရာမ ကြီးမစန္ဒာက “နှစ်ပေါင်း ၇၀ ကျော်သော အခါ” ခေါင်းစဉ်ဖြင့် အမျိုးကို ချစ်တတ်စေရန် ဟောပြောခဲ့သည်။ စာရေးဆရာ မောင်သာချို ကလည်း “ချစ်တတ်ကြပါစေ” ခေါင်းစဉ်ဖြင့် အသံဟန် မာန်ပါပါ ဟာသနှော၍ ကိုယ်ချင်း စာတရားထားကြရန် ဟောပြောခဲ့သည်။ ရန်ကုန်တက္ကသိုလ် နှစ်တစ်ရာအကြို ဟောပြောပွဲအဖြစ် အင်းလျားက ကျင်းပပေး ခြင်းဖြစ်သည်။

ဂီတအနုပညာ

စစ်ကြိုခေတ် ဂီတပညာရှင်အဆိုကျော် မိုးဒေဝါမလှရွှေ (၁၉၃၉) နှင့် စန္ဒရားတီးသူ အစ်မဖြစ်သူ မသန်းမြင့် (၁၉၃၇)တို့မှာလည်း အင်းလျားဆောင်သူများဖြစ်သည်။ အစ်မကြီး မသိန်းနု (၁၉၃၆)မှာလည်း အကပညာရှင်ဖြစ် သည်။ စန္ဒကိန္ဒရီယိမ်းအပြင် တပင်တိုင်အက မခင်စောလှိုင်နှင့် MA မအုန်းတို့ ကပြကြသည်။ MA ဒေါ်အုန်းသည် ပွဲတိုင်းကျော်ဖြစ်ပြီး ရွှေတိုင်ညွန့်ကိုယ်တိုင် ကကြိုးကကွက် မြိုင်ဆိုင်ရန် သီချင်းဖွဲ့ပေးရသည်။ မခင်လှသီ မှာလည်း စုံနံ့သာရှာပုံတော်မင်းသမီးအဖြစ် သရုပ်ဆောင်ရာတွင် အထူးနာမည်ကြီးသူ ဖြစ်သည်။

ညစာစားပွဲနှင့် ဆုနှင်းသဘင်

ရန်ကုန်တက္ကသိုလ်၊ ကျောင်းဆောင်တိုင်း အနှစ်သက်ဆုံး အပျော်ဆုံးပွဲဖြစ်သည်။ အင်းလျားဆောင်ကျောင်းသူများသည် သိပ္ပံ ချွန်များ၊ ဂုဏ်ထူးတန်းများ၊ ရှားပါးဘာသာရပ် များ၊ ပညာရည်မြင့်မားသူများဖြစ်ကြ၍ ဆုပေးမည်ဆိုလျှင် အနည်းဆုံး ကျောင်းသူ ၂၀၀ ကျော် ပညာရည်ချွန်ဆု ရရှိကြသည်။ ဤပွဲအတွက် အချိန်တစ်လလောက်ယူ၍ ပြင်ဆင်ကြရသည်။ ကျောင်းသူများ၏ ဖျော်ဖြေရေးအစီအစဉ်များလည်း ပါသည်။ ၁၉၈၇ ခုနှစ် dinner ကို မှတ်မှတ်မိမိရှိနေသည်။

ဖျော်ဖြေရေးအနေဖြင့် မြန်မာ့အသံတီးဝိုင်း၊ အဆိုတော် တူးတူးပါဝင်တဲ့ စတီရီယို Aurora တီးဝိုင်းဖျော်ဖြေရေးနှင့် စိုင်းထီးဆိုင်၊ စိုင်းခမ်း လိတ်တို့ ပါဝင်တဲ့ The Wild Ones ဖျော်ဖြေ ရေးတို့ဖြစ်သည်။ ကြွရောက်လာကြသည့် ဧည့်သည်များမှာလည်း မပြန်နိုင်ကြ။ ပီတိ အားရ ရွှင်ပျပျမျက်နှာများဖြင့် အပြုံးပန်း ဝေဆာနေသည်။ မျိုးဆက်ဟောင်းများနှင့် ၁၉၉၄/၉၅ ခုနှစ်က အတူကျင်းပခဲ့ကြသည် ကိုလည်း သတိရနေမိသည်။ အစ်မကြီးများ နှင့်အတူ အင်းလျားဆောင်သီချင်းများ၊ မြကျွန်းညိုညို သီချင်းများကို စုပေါင်း သီဆိုခဲ့ကြသည်။ အထူးသတိရစရာမှာ “မြအင်းလျား” အငြိမ့်ခန်း ပင်ဖြစ်ပါသည်။

မြအင်းလျားအငြိမ့်

“အင်းလျားဆောင်သူတို့၏ ဇွဲ၊ လုံ့လ၊ ဝီရိယ၊ သတ္တိ၊ စည်းလုံးမှု၊ စွမ်းအား ပြသည့် အငြိမ့် ဖြစ်သည်။ ယောက်ျားများနှင့်ရင်ပေါင် တန်းလိုသော မျိုးဆက်ဟောင်း အစ်မကြီး၏ သွေးနှောခဲ့သည်။ အနုပညာကဏ္ဍတွင် မျိုးဆက်သစ်များက အင်းလျား၏ အစဉ် အလာကြီးမားမှုကို ဖော်ညွှန်းပြသဘိသို့ ရှိသည်။

‘မြအင်းလျား’ အငြိမ့်သည် ၁၉၉၅ စိန်ရတုကာလတွင် သုံးကြိမ်ဆက်တိုင် အသုံးတော်ခံပြီး ဖြစ်သည်။ နာမည် ကျော်သည်ထက် ကျော်လာသည်။ ဧည့်သည် တော်များကပင် စောင့်စားကြည့်လိုကြသည်။ ထက်မြက်သူလေးများဖြစ်၍ သင်သမျှတတ် ကြသည်။ လူရွှင်တော်ပိန်ပိန်၊ ကိုဇော်ထူးဦး၊ ကိုဖိုးကံတို့က (၁၉၉၅)တွင် သင်ပေးကြသည်။ မြအင်းလျားအငြိမ့် စတင်သင်ကြားသူများမှာ ဆရာကိုသော်ကနှင့် ဆရာကိုမျိုးဇော်တို့ ဖြစ်ကြသည်။ ၁၉၉၅ ခု မြဝတီ ရုပ်မြင်သံကြား တွင် ရုပ်သံရိုက်ကူးပြီး မြဝတီ ရုပ်မြင်သံကြား မှပင် ထုတ်လွှင့်ခဲ့ဖူးပါသည်။

ထူးခြားဆုံးအငြိမ့်ဖြစ်ရခြင်းမှာ မျိုးဆက် ဟောင်း ဒေါ်ရင်ရင်ကြင် (ဒေါ်နန်စီကြင်) အသက် ၇၀ ကိုယ်တိုင်၊ မင်းသမီးအဖြစ် ပါဝင် တင်ဆက်ထားသောကြောင့် ဖြစ်ပါသည်။ အဆောင်သူ မင်းသမီးနှစ်ယောက်နှင့်အတူ (၁) မယုယုမိုး (ကုန်ထုတ်ဓာတု)၊ (၂) မစောသူ ဇာလှိုင် (ကွန်ပျူတာသိပ္ပံ)၊ မနန်စီကြင်က နောက်ဆုံးထွက် မင်းသမီးဖြစ်၍ အားလုံး အံ့ဩကြရသည်။ မင်းသမီး သုံးလက် ကကြိုး ကကွက်မှာ စည်းဝါးကျနလှပလှသည်။

လူရွှင်တော်တို့ကား အထူးဆိုဖွယ်ရာ မရှိပါချေ။ တကယ့်အမျိုးသားလူရွှင်တော် အလား ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်ကြသည်။ (၃) နှစ်ကခဲ့သော လူရွှင်တော်များကား (၁၉၉၅) မြတ်ထုံး (မိုးသီတာလှိုင်)၊ ဇီဝ (မိုးမိုး ခိုင်)၊ ညှပ်စိ (မရီမာမြင့်)၊ ပေတူး (မမြတ် လင်းလှိုင်)တို့ဖြစ်ကြသည်။ ပထမအကြိမ်တွင် မမီမီချစ် (ကျောက်ဖြူ)၊ မဝါဝါရွှေ (အင်္ဂပူ)၊ မချိုနှင်း (ထားဝယ်)၊ မခင်စောဦး(ပုသိမ်)၊ ဒုတိယအကြိမ်တွင် မခင်စောဦး၊ မမိုးမိုးခိုင်၊ မမိုးသီတာခိုင်၊ မသက်စုစုလှိုင်၊ မအေးအေး မော်၊ မရီမာမြင့် တို့ ဖြစ်သည်။ အင်းလျားပျိုဖြူ များက ‘မြအင်းလျား’ အငြိမ့်ခန်းဖြင့် ဆန်းသစ် ဖျော်ဖြေကြသည်မှာ ချီးကျူးဂုဏ်ယူဖွယ် ကောင်းလေစွ။

၁၉၁၈ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ခမ်းနားထည်ဝါသော ညစာစားပွဲကြီးကို လည်း မျိုးဆက်ဟောင်းများနှင့် စုပေါင်း တင်ဆက်ခဲ့သည်မှာလည်း မမေ့နိုင်ပါ။ Led Board ကြီးဖြင့် (စိန်ရတုပါဝင်ခဲ့သမျှ) အတိတ်၏ပုံရိပ်ကိုလည်း တင်ဆက်ကြပြီး အုပ်စုလိုက် ဓာတ်ပုံများ ရိုက်ကြသည်မှာ ပျော်စရာပါ။

ဘာသာရေး

တက္ကသိုလ်ဓမ္မာရုံ ဆောက်စဉ်က အင်းလျားမျိုးဆက်ဟောင်းများ ပါဝင် လုပ်အားပေးခဲ့ဖူးကြသကဲ့သို့ မျိုးဆက်သစ် များမှာလည်း အလှူငွေထည့်ဝင်ကြပြီး ဓမ္မာရုံ အခမ်းအနားတွင် ပါဝင်ခွင့်ရခဲ့သည်။ အထူး သဖြင့် အင်းလျားဆောင်ကြီးနှင့် လိုက်ဖက် သည့် ဉာဏ်တော် ၁၈'' ရှိ ကြေးဆင်းတုကို ပလ္လင်တကဲတို့နှင့်အတူ ပူဇော်ခဲ့ပါသည်။ ဆရာတော်ဘဒ္ဒန္တဦးဝိစိတ္တသာရဘိဝံသဆရာတော်နှင့် ခုနစ်ဆက်တိုင် ဘုရား အနေကဇာ တင်ပူဇော်ခဲ့ပါသည်။ ၁၉၈၇ ခုနှစ်က အခမ်း အနားတွင် ပညာရေးဝန်ကြီးကိုယ်တိုင် ကြွရောက်ချီးမြှင့်ခဲ့ပါသည်။ စိန်ရတုအကြီးစား ပြင်ဆင်ရာတွင် ဘုရားခန်းကြီးမှာ သပ္ပာယ် သော မှန်လုံဘုရားခန်းကြီးဖြစ်သွားပါသည်။ ဝါဆို၊ ကထိန် အလှူများလည်း ပြုလုပ်လှူဒါန်း ကြပါသည်။ အထူးတင်ပြလိုသည်မှာ ဤ ဘုရားခန်းကြီးတွင် ၂၄ နာရီပဋ္ဌာန်း၊ ၇၂ နာရီ (၃ရက်ကြာ) ပဋ္ဌာန်းပူဇော်ပွဲ ပြုလုပ်ခဲ့ပါသည်။ ရန်ကုန်တက္ကသိုလ်အဆောင်များအားလုံးမှ အလှည့်ကျ လာရောက်ပူဇော်ကြသည်မှာ ကြည်နူးချမ်းမြေ့ဖွယ် ကောင်းလှပေသည်။ ချောင်းဝဆရာတော်ကြီးအား သိက္ခာထပ် ခြင်း၊ သီပေါဆရာတော်၊ ကုံလုံဆရာတော်များ အား ဖူးမြော်ကြခြင်း၊ ညောင်ပင်အိုင် ဆရာ တော်ကြီး ကမ္ဘာအေးသံဃမဟာနာယက ဆရာတော်၊ သဒ္ဓမ္မရံသီဆရာတော်ကြီးများ အား ပင့်ဖိတ်၍ တရားရေအေး တိုက်ကျွေးကြ ခြင်းဖြင့် အမျိုးဘာသာသာသနာ လေးစား သော အင်းလျားသူများဖြစ်ကြောင်း သိနိုင် ပေသည်။

သက်ကြီးပူဇော်ပွဲ

၁၃ - ၈ - ၁၉၉၅ ရက်နေ့ စိန်ရတုကာလက သက်ကြီးပူဇော်ပွဲကို တက္ကသိုလ်များ ဓမ္မာရုံ တွင် မျိုးဆက်ဟောင်းများနှင့်အတူ ကျင်းပ ခဲ့ပါသည်။ အသက် ၇၅ နှစ်အထက်၊ အသက် ၆၀ အထက်၊ အသက် ၆၀ အောက် ဆက်သုံး ဆက် ပူဇော်ပွဲဖြစ်ပါသည်။ သက်ကြီး ၄၂ ဦး အနက် ၂၅ ဦးသာ ကြွရောက်ပါသည်။ ယင်း အခမ်းအနားတွင် ဟင်္သာတရှင်နှောင်းက “ခက်မဆယ်ဖြာ”ချီ အဖြည့်ခံ ရတုဖတ်ကြား ခြင်း၊ ဒေါ်အုန်းရီက ကန်တော့ချိုးကို တိုင်ပေး ခဲ့ပြီး အမေစု (၈၈)နှစ်၊ ဒေါက်တာဒေါ်ခင်မြ (၇၉)နှစ်၊ ဒေါ်သန်းနု (၇၀)နှစ်တို့က ဆုပေး စကားချီးမြှင့်ကြပါသည်။ ငွေ ၃ဝဝဝိ/ ဆေးဝါး များ၊ မုန့်ပုံးများ စသည်ဖြင့် ကန်တော့ကြသည် မှာ စိတ်နှလုံးချမ်းမြေ့ဖွယ်၊ ကြည်ညို လေးစား ဖွယ်၊ အားကျဂုဏ်ယူဖွယ် ကောင်းလှပေသည်။

အားကစား

၁၉၄၇ ခုနှစ်၊ စက်တင်ဘာ ၂ ရက်နေ့က အင်းလျားဆောင် ဒေါ်ခင်မြင့်မြင့်၊ ဒေါ်ရီရီတို့ ဦးဆောင်၍ အမျိုးသမီးကျန်းမာကြံ့ခိုင်ရေးအသင်း တည်ထောင်ပြီး ရန်ပုံငွေရှာခဲ့ကြရင်း သရုပ်ပြခဲ့ကြသည်။ မျိုးဆက်ဟောင်း ဒေါ်မျိုးဆင့် (ကြက်တောင်) မြန်မာ့ လက်ရွေး စင်နှင့် ဒေါ်မြသူဇာ (ပြေးခုန်ပစ်) ရွှေတံဆိပ်ဆု ရှင်တို့ ပေါ်ထွက်ခဲ့သည်။ အင်းလျားမျိုးဆက် သစ်အနေဖြင့် ၁၉၉၆ ဖေဖော်ဝါရီ ၁၃ ရက်က ကျင်းပသော အေရိုးဗစ် အဆောင်လိုက်ပြိုင်ပွဲ တွင် ပထမဆု ဆွတ်ခူးခဲ့သဖြင့် ရေကူး သင်တန်းဆင်းပွဲ၊ ဘောလုံးပြိုင်ပွဲတို့တွင် ပဏာမအနေနှင့် ဖျော်ဖြေခဲ့ကြရပါသည်။ ၄-၁-၁၉၉၆ ရက်နေ့တွင် အဆောင်တွင်း အားကစားပြိုင်ပွဲများ ပျော်ပျော်ပါးပါး ကျင်းပခဲ့သည့်အပြင် တက္ကသိုလ်ပရိဝုဏ် အဓိပတိ လမ်းတစ်ပတ် လမ်းလျှောက်ပြိုင်ပွဲ တွင်လည်း အင်းလျားဆောင် အဆောင်မှူးနှင့် အဆောင် နည်းပြများပါ ပါဝင်ခဲ့ကြသည်။ ၁၉၉၅ တစ်နှစ်လုံးတွင်လည်း ဥက္ကဋ္ဌ ဒေါက်တာဒေါ်မော်မော်ရီနှင့်အဖွဲ့က ကျန်းမာ ကြံ့ခိုင်သင်တန်းများ ပေးခဲ့ပါသည်။

အချုပ်တင်ပြရသော် အစဉ်အလာ ကြီးမားခဲ့သော အင်းလျားဆောင်ကြီးသည် သမိုင်းကြောင်း ကောင်းခဲ့သလို ထင်ရှားခဲ့ သည့် အင်းလျားညီအစ်မများသည် “တေးရေး ကိုမြတ်မင်း၊ တေးဆို တင်ဇာမော် ဆိုခဲ့သည့် အင်းလျားရှိနေသမျှ” သီချင်းအတိုင်း

“အင်းလျားသာ တို့နားခိုရာပါ၊ အင်းလျား မှာအတူဆုံမှာ၊

အင်းလျားဟာ အစဉ်တည်တံ့နေမှာ သေချာ၊ ဂုဏ်ယူနေမှာ

အင်းလျားရဲ့အဆောင်သူလေးများပါ”

ဟု ကမ္ပည်းတင်လိုက်ချင်ပါတော့သည်။

ဆောင်းပါးရှင်၏ ကိုယ်ရေးအကျဉ်း

--------------------------------------

- အမည်ရင်း ဒေါ်မြမြဝင်း၊ ပါမောက္ခ၊ ဌာနမှူး(ငြိမ်း)၊ မြန်မာစာဌာန၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်။

- ၁၉၆၅ ခုနှစ်တွင် ဝိဇ္ဇာဂုဏ်ထူးဘွဲ့ကို မန္တလေးတက္ကသိုလ်မှ ရရှိခဲ့သည်။

- ၁၉၇၃ ခုနှစ်တွင် မဟာဝိဇ္ဇာဘွဲ့ကို ရန်ကုန်တက္ကသိုလ်မှ ရရှိခဲ့သည်။

- ၁၉၆၆ မှ ၁၉၆၉ ခုနှစ်အထိ အခြေခံ ပညာဦးစီးဌာနတွင် တာဝန် ထမ်းဆောင်ခဲ့သည်။

- ၁၉၇၀ ပြည့်နှစ်မှ ၂၀၀၆ ခုနှစ်ကာလ တွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ မကွေးဒီဂရီကောလိပ်၊ မုံရွာ ကောလိပ်၊ ရန်ကုန်တက္ကသိုလ် (ဗိုလ်တထောင်နယ်မြေ)၊ ထားဝယ် ဒီဂရီကောလိပ်၊ ဒဂုံတက္ကသိုလ်၊ မန္တလေးအဝေးသင် တက္ကသိုလ်၊ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်တို့ တွင် နည်းပြမှ စတင်၍ ပါမောက္ခ၊ ဌာနမှူးတာဝန်အထိ အဆင့်ဆင့် အမှုထမ်းခဲ့သည်။

- မကွေးဒီဂရီကောလိပ် မြတ်လေး ဆောင်၊ ရွှေမန်းဆောင်၊ ရန်ကုန် တက္ကသိုလ် သီရိဆောင်တို့တွင် အဆောင်နည်းပြတာဝန်၊ ရန်ကုန် တက္ကသိုလ် အင်ကြင်းဆောင်၊ အင်းလျားဆောင် (၁၉၈၆ မှ ၁၉၉၆ ခုနှစ်အထိ) တို့တွင် အဆောင်မှူး တာဝန်ထမ်းဆောင်ခဲ့သည်။

- အငြိမ်းစားယူမှု - နိုင်ငံတော်၏ လိုအပ်ချက်အရ သုံးနှစ်တိုး၍ ဆက်လက် တာဝန်ထမ်းဆောင်ခဲ့ရာ ၂၀၀၆ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့ တွင် သက်ပြည့်အငြိမ်းစားယူခဲ့ သည်။

- သင်ကြားရေးတာဝန် – မဟာဘွဲ့ကျမ်းကြီးကြပ်သူတာဝန်နှင့် ပြင်ပ စာစစ် တာဝန်ထမ်းဆောင်ခဲ့သည်။

- ရေးသားထုတ်ဝေမှု - အဝေးသင်ပို့ချ ချက်စာအုပ်များ၊ ဘာသာရပ်ဆိုင်ရာ နှင့် အထွေထွေ ဆောင်းပါးများ ရေးသားခဲ့သည်။

- ကဗျာဆောင်းပါးများကို ဝင်းမြ အေး၊ မြနီ၊ မေသစ္စာ ကလောင် အမည်ဖြင့် ရေးသားခဲ့သည်။