နေပြည်တော် ဇန်နဝါရီ ၁၉
ရေအားအရင်းအမြစ် စူးစမ်းလေ့လာရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေနှင့် ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရေအားအရင်းအမြစ် စူးစမ်းလေ့လာရေးအဖွဲ့၏ (၁/၂၀၂၄) ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ရေအားအရင်းအမြစ် စူးစမ်းလေ့လာရေးအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက် အမှာစကားပြောကြားသည်။
တက်ရောက်
ညှိနှိုင်းအစည်းအဝေးသို့ အဖွဲ့ဝင်များဖြစ်ကြသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဝန်ကြီးဌာနအသီးသီးမှ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံသည် အာဆီယံဒေသတွင်း အခြားနိုင်ငံ များထက် ရေအရင်းအမြစ် ပေါကြွယ်ဝသော်လည်း နိုင်ငံ၏ ပထဝီဝင်အနေအထားနှင့် ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များကြောင့် ရေနှင့်ပတ်သက်သည့် အခက်အခဲပြဿနာများ နှစ်စဉ် ကြုံတွေ့နေရသဖြင့် ရေကဏ္ဍ စီမံခန့်ခွဲမှုများသည် အရေးပါလျက်ရှိကြောင်း၊ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများအနေဖြင့် အဓိကမြစ်ကြီးများနှင့် ဆက်နွှယ်နေသည့် မြစ်ဝှမ်းဒေသများ အတွင်းရှိ ရေအား အရင်းအမြစ်များကို လေ့လာ၍ နိုင်ငံတော်အတွက် ထိရောက်အကျိုးရှိစွာ အသုံးချနိုင်ရေး မဖြစ်မနေ ကြိုးပမ်းဆောင် ရွက်ကြရမည်ဖြစ်ကြောင်း၊ သို့မှသာ မြစ်ကြီးများနှင့် ဆက်နွှယ်သည့် စိုက်ပျိုးရေနှင့် သောက်သုံးရေ ပေးဝေရေး၊ ရေအားလျှပ်စစ် ထုတ်လုပ်ရေး၊ ရေကြောင်းပို့ဆောင် ရေး၊ ရေနှင့်ဆက်နွှယ်သည့် သဘာဝဘေးအန္တရာယ် လျော့ပါးသက်သာရေး လုပ်ငန်းများမှ တစ်ဆင့် ပြည်သူများ၏ စီးပွားရေး၊ လူမှုရေးနှင့် လူနေမှုအဆင့်အတန်း မြင့်မားရေးအတွက် ပိုမိုအထောက် အကူပြုနိုင်မည်ဖြစ်ကြောင်း။
အဖွဲ့က လက်တွေ့ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရေအားအရင်းအမြစ် ပမာဏ တိုင်းတာတွက်ချက်ရေး လုပ်ငန်းအဖွဲ့ခွဲနှင့် ဖွံ့ဖြိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လေ့လာ ဆန်းစစ်ရေး လုပ်ငန်းအဖွဲ့ခွဲတို့မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မြစ်ကြီးများနှင့် သက်ဆိုင်သည့် ကဏ္ဍအလိုက် အချက်အလက်များကို စုစည်းပြုစု၍ တင်ပြလျက်ရှိကြောင်း၊ မြစ်ကြီးများ၏ အချက်အလက်များ လေ့လာတိုင်းတာ စုဆောင်းရာတွင် ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများ၊ ရေဝေရေလ ဒေသပြောင်းလဲမှုများနှင့် သဲနုန်းပို့ချမှုတို့ကြောင့် မြစ်များ၏ အခြေ အနေနှင့် အချက်အလက် ပြောင်းလဲမှုများရှိနိုင်သဖြင့် သတိပြုလေ့လာ ဆောင်ရွက်ကြရန် လိုကြောင်း၊ ရေအားအရင်းအမြစ် စူးစမ်းလေ့လာရေးအဖွဲ့၏ တိုင်းတာလေ့လာမှုများမှ ရရှိသည့် အချက်အလက်များကို အခြေခံ၍ သက်ဆိုင်ရာဝန်ကြီး ဌာနအဖွဲ့အစည်းများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များက ကျွမ်းကျင်သူများနှင့် ပူးပေါင်း၍ နိုင်ငံတော်အတွက် ရေဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်နိုင်ပါက နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက်သာမက ကမ္ဘာ့ကုလသမဂ္ဂ၏ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေး မျှော်မှန်းချက်များ (Sustainable Development Goals) ကို အကောင်အထည်ဖော် ဆောင်ရာတွင် အထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူများ၏ ရေရှည်အကျိုးစီးပွားနှင့် အဖွဲ့၏ လုပ်ငန်းတာဝန်များ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း ပြောကြားသည်။
ထို့နောက် ရေအားအရင်းအမြစ် စူးစမ်းလေ့လာရေးအဖွဲ့၏ လုပ်ငန်းတာဝန်များနှင့် အကောင် အထည်ဖော် ဆောင်ရွက်မှု၊ အချက်အလက်များ စုဆောင်းထားရှိမှု၊ ဌာနအလိုက် လုပ်ငန်း ဆောင်ရွက်မှုနှင့် အချက်အလက်များ ပေးပို့မှု၊ အချက်အလက် စုဆောင်းရရှိမှုအပေါ် သုံးသပ် တင်ပြချက်၊ ဆက်လက်ဆောင် ရွက်မည့်အစီအမံများကို ရေအား အရင်းအမြစ် စူးစမ်းလေ့လာရေး အဖွဲ့ အတွင်းရေးမှူး၊ ရေအရင်း အမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးဝင်းလှိုင်က Power Point Presentation ဖြင့် ရှင်းလင်းတင်ပြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသည့် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက ဝန်ကြီးဌာန၊ အဖွဲ့အစည်းအလိုက် ရေအားအရင်းအမြစ် စူးစမ်းလေ့လာရေး နှင့် ဆက်နွှယ်သည့်လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများနှင့် ရေအားအရင်းအမြစ် စူးစမ်း လေ့လာရေးအဖွဲ့၏ လုပ်ငန်းတာဝန်များကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက် ရေးနှင့်ပတ်သက်၍ ဝိုင်းဝန်း ဆွေးနွေး အကြံပြုကြသည်။
ဖွဲ့စည်းပေးခဲ့
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီက ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ စစ်တောင်းမြစ်၊ သံလွင်မြစ်များ၏ မြစ်ဖျားမှ စတင်ပြီး ပင်လယ်သို့ ရောက်သည်အထိ ရေစီးနှုန်းတိုင်းတာရန်နှင့် ရေလမ်းကြောင်း အခြေအနေအပါအဝင် ရေအရင်းအမြစ်ပမာဏကို စူးစမ်းလေ့လာ ဆောင်ရွက်နိုင်ရေးအတွက် ရေအားအရင်းအမြစ် စူးစမ်းလေ့လာရေးအဖွဲ့ကို ၂၀၂၂ ခုနှစ် မတ် ၇ ရက်တွင် အမိန့် ကြော်ငြာစာ အမှတ် ၄၃/၂၀၂၂ ဖြင့် ဖွဲ့စည်းပေးခဲ့သည်။
ထိုကဲ့သို့ ဖွဲ့စည်းဆောင်ရွက် ခြင်းဖြင့် မြစ်ကြီးများနှင့် သက်ဆိုင်သည့် ရေဆိုင်ရာအချက်အလက် များကို တိုင်းတာတွက်ချက်ကာ စနစ်တကျ စုစည်းမှတ်တမ်းတင် ထားရှိနိုင်ပြီး ရေနှင့်ဆက်နွှယ် သည့် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်း များအကြား အချက်အလက်များ မျှဝေသုံးစွဲမှု၊ မြစ်ကြီးများနှင့် ဆက်နွှယ်သည့် ရေဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ၊ ရေနှင့်ဆက်နွှယ်သည့် သဘာဝ ဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများနှင့် စီမံခန့်ခွဲမှုလုပ်ငန်းများ၊ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းများကို ထိရောက်စွာ အထောက်အကူ ပြုနိုင်မည်ဖြစ်သည်။
သတင်းစဉ်