၃၀ ဒီဇင်ဘာ
“ရဟန်းဝိနည်း၊ ရွာကြီးစည်းရိုး၊ လူမျိုးစည်းကမ်း”ဟူသော စကားပုံ ရှိသည်။ ဝိနည်းသည် ရဟန်း၏အသက်ပင် ဖြစ်သည်။ ဝိနည်းပျက်ပါက ရဟန်းဘဝလည်း ပျက်သည်။ စည်းရိုးသည် ရွာ၏လုံခြုံရေး၊ ရွာ၏အသက်ပင် ဖြစ်သည်။ စည်းရိုးမလုံခြုံ ပျက်စီးပါက ရွာမှာလည်းမလုံခြုံ။ သူခိုး သူဝှက် သူပုန်သူကန် တို့၏ဘေးရန်ကို ကာကွယ်နိုင်စွမ်းမရှိတော့လျှင် ပျက်စီးကိန်းသို့ ဆိုက်ရတတ်သည်။ စည်းကမ်းသည်လည်း လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံ တည်တံ့ခိုင်မြဲစေရန်အတွက် အသက်သဖွယ် အရေးကြီးသည်။
စည်းကမ်းမြင့်မားသော လူမျိုးသည် အဆင့်အတန်းမြင့်မားသော၊ အထက်တန်းကျသော လူမျိုးဖြစ်ပြီး ထိုလူမျိုးတို့နေထိုင်ရာ အချုပ်အခြာပိုင်သည့် နိုင်ငံသည်လည်း အဆင့်အတန်းမြင့်မားသော၊ အထက်တန်းကျ သော နိုင်ငံဖြစ်လာသည်။
“မြန်မာတွေစည်းကမ်းဖောက်၊ ထီးနန်းပျောက်ဖြစ်ပြီ၊ မှီးကွန်းထောက် အသစ်မှီတယ်၊ ညစ်ပလီလူမျိုး”ဟူ၍ မျိုးချစ်စာဆို အချုပ်တန်း ဆရာဖေက ၎င်း၏ နောက်ဆုံး တေးထပ်တွင် ရေးစပ်ခဲ့သည်။ စည်းကမ်း ဖောက်၍ မိမိတို့လူမျိုး ထီးနန်းပျောက်ခဲ့ ရပုံ၊ နယ်ချဲ့လက်အောက် ကျွန်သပေါက်ဘဝတွင် ဇာတိသွေးဇာတိမာန်တို့ နိမ့်ကျဖောက်ပြန်ခဲ့ပုံတို့ကို တွေ့ရကြုံခဲ့ရခြင်းကြောင့် နိုင်ငံနှင့်လူမျိုးအတွက် မချည့်တင်ကဲ ရင်နာနာနှင့် ရေးစပ်ကာပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။
လူမျိုးတစ်မျိုး နိုင်ငံတစ်နိုင်ငံတည်တံ့ခိုင်မြဲရေး၊ အဆင့်အတန်းမြင့်မားရေးအတွက် အသက်တမျှ အရေးပါသည့် စည်းကမ်းဟူသည်မှာ အဘယ်နည်း။ နေရာတကာတွင် ရှိနေတတ်သည့် စည်းကမ်းဟူသည်မှာ အဘယ်နည်း။ စည်းကမ်းဟူသည်မှာ လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်ပင် ဖြစ်သည်။
“စည်းနဲ့ကမ်းနဲ့ ရှိမှသာလျှင် လွတ်လပ်ရေးဆိုတာ ဖြစ်နိုင်တယ်။ အဲ့ဒီတော့ လွတ်လပ်ရေးဆိုတာကို ကျွန်တော်တို့ရတဲ့အခါမှာလည်း နားလည်ရမှာက ငါတို့တိုင်းပြည်ဟာ ပိုပြီးစည်းကမ်းရှိဖို့လိုတယ်”ဟု လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းကလည်း ဆိုမိန့်ခဲ့သည်။မိမိတို့ ဘိုးဘွားများ အသက်သွေးချွေးတို့ကို စတေးပြီး ရယူပေးခဲ့၍ လွတ်လပ်သော နိုင်ငံသားဘဝကို ရရှိပိုင်ဆိုင်ခဲ့ပြီးသည့်နောက် မိမိတို့စည်းကမ်းကို မည်မျှလိုက်နာခဲ့ကြပြီနည်း၊ ကျင့်ဝတ်ကို မည်မျှစောင့်ထိန်း နိုင်ခဲ့ကြပြီနည်းဆိုသည်ကို ပြန်လည်ဆန်းစစ်ကြည့်ကြဖို့ လိုဦးမည် ဖြစ်သည်။ လွတ်လပ်ရေးဆိုသည်မှာ အခြား တစ်ဦးတစ်ယောက်၏ အကျိုးကို မထိခိုက်စေဘဲ၊ အခြားလူများ၏အကျိုးကို မထိခိုက်စေဘဲ လွတ်လွတ်လပ်လပ် ကိုယ့်တိုးတက်မှုအတွက် လုပ်နိုင်ခြင်းသည် လွတ်လပ်ရေးဖြစ်သည်ဟု ဗိုလ်ချုပ်က အဓိပ္ပာယ်ဖွင့်ပြခဲ့ဖူးသည်။ လွတ်လပ်ရေး ရပြီဟုဆိုကာ လူတကာသွားလာနေသည့်လမ်းမပေါ် ဆေးလှန်းသူကြောင့် လမ်းသွား လမ်းလာတို့ အခက်တွေ့ရသည်ကိုလည်း ဥပမာဆောင်ပြခဲ့သည်။ မိမိအကျိုးအတွက် အခြားသူများ၏အကျိုးကို ထိခိုက်စေလျှင်၊ အနှောင့်အယှက်ဖြစ်စေလျှင် လွတ်လပ်မှုမဟုတ်ဘဲ ရမ်းကားမှုဖြစ်သည်ဟုလည်း မိန့်ဆိုခဲ့သည်။
ဗိုလ်ချုပ်၏ အဆိုအမိန့်များသည် လည်းကောင်း၊ မိမိတို့နိုင်ငံ လွတ်လပ်သော အချုပ်အခြာ အာဏာပိုင်နိုင်ငံအဖြစ် ပြန်လည်ရောက်ရှိခဲ့ခြင်းသည် လည်းကောင်း နှစ်ပေါင်း ၇၀ သက်တမ်းသို့ ရောက်ရှိလာပြီ ဖြစ်သည်။ လမ်းပေါ်ဆေးလှန်းသည့် လုပ်ရပ်မျိုးမှသည် တစ်စုံတစ်ယောက ၏ အကျိုးစီးပွားအတွက် ကျန်အများသူငါကို ထိခိုက်စေသည့် လုပ်ရပ်မျိုး၊ ရမ်းကားမှုမျိုးတို့ ဆိတ်သုဉ်းမသွားသေးသည်ကို ယနေ့တိုင် တွေ့မြင်နေရဆဲ။ ကျင့်ဝတ်စည်းကမ်းများကို လိုက်နာစောင့်ထိန်းသည့် အဆင့်အတန်းမြင့်မားသော လူမျိုးဖြစ်လာရေးအတွက် မိမိတို့အားလုံး ကြိုးပမ်းကြရပါဦးမည်။ ။