mdn

နေပြည်တော် ၂၄ နိုဝင်ဘာ

 

နိုင်ငံတစ်နိုင်ငံတိုးတက်ခြင်းသည် စီးပွားရေးဖွံ့ဖြိုးအောင် စနစ်တကျ လုပ်ဆောင်နိုင်မှုအပေါ်တွင် မူတည်သည်။ စီးပွားရေး တိုးတက်ရေး၌ ရောင်းဝယ်ဖောက်ကား လုပ်ကိုင်ဆောင်ရွက်မှုများနှင့်ဆိုင်သည်။ ရောင်းဝယ် ဖောက်ကားမှု ဖွံ့ဖြိုးတိုးတက်စေရန် စီးပွားရေး လုပ်ကိုင်သူ များအား အထောက်အကူပြုမည့် အဖွဲ့အစည်းလုပ်ငန်းများ တစုတစည်းတည်း စုစည်း လုပ်ကိုင်ရန် လိုအပ်သည်။ ဤသို့လုပ်ကိုင်ပါမှ ကူးသန်းရောင်းဝယ်ရေး ကောင်းမွန်၍ တိုင်းပြည်နှင့်လူမျိုး စီးပွား တိုးလာမည် ဖြစ်သည်။

 

ကုန်သည်လုပ်ငန်းနှင့်ပတ်သက်၍ ဘုရားရှင်လက်ထက် ကုန်သည် ညီနောင်တို့က စတင်လုပ်ကိုင်လာသည်ဟု ဆိုရမည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ရှေးနှစ်ပေါင်းများစွာက အလယ်ခေတ်ဥရောပနိုင်ငံ များတွင်ကဲ့သို့ နှစ်စဉ်ပွဲတော်ဈေးများနှင့် ဗဟို ကျသောကျေးရွာကြီးများ၌ ငါးရက်တစ်ကြိမ် ခင်းကျင်းသည့် ကုန်သည်ကြီးငယ်တို့ စုပေါင်းခင်းကျင်း ရောင်းချသော ဈေးပွဲများရှိခဲ့သည်။ ယင်းသည် ကုန်သည်အစုအဖွဲ့၏ အစဖြစ်သည်။

 

မြန်မာနိုင်ငံတွင် ကိုလိုနီခေတ် ၁၉ဝ၆ ခုနှစ်က အင်္ဂလိပ်ကုန်သည်များ တည်ထောင်သော မြန်မာနိုင်ငံကုန်သည်များအသင်း (Burma Chamber of Commerce - BCC) ပေါ်ပေါက်ခဲ့သည်။ အင်္ဂလိပ်ကိုလိုနီတို့၏ အကျိုးစီးပွားကို ရှေးရှုသော ထိုအသင်း တွင် မြန်မာကုန်သည်များ ဝင်ရောက်ခွင့် မရခဲ့ချေ။ ၁၉၁၉ ခုနှစ်တွင် တိုင်းရင်းသားကုန်သည်ကြီး များက "စီးပွားရေး ခိုင်ခံ့မှ အမျိုးသားစိတ်ဓာတ် တည်မြဲနိုင်မည်” ဟူသောခံယူချက်ဖြင့် ဗမာကုန်သည်များအသင်းကို စတင်ဖွဲ့စည်းခဲ့သည်။

 

အသင်းသည် ဒုတိယကမ္ဘာစစ်ဖြစ်ပွားသည်အထိ နယ်ချဲ့အရင်းရှင် စီးပွားရေးနှင့် ဖက်ပြိုင်ဆောင်ရွက်နိုင်ခြင်း မရှိသော်လည်း လွတ်လပ်ရေး ရရှိသောအခါ အစိုးရ၏အားပေးမှုကြောင့် အသင်း၏အခန်းကဏ္ဍ မြင့်မားပြီး တိုင်းရင်းသားလုပ်ငန်းရှင်များကို ဦးဆောင်မှုပေးနိုင်ခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် ပြည်ထောင်စုဗမာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်း (UBCCI) အဖြစ် ဖွဲ့စည်းခဲ့သည်။ ယနေ့အချိန်အခါတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (UMFCCI) အဖြစ်ရပ်တည်ကာ စီးပွားရေးလုပ်ငန်းများအား ဦးဆောင်ဦးရွက် ပြုနေသည်မှာ နှစ်ပေါင်း တစ်ရာပြည့်ပြီဖြစ်သည်။

 

အစဉ်အလာကြီးမားသော ကုန်သည်အသင်းချုပ်ကြီးသည် ဈေးကွက် စီးပွားရေးစနစ်တွင် ပိုမိုရှင်သန်ခဲ့ပြီး တံခါးပိတ် စီးပွားရေးစနစ်တွင် မှေးမှိန်ပျောက်ကွယ်ခဲ့သည်။ ဈေးကွက်စီးပွားရေးစနစ်တွင် နိုင်ငံတော်၏ စီးပွားရေး မူဝါဒ အပြောင်းအလဲ အပေါ်မူတည်၍ ပြည်တွင်းရှိ တိုင်းရင်းသားစီးပွားရေး လုပ်ငန်းရှင်များ ရှင်သန်တိုးတက် ရပ်တည်နိုင်ရေးကို ပံ့ပိုးကူညီ ပေးခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး အသွင်ကူးပြောင်းလာပြီးနောက် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရန် ပုဂ္ဂလိကကဏ္ဍကို ဦးစားပေးဆောင်ရွက်လာခဲ့ရာ မြန်မာနိုင်ငံတစ်ဝန်းရှိ တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီး၌ ညီနောင်အသင်း ၇၅ သင်း ဖွဲ့စည်းတည်ထောင်ခဲ့ပြီး လုပ်ငန်းကဏ္ဍများကို ဖြန့်ကြက်ဆောင်ရွက်လျက်ရှိသည်။

 

အသင်းကြီးသည် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ရှေးရှု ဆောင်ရွက်ရာ၌ ပြည်တွင်းစီးပွားရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူပြုစေရန်အတွက် နိုင်ငံတကာဆက်ဆံရေးကဏ္ဍ၌ နိုင်ငံအသီးသီးရှိ ကုန်သည်အသင်း များ၊ စီးပွားရေးလုပ်ငန်း အဖွဲ့အစည်းများနှင့် နားလည်မှုစာချွန်လွှာ ၁၆၇ ခုလက်မှတ်ရေးထိုးကာ စီးပွားရေး၊ ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှုတိုးတက်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သို့ဖြစ်ရာ ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်ကြီးသည် မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာရန်အတွက် ဖွံ့ဖြိုးမှုမိတ်ဖက်များနှင့် လက်တွဲပူးပေါင်း ဆောင်ရွက်လျက်ရှိသည်သာမက အမျိုးသားစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အစိုးရ၊ ပုဂ္ဂလိက ပူးတွဲဆောင်ရွက်ရေး အစီအမံများနှင့်လည်း နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်၏အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ထိထိရောက်ရောက် ပါဝင် ဆောင်ရွက်ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း။ ။

 

ကြေးမုံ