ရန်ကုန် ၂၂ ဇန်နဝါရီ
‘သုခမိန်’ ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာ ကျော်ဇောလင်း (အတွေးပုံရိပ်) ရိုက်ကူးသည့် "အဓိပတိလမ်းက နဂ္ဂတစ်များ" ရုပ်ရှင်ဇာတ်ကား စာနယ်ဇင်းအကြို မိတ်ဆက်ပွဲအဖြစ် ဇန်နဝါရီ ၂၁ ရက် ည ၉ နာရီက ရန်ကုန်မြို့၊ Junction City ရှိ JCGV ရုပ်ရှင်ရုံ၌ ပြသခဲ့ပြီး ဇန်နဝါရီ ၂၅ ရက်မှစတင်၍ နိုင်ငံတစ်ဝန်းလုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံကြီးများတွင် ပြသသွားမည်ဖြစ်သည်။
သရုပ်ဆောင် ပြေတီဦးက “ဘွဲ့လွန် မာစတာတန်း တက်နေတဲ့ ကျောင်းသား ရဲဝင်းအနေနဲ့ ပါဝင်ထားတာပါ။ သူကနည်းနည်းထူအပြီး သဘောပေါက်မလွယ် တဲ့ပုံစံပါ။ အဲဒီအပေါ်မှာ အလွဲလွဲအချော်ချော် ဖြစ်တာမျိုးလေးတွေပါ။ အရင်တုန်းကလည်း ရိုက်ခဲ့ဖူးတာရှိတယ်။ ကိုနီကိုရဲနဲ့လည်း ညီအစ်ကိုတွေလိုမျိုး အကြာကြီး ရင်းရင်းနှီနှီးတွေ နေခဲ့ဖူးတာဆိုတော့ ဒီဇာတ်ရုပ်ပိုင်းနဲ့ ပတ်သက်လို့ကတော့ ရင်းနှီးမှုရှိပြီးသားပါ။ ဒီလိုဟာသမျိုးလေးတွေက ကျွန်တော်နဲ့လိုက်ဖက်တယ် လို့ခံစားရတယ်” ဟု ပြောသည်။
အဆိုပါရုပ်ရှင် ဇာတ်ကားတွင် ပြေတီဦး၊ ရဲအောင်၊ ဝတ်မှုန်ရွှေရည်၊ ယွန်းရွှေရည်၊ အရိုင်း၊ ဖိုးဖြူ၊ ညောင်ညောင်၊ ကင်းကောင်၊ ငှက်ပျောကြော်၊ ဇင်မျိုး၊ အောင်ဇော်မင်း၊ နေလင်း၊ နန္ဒကျော်စွာ၊ ဒေါ်လှလှမိုး၊ ဝါဝါအောင်၊ တင်ဇာဝင်းပြည့်၊ ရဲလေးမ၊ အေးအေးခိုင်၊ မျိုးမျိုးခိုင်၊ အေးသီတာ၊ အိတုန်၊ နန်းထိပ်ထားစံ နှင့်အနုပညာရှင် များစွာပါဝင်ထားပြီး တက္ကသိုလ်တွင် ပညာသင်ကြားခွင့်ရရှိသော ကျောင်းသား၊ ကျောင်းသူများသည် ပညာရေးတွင်သာမက ပြင်ပဗဟုသုတနှင့် မိတ်ဆွေသင်္ဂဟများ တိုးပွားမှုနှင့် ဘဝရပ်တည်ရေး အခြေခံများကို ပိုင်နိုင်ရရှိရေး တို့အတွက် ရည်ရွယ်ရိုက် ကူးထားခြင်းဖြစ်သည်။
စီစဉ်သူ ဦးကျော်(စိတ်ပညာ)က “ပရိတ်သတ်ကြိုက်မယ့် ဟာသကားလေးပါ။ ဆရာနီကိုရဲရဲ့ ကြည်ပြာရောင်နဂ္ဂတစ် ဝတ္ထုပါ။ အရင်တုန်းက ကိုလွင်မိုးနဲ့ မထွန်းအိန္ဒြာဗိုလ်တို့ ရိုက်ဖူးတယ်ဆိုပေမယ့် သူတို့မရိုက်ခဲ့တဲ့ အခန်းတွေ စာအုပ်ထဲမှာ ကျန်နေပါသေးတယ်။ အခုကတော့ မူကွဲသွားအောင် ရိုက်ထားတာပါ” ဟုပြောသည်။
သရုပ်ဆောင် ငှက်ပျောကြော်က “ဒီဇာတ်လမ်းလေးက နီကိုရဲဆုံးပြီးတော့ ပထမဆုံးအကြိမ် ပိတ်ကားပေါ်ပြန်ရောက်လာတာပါ။ တက္ကသိုလ်ကျောင်းသားဘဝ ဇာတ်လမ်းတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် နီကိုရဲဇာတ်လမ်းတွေကတော့ ပိုပြီးထိပါတယ်။ ဒီဇာတ်ကားလေးကတော့ တက္ကသိုလ်ဆိုတာ ပညာသင်ရုံတစ်ခုတည်း မဟုတ်ဘဲနဲ့ ပေါင်းသင်းဆက်ဆံရေး၊ လူတစ်ယောက်ရဲ့ အချိုးအကွေ့ အဲဒီလို ဗဟုသုတ မျိုးစုံရှိတဲ့ နေရာလေးဆိုတာကို အားလုံးသိသွားမှာပါ” ဟုပြောသည်။
တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူဘဝ နောက်ခံဇာတ်လမ်းဖြစ်ပြီး ကူညီတတ်သူတစ်ဦး၏ အလွဲလေးများကို ရိုက်ပြထားကြောင်း၊ တက္ကသိုလ်တွင် သွားရောက်ရိုက်ကူးထားသည့်အတွက် တက္ကသိုလ်ကျောင်းသားဘဝကို ပြန်လည်ခံစားရမည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် ကုမ္ပဏီတစ်ခု၏ ဈေးကွက်ဖြန့်ချိရေး ခေါင်းဆောင်အနေဖြင့် ပါဝင်ထားကြောင်း သရုပ်ဆောင်ရဲအောင်က ဆိုသည်။
အမြဲတမ်း အလွဲအချော်ဖြစ်နေတတ်သည့် ခပ်နုံနုံ တက္ကသိုလ်ကျောင်းသား တစ်ဦးနှင့် အရာရာကို လေးလေးနက်နက် ထားတတ်သည့် တက္ကသိုလ်ကျောင်းသူ တစ်ဦးတို့ တက္ကသိုလ်တွင်ဆုံဆည်းခဲ့ကြသည့် ပျော်စရာအချိန်လေးများ၊ ချစ်သူတွေ ဖြစ်ပြီးနောက် အလွဲလွဲ အချော်ချော်ဖြစ်ပုံများကို ရယ်မော ပျော်ရွှင်ဖွယ်ရာရိုက်ကူးထားသော အချစ်ဟာသ ဇာတ်ကားကြီးဖြစ်သည်။
သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်