မြန်မာမျိုးချစ်ကုန်သည်များ၏ စွမ်းဆောင်မှုများမှာ အစဉ်အလာကြီးမားပါ၏။ ရှေးဦးကာလ ကိုလိုနီ လက်အောက်ခံ သူ့ကျွန်ဘဝကတည်းက မြန်မာ မျိုးချစ်ကုန်သည်များမှာ တိုင်းတစ်ပါးကိုလိုနီ ကုန်သည်များကို အန်တု၍ ကုန်သည် လောကတွင် ဦးဆောင်နိုင်ခဲ့သည်။ ကိုလိုနီခေတ်အမျိုးသား လွတ်လပ်ရေးကြိုးပမ်းမှုကာလ ၁၉၁၉ခုနှစ်က မျိုးချစ်မြန်မာ ကုန်သည်များ စုပေါင်း၍ ကုန်သည်စက်မှုအသင်းချုပ်ကို ထူထောင်ခဲ့ရာ ယနေ့ထက်တိုင် သက်တမ်းရှည်ကြာခိုင်မာစွာ တည်ရှိနေသည်။

 

ယခုအခါ ကုန်သည်စက်မှုအသင်းချုပ်ကြီး ဖြစ်သည့် ပြည်ထောင်စုသမ္မတနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ကြီးသည် သက်တမ်းအားဖြင့် နှစ်၁၀၀ရှိခဲ့ပြီဖြစ်၍ ကုန်သည်စက်မှုလုပ်ငန်းရှင်များ သာမက မြန်မာတစ်မျိုးသား လုံးအတွက် ဂုဏ်ယူဖွယ်ဖြစ်သည်။ မျက်မှောက်ကာလတွင် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ကုန်သည်စက်မှု အသင်းချုပ် အနေဖြင့် ပြည်တွင်း၊ ပြည်ပစီးပွားရေး လုပ်ငန်းများတွင် ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ယခုသမိုင်းဝင် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်နေ့တွင် ကုန်စည်ပြပွဲကြီးကို ကျင်းပပေးခြင်းအားဖြင့် ပံ့ပိုးကူညီပေးလျက်ရှိသည်။

 

နိုင်ငံတကာ ကုန်စည်ပြပွဲများကို မြန်မာနိုင်ငံတွင် ကျင်းပပေးခြင်းအားဖြင့် မြန်မာနိုင်ငံ ထွက်ကုန်ပစ္စည်းများကို မိတ်ဆက် ပြသနိုင်သည့် အခွင့်အလမ်းကောင်းများ ရရှိနိုင်သည်။ ထို့အပြင် ပြည်တွင်းမှ လုပ်ငန်းရှင်များ အပါအဝင် စားသုံးသူများ အနေဖြင့်လည်း နိုင်ငံတကာ ထုတ်ကုန်များနှင့် နိုင်ငံတကာ အဆင့်မီ ထုတ်လုပ်ထားသည့် ပြည်တွင်းထုတ်ကုန် ပစ္စည်းများကို လေ့လာထိတေွ့နိုင်သည့် အခွင့်အရေးကောင်းများ ရရှိနိုင်မည်ဖြစ်သည်။ ထိုမျှသာမက ပြည်တွင်း၊ ပြည်ပ စီးပွားရေး လုပ်ငန်းရှင်များ အချင်းချင်း ဆက်သွယ်ရရှိလာနိုင်မည့်အပြင် လုပ်ငန်းများအချင်းချင်း ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်မည့် အခြေအနေကောင်းများ ပေါ်ထွန်းလာမည်ဖြစ်သည်။

 

ယနေ့ခေတ်စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာရေးတွင် စေျးကွက်သည် အရေးအကြီးဆုံးဖြစ်ပြီး ပြည်တွင်းမှ ထုတ်လုပ်သည့် ကုန်ပစ္စည်းများ ပြည်တွင်း၊ ပြည်ပ စေျးကွက်များတွင် ယှဉ်ပြိုင်ရောင်းချနိုင်ရေးအတွက် နိုင်ငံတော်အစိုးရ နှင့်အတူ စီးပွားရေးဆိုင်ရာ အသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များ တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်နိုင်ရန် အရေးကြီးသည်။ နိုင်ငံတော်အစိုးရ အနေဖြင့် တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် စေျးကွက်စီးပွားရေး စနစ်နှင့် ကိုက်ညီသည့် စီးပွားရေး မူဝါဒများ ချမှတ်အကောင်အထည်ဖော် ပေးလျက်ရှိသည်။

 

ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်များကို ရေးဆွဲ၍ အကောင်အထည်ဖော်လျက် ရှိသည်။ လူပုဂ္ဂိုလ်တစ်ဦးချင်း၊ အဖွဲ့အစည်းတစ်ခု၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် တဒင်္ဂစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အားမပေးဘဲ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရေရှည်ဖွံ့ဖြိုး တိုးတက်မှုအတွက် မျှော်မှန်းကာ သဘာဝပတ်ဝန်းကျင်များ ထိန်းသိမ်းရေး၊ လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာရေး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်သည့် လူမှုပတ်ဝန်းကျင် ပေါ်ထွက်လာစေရေး စသည့် ရည်မှန်းချက်ပန်းတိုင်များ၊ မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များကို စနစ်တကျ ချမှတ်ဆောင်ရွက်လျက် ရှိသည်။

 

ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံတော်၏ အရေးကြီးသော ကဏ္ဍတွင် ပါဝင်နေသဖြင့် ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာအောင် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စီးပွားရေးလုပ်ငန်းရှင်များ၊ အသင်းအဖွဲ့ များသည် ကုန်သည်စက်မှု အသင်းချုပ်ကြီးနှင့်အတူ တက်ကြွစွာ ပူးပေါင်း ဆောင်ရွက်သွားရန် အရေးကြီးသည်။ အစဉ်အလာ ကြီးမားသော ကုန်သည်စက်မှု အသင်းချုပ်ကြီးသည် ကောင်းမွန်သော စီးပွားရေး အမွေခံကောင်းများကို အစဉ်အလာမပျက် ဆက်လက်ခံယူပြီး နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆက်လက်ဆောင်ရွက်ရမည် ဖြစ်သည်။

 

သို့ဖြစ်ရာ နှစ်၁၀၀ ပြည့်သည့်တိုင်အောင် အစဉ်အလာကြီးမားသော ကုန်သည်စက်မှု အသင်းချုပ်ကြီးသည် မျက်မေှာက်ကာလ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ညီနောင်အသင်းများနှင့်အတူ ငွေအား၊ လူအား၊ စည်းရုံးရေးအင်အားတို့ဖြင့် စနစ်တကျ ဆက်လက်ဦးဆောင်နေဆဲဖြစ်၍ ဂုဏ်ယူဖွယ်ကောင်းသည့် အသင်းချုပ်ကြီး နှစ် ၁၀၀ မှသည် နှစ်ပေါင်းထောင်ချီ၍ နိုင်ငံတော်၏ အကျိုးစီးပွား တိုးတက်အောင်မြင်စေရန် ဆက်လက်ဆောင်ကြဉ်းပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း။    ။