နေပြည်တော်၊ ၂၈ ဒီဇင်ဘာ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းသည် ယနေ့တွင် နယ်မြေခံလွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများနှင့်အတူ အရှေ့အနောက် စီးပွား စင်္ကြန်လမ်းမပေါ်တွင် ADB ချေးငွေဖြင့် လမ်းအဆင့်မြှင့်တင်နေသော အိန္ဒု-ကော့ကရိတ်လမ်း စီမံကိန်းလုပ်ငန်းစီမံကိန်း ရှင်းလင်းဆောင်သို့ရောက်ရှိရာ Project Management Unitမှ အင်ဂျင်နီယာချုပ် ဦးအောင်မျိုးဦးက အကျဉ်းချုပ်ရှင်းလင်းပြီး တာဝန်ရှိသူများက စီမံကိန်းဆိုင်ရာ အချက်အလက်များ၊ လုပ်ငန်းစီမံချက်နှင့်ပြီးစီးမှုအခြေအနေများ၊ ကြုံတွေ့ရသော အခက်အခဲများကိုရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးက လုပ်ငန်းဆောင်ရွက်ချက် များကို စနစ်တကျမှတ်တမ်း တင်ထားရှိရန် Road Furniture နှင့် အပြီးသတ်လုပ်ငန်းများ၊ Road Safety အတွက်သေချာစွာ ဆောင်ရွက်သွားရန်မှာကြားပြီး အိန္ဒု-ကော့ကရိတ်လမ်းအား ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် (၃၈ ကီလိုမီတာ)အနီး Improved Subgrade ကို စက်ယန္တရားများဖြင့် ဆောင်ရွက်နေမှုကို လည်းကောင်း၊ (၅၆ ကီလိုမီတာ)အနီး ကတ္တရာကွန်ကရစ် WearCourse ခင်းနေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ကတ္တရာခင်းရာ လမ်းအကွေ့များ၌ Super elevation မှန်အောင် ဆောင်ရွက်သွားရန်မှာကြားသည်။
အိန္ဒု-ကော့ကရိတ်လမ်းစီမံကိန်းသည် အိန္ဒုမှ ကော့ကရိတ်ထိ (၆၄ ဒသမ ၇၄ ကီလိုမီတာ) အရှည်ရှိပြီး(၁၀ မီတာ) အကျယ်နှစ်လမ်းသွား ကတ္တရာကွန်ကရစ်(AC) လမ်းအဖြစ် အဆင့်မြှင့်တင်လျက်ရှိရာ ယခုအခါ ကတ္တရာကွန်ကရစ် လုပ်ငန်းမှာ(၈၉ ရာခိုင်နှုန်း)၊ Box Culvert (၈၆ စင်း)တည်ဆောက်ခြင်းလုပ်ငန်းမှာ (၉၈ ရာခိုင်နှုန်း)၊ Pipe Culvert (၁၄ စင်း) တည်ဆောက်ခြင်း (၈၆ ရာခိုင်နှုန်း)နှင့် တံတား(၁၈ စင်း) တည်ဆောက်ခြင်း (၁၀၀ ရာခိုင်နှုန်း)ပြီးစီး၍ မြေသား လုပ်ငန်းမှာ (၄ ကီလိုမီတာ)ကျန်ရှိရာ စီမံကိန်းတစ်ခုလုံး၏ (၈၄ ဒသမ ၃၇ ရာခိုင်နှုန်း) ပြီးစီးပြီဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်းများကို ADB ချေးငွေ၊ အမေရိကန် ဒေါ်လာ (၅၉ ဒသမ ၃၇) သန်းဖြင့် ၂၀၁၆ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ရာ ၂၀၂၁ ခုနှစ် မေလကုန်တွင် (၁၀၀ ရာခိုင်နှုန်း)ပြီးစီးမည် ဖြစ်ကြောင်း သိရှိရသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် အဆိုပါလမ်းပေါ်တွင် JICA ODA ချေးငွေဖြင့် တည်ဆောက်နေသော ဂျိုင်း(ကော့ကရိတ်) တံတားသစ်စီမံကိန်း ရှင်းလင်းဆောင်သို့ရောက်ရှိရာ တံတားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေအောင်ရဲမြင့် က တံတားနှင့်ပတ်သက်၍ အကျဉ်းချုပ်ရှင်းလင်းခဲ့ပြီး တာဝန်ရှိသူများက တံတားဆိုင်ရာ အချက်အလက်များ လုပ်ငန်း စီမံချက်နှင့် ပြီးစီးမှုအခြေအနေများကို Power Point ဖြင့် ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြချက်များအပေါ်ဒုတိယဝန်ကြီးက တံတားသည် နည်းပညာအဆင့်မြှင့် တည် ဆောက်သောတံတားဖြစ်၍ နည်းပညာလွှဲပြောင်းရရှိရေး ဆောင်ရွက်သွားရန် ပြောကြား ပြီးစီမံကိန်းလုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ ဂျိုင်း(ကော့ကရိတ်) တံတားသစ်သည် မီတာ (၅၈၀)အရှည်၊ (၂၂ ဒသမ ၆၉ မီတာ) အကျယ်၊ လေးလမ်းသွား တံတားဖြစ်ပြီး ပင်မတံတားမှာ (၃ခန်းတွဲ) ကြိုတင်အားဖြည့် သံကူ ကွန်ကရစ် ကြိုးဆိုင်းတံတား (Extra dosed Bridge) အမျိုးအစားဖြစ်ကြောင်း၊ တံတား တည်ဆောက်မှု (၃၅ ရာခိုင်နှုန်း)ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


