အစဉ်လှပသာယာပါစေ ရှမ်းမြောက်ဂုတ်တွင်းလမ်း

ဂုတ်တွင်းကားလမ်းသည် အတက်/အဆင်း၊ အကွေ့အကောက်များစွာဖြင့် လှပနေသလို အချိန်မရွေး တွေ့ကြုံနိုင်သည့် အန္တရာယ်ကလည်း လက်တစ်ကမ်းမှာရှိ၏။ မန္တလေး-လားရှိုး- မူဆယ် ပြည်ထောင်စု လမ်းမကြီးပေါ်က အဓိက အသက်သွေးကြော၊ မြန်မာ-တရုတ် ကုန်စည်စီးဆင်းမှု ဆက်သွယ်ရေး၏ တစ်ခုတည်းသော ကားလမ်းမ ကြီး ဖြစ်သည်။ နယ်စပ်အပြန်အလှန် ကုန်တင်ယာဉ်ကြီးများ အစုန်အဆန် သွားလာနေရုံသာမက ရှမ်းပြည်နယ် (မြောက်ပိုင်း)ဒေသတစ်ခုလုံး နေ့စဉ် အသုံးပြုရာ လမ်းကြောကြီးလည်းဖြစ် နေသည်။

 

သက်တမ်းက မနည်းလှ

 

ဂုတ်တွင်းကားလမ်းမ၏ သက်တမ်းက မနည်းလှသလို အရေးပါမှုကလည်း အထူးကြီးမားခဲ့သည်။ သူ့တည်နေရာကား ကျောက်မဲမြို့နှင့် နောင်ချိုမြို့ အကြားဖြစ်သည်။ နောင်ချိုမြို့နှင့် ပိုနီးစပ်သည်။ မန္တလေး-လားရှိုး-မူဆယ်နှင့် ရှမ်းမြောက်ဒေသသို့ မော်တော်ယာဉ်ဖြင့် သွားလာဖူးသူတိုင်း ဤဂုတ်တွင်းကားလမ်းကို သိကြသည်။ သည်းထိတ်ရင်ဖို အကွေ့ အကောက်၊ အတက်/အဆင်းများ၏ ရသကို ခံစားခဲ့ကြဖူးသည်။ ဂုတ်တွင်း လမ်း၏လှပမှုနှင့်အတူ အမှားအယွင်း အတိမ်းအစောင်း မခံနိုင်သော ယာဉ် မတော်တဆမှုအန္တရာယ်များကလည်း တွေ့ကြုံခဲ့ရဖန်များ၍ ယာဉ်မောင်းသူများ ဂရုစိုက်ရသည့်နေရာလည်း ဖြစ်သည်။ အထူးသဖြင့် ယခုလို မိုးတွင်းကာလ၌ ပိုမိုဂရုစိုက်ရသည်။ သတိကြီးစွာထား၍ မောင်းနှင်ရသည်။ တွဲယာဉ်ကြီးများနှင့် ကုန်တင်ယာဉ်ကြီးများ နေ့စဉ် အတက်/အဆင်းလုပ် မောင်းနှင်နေသော ယခုအချိန်အခါ မျိုးတွင် ယာဉ်မတော်တဆမှု မကြုံတွေ့ဖို့ လိုအပ်သည်။ အခြားခရီးသည်တင် မှန်လုံယာဉ်နှင့် ယာဉ်ကြီး၊ ယာဉ်ငယ်များအပါအဝင် စက်တပ် ယာဉ်ဟူသမျှလည်း သတိပြုမောင်းနှင် ကြရန်လိုအပ်သည်။ ကုန်တင်ယာဉ်ကြီးများကို အတက်၌ဖြစ်စေ၊ အဆင်း၌ဖြစ်စေ ယာဉ်ငယ်များက ဦးစားပေးပြီး ခေတ္တရပ်ဆိုင်းပေးရန် အကြံပြုကြောင်း ယာဉ်မောင်းဆရာတစ်ဦးကလည်း ပြောသည်။

 

အချိန်ပြည့်ဖွင့်လှစ်ထား

 

ဂုတ်တွင်းကားလမ်း ရာသီမရွေး အန္တရာယ်ကင်းရှင်းပြီး အတက်/အဆင်း ယာဉ်များ လွယ်ကူစွာ မောင်းနှင်သွားနိုင်ရေး၊ ခရီးသည်များ လိုရာခရီးကို အချိန်မီချောမောစွာ ရောက်ရှိနိုင်ရေး တို့အတွက် ပြည်နယ်အဆင့်စီမံချက် ရေးဆွဲပြီး ဆောင်ရွက်နေကြောင်း၊ ယာဉ်မတော်တဆမှု၊ ယာဉ်ကြောပိတ် ဆို့မှုများ ဖြစ်ပေါ်လာပါကလည်း အချိန်နှင့်တစ်ပြေးညီ ကူညီဖြေရှင်း ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ လမ်းကုမ္ပဏီ၊ စက်ယန္တယားများ၊ လူမှုကူညီရေးအသင်းများနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း၊ ဂုတ်တွင်း တံတားထိပ်၌ ယာဉ်ထိန်းရဲကင်းကိုလည်း အချိန်ပြည့်ဖွင့်လှစ်ထားပြီး လိုအပ်သည့် အကူအညီကို ရယူသွားနိုင်ကြောင်း၊ ဂုတ်တွင်းအလှ အကျည်းမတန်စေရေးနှင့် အန္တရာယ်ကင်းရှင်း စေရေးတို့အတွက် ယာဉ်မှူး၊ ယာဉ်နောက်လိုက်များက အတူပူးပေါင်း ဆောင်ရွက်သွားကြရန် မေတ္တာရပ်ခံပါကြောင်းဖြင့် ကျောက်မဲခရိုင်အမှတ် ၁၂၄ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုရဲမှူး ကျော်ကျော်ထွန်းကလည်း ဂုတ်တွင်းလမ်းပေါ်၌ မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

 

ရှမ်းမြောက်တံခါးဝအစ ဂုတ်တွင်း လမ်းအလှကို အကျည်းမတန်စေဘဲ အန္တရာယ်ကင်းစင်သည့် ပန်းခင်းသော လမ်းပမာ အစဉ်ဖြောင့်ဖြူးသာယာစေရန် ကြိုးစားကြရမည်ဖြစ်ပေသည်။

 

သီပေါကိုလတ်