အဓွန့်ရှည်ကြာ တည်တံ့ခိုင်မြဲနေမည့် မြန်မာ - ရုရှား ဆက်ဆံရေး

ဒေါက်တာနိုင်ဆွေဦး

နိဒါန်း

မြန်မာ - ရုရှား နှစ်နိုင်ငံ ဆက်ဆံရေးသည် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီး တစ်လ အကြာ ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ကတည်းကပင် စတင်ခဲ့ပါသည်။ ထို့ကြောင့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် မြန်မာ - ရုရှား သံတမန် ဆက်ဆံရေးသည် (၇၅) နှစ်မြောက် စိန်ရတုသို့တိုင် ရောက်ရှိလာတော့မည် ဖြစ်ပါသည်။ 

ကာလရှည် ချစ်ကြည်ရင်းနှီးခဲ့သော နှစ်နိုင်ငံဆက်ဆံရေးသည် ပြီးခဲ့သည့် ဆယ်စုနှစ် နှစ်စုကျော်အကြာတွင်တော့ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများဖြင့် ပိုမိုသက်ဝင်လာခဲ့ပါသည်။ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီကဲ့သို့သော ကမ္ဘာ့စင်မြင့်များတွင်လည်း ရုရှားအနေဖြင့် မြန်မာနိုင်ငံဘက်မှ ရပ်တည်ပေးခဲ့သည့် သာဓကများစွာ ရှိပါသည်။ 

မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် ပထဝီအနေအထားအရ မိုင်ပေါင်း ၄၀၀၀ ကျော် (ကီလိုမီတာအားဖြင့် ၆၅၀၀ ကျော်) ဝေးကွာနေသော်လည်း ယနေ့ မျက်မှောက်ကာလတွင် နှစ်နိုင်ငံအကြား ဆက်ဆံရေးမှာ မဟာဗျူဟာ မိတ်ဖက် အဆင့်အတန်းဖြင့် ညီအစ်ကိုရင်းများသဖွယ် ချစ်ခင်ရင်းနှီးစွာဖြင့် တည်တံ့ လျက်ရှိပါသည်။ သမိုင်းကြောင်းကို ပြန်ပြောင်းလေ့လာကြည့်မည်ဆိုလျှင်လည်း ယနေ့ကာလသည် နှစ်နိုင်ငံ ဆက်ဆံရေးတွင် အထွန်းလင်း အတောက်ပဆုံးအချိန်ဟု ဆိုနိုင်ပါသည်။ စိန်ရတုကာလနှင့် တိုက်ဆိုင်နေသည်ဟုလည်း ဆိုရပါမည်။ 

မျက်မှောက်ကာလ မြန်မာ - ရုရှားဆက်ဆံရေး

မျက်မှောက်ခေတ် မြန်မာနှင့် ရုရှားဖက်ဒရေးရှင်း နှစ်နိုင်ငံ ဆက်ဆံရေးသည် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ပိုမို ခိုင်မာကြောင်း တွေ့ရမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးစ ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ထိုစဉ်က ဆိုဗီယက်ပြည်ထောင်စုသည် မြန်မာနိုင်ငံနှင့် သံတမန်ဆက်ဆံရေး စတင်ထူထောင်ခဲ့ပြီး ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲသွားပြီးနောက်ပိုင်းတွင်လည်း ယခုအခြေအနေအထိလည်း ဆက်လက်ခိုင်မြဲတည်ရှိနေခြင်း ဖြစ်ပါ သည်။

မြန်မာနှင့် ရုရှား နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်သည့် (၇၅) နှစ်မြောက် နှစ်ပတ်လည်နေ့ကို မြန်မာနိုင်ငံနှင့် ရုရှားနှစ်နိုင်ငံလုံးတွင် ခမ်းနားကြီးကျယ်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ဆယ်စုနှစ်စုကျော်အကြာတွင် နှစ်နိုင်ငံအကြား ဆက်ဆံရေးသည် အထူးသဖြင့် ကာကွယ်ရေးနှင့် လုံခြုံရေး ကဏ္ဍများတွင် ပိုမိုခိုင်မာအားကောင်းလာခဲ့ပါသည်။
 
လွန်ခဲ့သည့် နှစ်အနည်းငယ်တွင်မူ ထိုကဏ္ဍများတွင်သာမက အခြားသော ကဏ္ဍများတွင်လည်း ပူးပေါင်းဆောင် ရွက်မှုများ တိုးတက်လာခဲ့ပါသည်။ မကြာသေးမီက လျှပ်စစ်နှင့် စွမ်းအင်၊ အာကာသနှင့် နျူကလီးယားစွမ်းအင် ကဏ္ဍများအပါအဝင် အခြားကဏ္ဍများတွင် ပူးပေါင်းလုပ်ဆောင်ရန် အခွင့် အလမ်းများ ပေါ်ထွက်လာခဲ့ပါသည်။ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ရန်ကုန်မြို့တော်၌ ရုရှားနှင့် မြန်မာတို့ ပူးပေါင်းတည်ဆောက်သည့် နျူကလီးယား နည်းပညာ သတင်းအချက်အလက် စင်တာ (Nuclear Technology Infor-mation Center)ကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်ပေးခဲ့ သည်ကို တွေ့ရှိရပါသည်။ 

မျက်မှောက်ကာလ မြန်မာ - ရုရှား နှစ်နိုင်ငံဆက်ဆံရေးကို လေ့လာကြည့် မည်ဆိုလျှင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် လက်ထက်တွင် ပိုမိုသိတာထင်ရှားစွာ တိုးတက်စည်ပင်လာခဲ့ကြောင်း လေ့လာ တွေ့ရှိရပါသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အဖြစ် စတင်တာဝန်ယူသည့် ၂၀၁၁ ခုနှစ်ကတည်း ကပင် စတင်ကာ တပ်မတော်တည်ဆောက်ရေးကို အားသွန်ခွန်စိုက်  ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရပါသည်။ တပ်မတော်ကို တည်ဆောက်ရာတွင် စွမ်းရည်ထက်မြက်သည့် ခေတ်မီ တပ်မတော် Standard Army ဟူသော အယူအဆကို ဖော်ထုတ်ခဲ့ကြောင်း တွေ့ရပါသည်။

လူ့စွမ်းအား အရင်းအမြစ်သည် ခေတ်မီတပ်မတော် တည်ဆောက်ရေးတွင် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တာဝန်ယူချိန်မှ စတင်ကာ တပ်မတော်အတွင်း လူ့စွမ်းအား အရင်းအမြစ် တိုးတက်ရေးကို ဦးစားပေး လုပ်ဆောင်ခဲ့ပါသည်။ ထို့ကြောင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံအပါအဝင် ပြည်ပ နိုင်ငံများသို့ ပညာတော်သင် အများအပြား စေလွှတ်ခဲ့ပါသည်။ ယခုအခါ ရုရှားနိုင်ငံတွင် ဘွဲ့လွန်သင်တန်း တက်ရောက်ပြီးစီး အောင်မြင်သည့် တပ်မတော်အရာရှိ ၆၀၀၀ ကျော်အား မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ပါသည်။ 

ထိုအရာရှိများအနက် ၁၁ ဦးသည် ရုရှားနိုင်ငံ၏ အမြင့်ဆုံးဘွဲ့ဖြစ်သော Doctor of Technical Science (DSc.) ဘွဲ့အား ထိုက်ထိုက်တန်တန်ရရှိခဲ့ပြီး ဖြစ်ပါသည်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ပညာတော်သင်စေလွှတ်ရာတွင် တပ်မတော် အရာရှိများသာမကဘဲ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနမှ လက်ထောက် ကထိကဆရာများကိုပါ စေလွှတ်ခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။ ထိုဆရာများသည်လည်း ယခုအခါ သက်ဆိုင်ရာ ဝန်ကြီးဌာနများတွင် အဆင့်မြင့်ရာထူးများ ရရှိတာဝန် ထမ်းဆောင်နေကြပြီ ဖြစ်ပါသည်။ ဤသည်မှာ နိုင်ငံတော်အား ဟန်ချက်ညီ ဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပမ်းမှုဖြစ်သည်ဟု သုံးသပ်မိပါသည်။

စာရေးသူသည်လည်း နိုင်ငံတော်၏ စေလွှတ်မှုဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ အဆင့်မြင့်ဆုံး တက္ကသိုလ်ဖြစ်သည့် မော်စကိုနိုင်ငံတော်တက္ကသိုလ် (Moscow State University) တွင် ဆေးပညာ ဘွဲ့လွန်သင်တန်းများ တက်ရောက် သင်ကြားဖူးပါသည်။

မြန်မာ့တပ်မတော်အနေဖြင့် သိပ္ပံနှင့် နည်းပညာဆိုင်ရာများ အထောက်အကူ ပြုနိုင်ရန်နှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ သိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေး ကွန်ဖရင့် (Conference on Science and Technology) များကို နှစ်စဉ်ကျင်းပ ပြုလုပ်ပေးလျက်ရှိရာ ရုရှားနိုင်ငံရှိ တက္ကသိုလ်များမှ ပါမောက္ခများလည်း ပါဝင်ဆွေးနွေးကြကြောင်း လေ့လာတွေ့ရှိရပါသည်။ ရုရှားနိုင်ငံတွင် ပြုလုပ်သည့် Caucus 2020 ကဲ့သို့သော စစ်ဘက်ဆိုင်ရာ ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့်ခန်းများသို့လည်း ပုံမှန်စေလွှတ်ကာ ပါဝင်လေ့ကျင့်စေလျက် ရှိပါသည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်သည့် International Army Games ပြိုင်ပွဲများ၌ မြန်မာ့တပ်မတော်မှ တင့်ကားပြိုင်ပွဲဝင်အဖွဲ့၊ ဆေးတပ်ဖွဲ့ ပြိုင်ပွဲဝင်အဖွဲ့၊ လက်ဖြောင့်ရိုင်ဖယ် ပြိုင်ပွဲဝင်အဖွဲ့နှင့် လေကြောင်းချီတပ်ဖွဲ့ ပြိုင်ပွဲဝင်အဖွဲ့များသည် နှစ်စဉ်ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိပါသည်။ ထို Interna-tional Army Games ၏ Tank Biathlon ပြိုင်ပွဲသို့ သံချပ်ကာယန္တရား တပ်ဖွဲ့အနေဖြင့် နှစ်စဉ်ပါဝင်ယှဉ်ပြိုင် ခဲ့ရာ ၂၀၂၂ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သည့် Tank Biathlon ပြိုင်ပွဲ၏ Division-2 တွင် မြန်မာ့တပ်မတော် သံချပ်ကာ ယန္တရားတပ်ဖွဲ့အနေဖြင့် ပထမဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ သည်ကိုလည်း လေ့လာတွေ့ရှိရပါ သည်။ နှစ်နိုင်ငံဆက်ဆံရေး တိုးတက် ကောင်းမွန်ခြင်းမှသည် မိမိနိုင်ငံ တပ်မတော်သားများ၏ တိုက်ခိုက်ရေး စွမ်းရည်တိုးတက်စေရန် လုပ်ဆောင်နိုင်ခဲ့ကြောင်း တွေ့ရှိနိုင်ပါသည်။

၂၀၂၂ ခုနှစ် တတိယအကြိမ်မြောက် နိုင်ငံတကာ ဗိုလ်လောင်းများ အားကစား ပြိုင်ပွဲကို စိန့်ပီတာစဘတ်မြို့၌ ပြုလုပ်ရာ မြန်မာ့တပ်မတော် တပ်မတော် စစ်ကျောင်းကြီးများမှ ဗိုလ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်ကို လေ့လာတွေ့ရှိရပါသည်။ ပြိုင်ပွဲအမျိုးအစား ၂၀ အနက် သုံးမျိုးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရှိရပါသည်။ ပြိုင်ပွဲဝင် နိုင်ငံပေါင်း ၂၀ အနက် မြန်မာတပ်မတော် ဗိုလ်လောင်းများအနေဖြင့် နိုင်ငံအလိုက် အဆင့် ၈ ရရှိခဲ့ပါသည်။ တစ်ဦးချင်းအနေ ဖြင့်လည်း ရွှေတံဆိပ်နှင့် ငွေတံဆိပ် ဆုတံဆိပ်များလည်း ရရှိခဲ့ပါသည်။ မြန်မာနိုင်ငံမှ ဗိုလ်လောင်းများသည် ပထမဆုံး အတွေ့အကြုံအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်သော်လည်း ၎င်းတို့၏ ကြိုးစားအားထုတ်မှုကြောင့် ဆုတံဆိပ်များ ရရှိခဲ့ခြင်းဖြစ်သည်ကို တွေ့ရှိရပါသည်။ ဗိုလ်လောင်းဘဝမှာပင် နိုင်ငံတကာအတွေ့အကြုံများ ရရှိခဲ့ကြသည်။ နောက်နှစ်များတွင်လည်း ယခုကဲ့သို့ပင် စေလွှတ်ဝင်ရောက် ယှဉ်ပြိုင်စေမည်ဆိုလျှင် ၎င်းတို့အတွက် အတွေ့အကြုံကောင်းများ ရရှိလာမည် ဖြစ်သည်။ နိုင်ငံအချင်းချင်း ဆက်ဆံရေးတွင်လည်း ပိုမိုတိုးတက်ကောင်းမွန်စေရန် တည်ဆောက်လာနိုင်မည်ဟု သုံးသပ်မိပါသည်။ 

နှစ်နိုင်ငံ ပူးတွဲဥက္ကဋ္ဌများအဖြစ် ဆောင်ရွက်သည့် ရုရှား-မြန်မာ စစ်ဘက် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင် (Russia - Myanmar Commission on Military Technical Cooperation ကို ဖွဲ့စည်းထားရှိကာ နှစ်နိုင်ငံ စစ်ဘက်နည်းပညာဆိုင်ရာ ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း တွေ့ ရှိရပါသည်။ ထိုကော်မရှင်အနေဖြင့် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား စစ်ဘက်နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ မြန်မာ့တပ်မတော်ကို ခေတ်မီတပ်မတော် တစ်ရပ်အဖြစ် အဆင့်မြှင့်တင် တည်ဆောက်လျက်ရှိရာတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံက လူသားအရင်း အမြစ်ဆိုင်ရာ၊ နည်းပညာရပ်ပိုင်းဆိုင်ရာတို့တွင် လိုအပ်သည်များ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့မှုအခြေအနေ၊ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနှင့် စစ်ဘက်နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ရုရှားနိုင်ငံတွင် ကျင်းပ ပြုလုပ်လျက်ရှိသည့် ကာကွယ်ရေး စွမ်းရည်တိုးမြှင့်ရေးဆိုင်ရာ ပြိုင်ပွဲများနှင့် လေ့ကျင့်ရေးဆောင်ရွက်မှုများတွင် မြန်မာ့တပ်မတော်မှ ပါဝင်ယှဉ်ပြိုင် ဆောင်ရွက်လျက်ရှိပြီး ဆက်လက်ပါဝင် ဆောင်ရွက်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံ ကာကွယ်ရေးပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအပြင် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ကဏ္ဍပေါင်းစုံ၌တိုးမြှင့် လုပ်ဆောင်နိုင်မည့် အခြေအနေများ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲမှုအခြေအနေများနှင့် နှစ်နိုင်ငံ အစိုးရနှင့် တပ်မတော်နှစ်ရပ်အကြား ကဏ္ဍပေါင်းစုံတွင် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ ပုံမှန်အမြင်ချင်းဖလှယ် တွေ့ဆုံဆွေးနွေး လုပ်ဆောင်လျက်ရှိကြောင်း လေ့လာတွေ့ရှိရပါသည်။

စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင် ရွက်မှုများကို လေ့လာရာတွင် (၇) ကြိမ် မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်အား ယခုနှစ် စက်တင်ဘာလ ၅ ရက်မှ ၈ ရက် နေ့အထိ ရုရှားနိုင်ငံ အရှေ့ပိုင်း ဗလာဒီ ဗော့စ်တော့ခ်ရှိ အရှေ့ဖျား ဖက်ဒရယ် တက္ကသိုလ်ဝင်း (Far Eastern Federal University – FEFU) တွင် ကျင်းပခဲ့ပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထို (၇) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေး ဖိုရမ် (The 7th Eastern Economic Forum - 2022) ၏ မျက်နှာစုံညီအစည်းအဝေး (Plenary Session) ပါဝင် တက်ရောက်ဆွေးနွေးခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။ 

ထိုမျက်နှာစုံညီ အစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “စားနပ်ရိက္ခာလုံခြုံရေး (Food Security) ကဏ္ဍတွင် မြန်မာနိုင်ငံ၏ အရေးပါမှုနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် အခွင့်အလမ်း ကောင်းများ” ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားရာ လူသားများ အသက်ရှင် နေထိုင်လှုပ်ရှားသွားလာရန် လိုအပ်သော စွမ်းအင် (Energy) ကို အစားအသောက် များမှ ရရှိခြင်းဖြစ်သည့်အားလျော်စွာ စားနပ်ရိက္ခာလုံခြုံမှုရှိရေး (Food Secu-rity) သည် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် သက်ရှိလူသားများအားလုံးအတွက် အခြေခံအကျဆုံးနှင့် အဓိကအကျဆုံး လိုအပ်ချက်တစ်ခုပင် ဖြစ်ပါကြောင်း၊ စားနပ်ရိက္ခာလုံခြုံရေး (Food Security) ဆိုသည်မှာ နိုင်ငံတစ်ခုအတွင်း နေထိုင် ရှင်သန် ရပ်တည်လျက်ရှိသည့် သက်ရှိများအားလုံးအတွက် လုံလောက်သော စားနပ်ရိက္ခာ ထောက်ပံ့ပေးနိုင်ခြင်းပင် ဖြစ်သည်ဟု လွန်ခဲ့သော ဆယ်စုနှစ် များစွာတိုင်အောင် အဓိပ္ပာယ်ဖွင့်ဆိုခဲ့ကြပါကြောင်း၊ သို့ရာတွင် ဖွံ့ဖြိုးတိုးတက်လာသော ကုန်သွယ်ရေးလုပ်ငန်းများနှင့် အပြိုင် နိုင်ငံအသီးသီးအလိုက် စားသုံးကုန်များ ထုတ်လုပ်လာရာမှ ယနေ့ခေတ်တွင် အဆိုပါအဓိပ္ပာယ် ဖွင့်ဆိုမှုသည် ပြောင်းလဲလာခဲ့ပြီ ဖြစ်ပါ ကြောင်း၊ အထူးသဖြင့် ကမ္ဘာ့နိုင်ငံ အသီးသီးအနေဖြင့် ပြည်တွင်း၌ မထုတ် လုပ်နိုင်သည့် စားသုံးကုန်များကို နိုင်ငံတကာဈေးကွက်တွင် ဝယ်ယူတင်သွင်းမှုများ ပြုလုပ်လာကြသဖြင့် ဘဏ္ဍာရေးလုံခြုံမှု (Financial Security) သည် စားနပ်ရိက္ခာလုံခြုံရေး (Food Security) အပေါ် လွှမ်းမိုးလာလျက်ရှိသည်ကို တွေ့ရှိရပါကြောင်း ထည့်သွင်း ဆွေးနွေးသွားခဲ့ပါသည်။

ခရီးစဉ်အတွင်း နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်ကို တွေ့ရသည်။ ထိုသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံ၏ ဆက်ဆံရေးသည် (၇၅) နှစ် ပြည့်မြောက်တော့မည်ဖြစ်ပြီး ထူးခြားသည့် သမိုင်းကြောင်းရှိသည့် ဆက်ဆံရေး ဖြစ်ကြောင်း ထည့်သွင်း ဆွေးနွေးထား သည်။ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးရာတွင်လည်း ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား သံတမန် ဆက်ဆံမှု၊ နိုင်ငံရေး၊စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ငွေကြေးနှင့် ဘဏ်လုပ်ငန်းကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေး၊ သိပ္ပံနှင့်နည်းပညာ ကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ အာကာသနှင့် ဂြိုဟ်တုနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံ ခရီးသွားလုပ်ငန်းများ အပြန်အလှန် တိုးတက်လာစေရေး၊ မြန်မာနိုင်ငံသို့ ရုရှားနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ လာရောက်ရင်းနှီးမြှုပ်နှံစေရေး ဖိတ်ခေါ် မှုများ၊ နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြု၍ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတွင် အသုံးချနိုင်ရေးတို့ အပါအဝင် ကဏ္ဍပေါင်းစုံတို့၌ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့် ဆောင်ရွက်နိုင်ရေးတို့နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း လေ့လာတွေ့ရှိရသည်။ ထိုသည်တို့ကို ကြည့်ခြင်းအားဖြင့် အနာဂတ်တွင် နှစ်နိုင်ငံအကြား ဘက်စုံကဏ္ဍစုံမှ ပူးပေါင်းဆောင်ရွက်မှုများ ယခုထက် ပိုမိုတိုးတက်လာဖွယ်ရှိကြောင်း လေ့လာ တွေ့ရှိရပါသည်။

မကြာသေးမီက ရုရှားနှင့် တရုတ်တို့ ဦးဆောင်ပါဝင်သည့် ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်မှုအဖွဲ့ (Shanghai Cooper-ation Organization – SCO) သို့ ဆွေးနွေးဖက်နိုင်ငံ (Dialogue Partner) အဖြစ် ဝင်ရောက်ရန် မြန်မာနိုင်ငံ၏ လျှောက်ထားမှုအား အတည်ပြုလက်ခံခဲ့ခြင်းကို ကြည့်ခြင်းအားဖြင့် နှစ်နိုင်ငံ ချင်းသာမက နိုင်ငံစုံဆက်ဆံရေး တိုးတက်လာသည်ကို တွေ့ရှိနိုင်ပါသည်။ မဝေးတော့သည့် အနာဂတ်တွင်လည်း မြန်မာနိုင်ငံအား Observer အဆင့်အတန်း ပေးအပ်ဖွယ်ရှိသည်ဟု သုံးသပ်မိပါသည်။ ထိုမှတစ်ဆင့်တက်ကာ SCO အဖွဲ့ဝင်အဖြစ်သို့ တက်လှမ်းသွားသင့်ပါသည်။ စစ်အေးတိုက်ပွဲပြီးဆုံးချိန် Bipolar World အဆုံးသတ်ပြီးနောက် အမေရိကန် ဦးဆောင်သည့် Unipolar World သာ ကျန်ရှိခဲ့ပါသည်။ နောက်ပိုင်း တရုတ်နှင့် ရုရှားအင်အားကြီးထွားလာမှု၊ သဘောထားတူညီရာဖြစ်စေ၊ ပထဝီ အနေအထားတူရာဖြစ်စေ နိုင်ငံများ စုပေါင်းပြီး ဒေသတွင်းပူပေါင်းဆောင်ရွက်မှု အစုအဖွဲ့များ (Regional Coope-ration Organizations) (ဥပမာ Shanghai Cooperation Organization (SCO), BRICS, BRICS Plus) များ ဖွဲ့စည်းလာခြင်းသည် ဗဟုဝင်ရိုး ကမ္ဘာခေါ် Multipolar World အား ဦးတည်လာခြင်းဖြစ်သည်။ လက်ရှိ ကမ္ဘာ့ အခင်းအကျင်းသည် စိတ်ဝင်စားစရာများဖြင့် ပြည့်နှက်လျက်ရှိပါသည်။

နှစ်နိုင်ငံလုံးအတွက် ပိုမိုကျယ်ပြန့်သော ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်နေသည့်ကဏ္ဍသည် Think Tanks များ အချင်းချင်းဆက်ဆံရေးနှင့် ပညာရပ်ဆိုင်ရာ Institution များ အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးတို့ ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် “Think Tank” ဆိုသည့် စကားလုံးအား လူအများစုက ရင်းနှီးကျွမ်းဝင်ခြင်း မရှိကြပါ။  အကြံပေးပညာရှင် အဖွဲ့အစည်းများသည် ကမ္ဘာလုံးဆိုင်ရာ၊ ဒေသဆိုင်ရာနှင့် အမျိုးသားရေးဆိုင်ရာ မူဝါဒများချမှတ်ရာတွင် အဓိကအခန်း ကဏ္ဍကနေ ပါဝင်လုပ်ဆောင်ကြိုးပမ်းနေကြသည့် သုတေသနအဖွဲ့များဖြစ်ပါ သည်။ အကြံပေးပညာရှင် အဖွဲ့အစည်းများသည် နိုင်ငံရေး၊ ကာကွယ်ရေး၊ စီးပွားရေး၊ လုံခြုံရေး၊ ပတ်ဝန်းကျင်၊ သိပ္ပံနှင့်နည်းပညာ စသည့်နယ်ပယ် များစွာတွင် သုတေသနနှင့် အကြံပေး လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိကြပါသည်။

၂၀၂၂ ခုနှစ် သြဂုတ်လအတွင်း စာရေးသူသည် ရုရှားကာကွယ်ရေး ဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းသို့ သွားရောက်ခဲ့ပါသည်။ ခရီးစဉ်အတွင်း စိန့်ပီတာစဘတ်မြို့တော် အစိုးရ ပြည်ပဆက်ဆံရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ မစ္စတာ ဗီတာလီ ဆိုလိုနက် စကီး၊ The Alexander Gorchakov Public Diplomacy Fund တို့အပါအဝင် မော်စကိုနှင့် စိန့်ပီတာစဘတ်မြို့ အခြေစိုက် Think Tanks များနှင့် တွေ့ဆုံမှုများ ပြုလုပ်ခဲ့ပါသည်။ ထိုခရီးစဉ်အတွင်း သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့နှင့် စိန့်ပီတာစဘတ်မြို့တော် အခြေစိုက် Omega LLC တို့အကြား သုတေသနနှင့် ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုသဘောတူစာချွန်လွှာတစ်ရပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။

ဆက်လက်ပြီးလည်း The Alexan-der Gorchakov Public Diplomacy Fund နှင့် သဘောတူညီချက်အရ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့က မြန်မာနိုင်ငံမှ လူငယ်ပညာတော်သင်များကို ရုရှားနိုင်ငံသို့ ဂျာနယ်လစ်ဇင်နှင့် အခြားကဏ္ဍများတွင် လေ့လာရန် သုံးလအတွင်း နှစ်ကြိမ် စေလွှတ်နိုင်ခဲ့ပါသည်။

အပြန်အလှန်အားဖြင့် သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့၏ ဖိတ်ကြားမှုအရ Moscow State Institute of International Relations (MGIMO University) နှင့် People’ Friendship University of Russia (RUDN University) တို့မှ ဒုတိယ ပါမောက္ခချုပ်များအပါအဝင် ရုရှားနိုင်ငံမှ နာမည်ကျော် တက္ကသိုလ်များနှင့် အခြား အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ယမန်နှစ် နိုဝင်ဘာလ အတွင်းက တစ်ပတ်ကြာ လာရောက် လေ့လာလည်ပတ်ခဲ့ပါသည်။ ၎င်းကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တို့နှင့်လည်း တွေ့ဆုံဆွေးနွေးခွင့် ရရှိခဲ့ပါသည်။ အဆိုပါခရီးစဉ်သည် အလွန်ပင် အောင်မြင်သည့် ခရီးစဉ်တစ်ခုဖြစ်ကြောင်း နှစ်ဖက်လုံးက အသိအမှတ်ပြုကြပါသည်။ ထိုခရီးစဉ်အတွင်း သေနင်္ဂ မဟာဗျူဟာလေ့လာရေးအဖွဲ့နှင့် ရုရှားနိုင်ငံ Moscow State Institute of International Relations (MGIMO University) တို့အကြား ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန် လွှာတစ်ရပ်ကိုလည်း လက်မှတ်ရေးထိုး နိုင်ခဲ့ပါသည်။ 

စာရေးသူအနေဖြင့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့က ရုရှား ဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်သံရုံး၊ စိန့်ပီတာ စဘတ်မြို့တော် ပြည်ပဆက်ဆံရေးကော်မတီနှင့် စိန့်ပီတာစဘတ် ရေကြောင်း နည်းပညာတက္ကသိုလ်တို့ ပူးပေါင်းစီစဉ်ကျင်းပသည့် ရုရှား-မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်သည့် (၇၅) နှစ်မြောက် စိန်ရတုနှစ်ပတ်လည့်နေ့ အထိမ်းအမှတ် ကွန်ဖရန့်တွင် တက်ရောက်ဆွေးနွေးခွင့် ရရှိခဲ့ပါသည်။ အထက်ပါ အကြောင်းအရာများသည် မြန်မာနှင့် ရုရှား နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန်စေရေးအတွက် အကြံပေးပညာရှင်အဖွဲ့များ (Think Tanks) များ၏ လုပ်ဆောင်မှုများ ဖြစ်ပါသည်။ ရှေ့ဆက်လက်၍လည်း နှစ်နိုင်ငံ အကြံပေးပညာရှင်အဖွဲ့များ ပူးပေါင်း ဆောင်ရွက်မှုများအား တိုးချဲ့လုပ်ဆောင် သွားကြရမည်ဖြစ်ပါသည်။ 

နိဂုံး

ရုရှားနိုင်ငံခြားရေး မူဝါဒဖြစ်သည့် ဗဟုကမ္ဘာသို့ ဦးတည်ရာလမ်းကြောင်း သွယ် (The Path to Multipolar World) ကို အောင်မြင်စွာ အကောင်အထည်ဖော် နိုင်ရန်အတွက် အရှေ့ဖျားစီးပွားရေးဖိုရမ် (Eastern Economic Forum) တို့ကဲ့သို့ သော စီးပွားရေးဖိုရမ်များက အရေးပါ လျက်ရှိနေသည်။ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၆ ရက်က ပြုလုပ်သည့် (၁၀) ကြိမ် မြောက် မော်စကို နိုင်ငံတကာလုံခြုံရေး ဆွေးနွေးပွဲ (The X Moscow Conference on International Security) ဖွင့်ပွဲတွင် သမ္မတ ဗလာဒီမာပူတင်က ဧကဝင်ရိုး ကမ္ဘာဆိုသည်မှာ အတိတ်တွင် ကျန်ခဲ့ပြီ ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့ပါသည်။ကာကွယ်ရေးဝန်ကြီး General of the Army ရွှိုင်းဂူကလည်း အမေရိကန် နှင့် ၎င်းမဟာမိတ်များ၏ အကြွင်းမဲ့ လွှမ်းမိုးချုပ်ကိုင်မှုသည် အတိတ်က အရာဖြစ်သွားပြီ။ ယူကရိန်းတွင် အထူး စစ်ဆင်ရေး စတင်ဆင်နွှဲသည့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်မှစပြီး ဧကဝင်ရိုး ကမ္ဘာအဆုံးသတ်သွားခြင်းဖြစ်သည်ဟု ပြောကြားခဲ့ပါသေးသည်။ 

အမေရိကန်ဦးဆောင်နေသည့် ဧကဝင်ရိုးကမ္ဘာ (Unipolar World) ကို အဆုံး သတ်စေပြီး ဗဟုဝင်ရိုးကမ္ဘာ (Multipolar World) အစပျိုးရန် လုပ်ဆောင်နေသည် ကို မြင်တွေ့ရမည် ဖြစ်ပါသည်။ ရုရှားသည် အရှေ့တောင်အာရှဒေသအတွင်း တွင် လာအို၊ ဗီယက်နမ်၊ မြန်မာတို့နှင့် ပိုမိုရင်းနှီးချစ်ကြည်သည့် ဆက်ဆံရေးရှိပါသည်။ ရုရှားသည် အရှေ့တောင်အာရှ ဒေသအပါအဝင် အာရှ-ပစိဖိတ်ဒေသ ကြီးအား ယခင်ကထက် ပိုမိုအလေးထားလာသည်ကို တွေ့ရှိရသည်။ 

မိမိတို့မြန်မာနိုင်ငံသည့် လွတ်လပ်၍ တက်ကြွသော နိုင်ငံခြားရေးမူဝါဒကို လက်ခံကျင့်သုံးလျက်ရှိပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅) ရပ်ကို ကျင့်သုံးလျက်ရှိပါသည်။ ဘက်မလိုက်သည့် နိုင်ငံခြားရေးမူဝါဒအား ကျင့်သုံးလျက် ရှိသော်လည်း မိမိတို့နိုင်ငံ၏ အကျိုးစီးပွား ကိုလိုလားသော ရုရှားကဲ့သို့ မိတ်ဆွေနိုင်ငံ များနှင့် ပိုမိုရင်းနှီးချစ်ကြည်စွာ ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ပါသည်။ 

မိမိတို့နှစ်နိုင်ငံသည် နှစ်ပေါင်းများစွာ မိတ်ဆွေကောင်းပီသစွာဖြင့် နေထိုင်ခဲ့ကြပါသည်။ သံတမန်ဆက်ဆံရေး ကောင်းမွန်သည်သာမက နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား မိတ်ဆွေကောင်း ပီသစွာဖြင့် ဆက်ဆံရေးကောင်းများကို တည်ဆောက်နိုင်ခဲ့ပါသည်။ စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်မှုကဏ္ဍတွင် အောင်မြင်စွာ ဆောင်ရွက် နိုင်ခဲ့သကဲ့သို့ အရပ်ဘက်ဆက်ဆံရေး၊ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကဏ္ဍတို့တွင်လည်း ခိုင်မာသည့် ဆက်ဆံရေးသမိုင်းကောင်းကို ဆက်လက်တည်ဆောက်သွားရမည်ဖြစ်ပါသည်။ သမ္မတပူတင်က နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် မြန်မာသည် အရှေ့တောင် အာရှဒေသတွင် ကျွန်ုပ်တို့ ကာလရှည် လက်တွဲနေသည့် ယုံကြည်ရသော မိတ်ဖက်နိုင်ငံဖြစ်သည်ဟု ပြောကြား ခဲ့သည်ကို တွေ့ရပါသည်။ မြန်မာနှင့် ရုရှား နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး (၇၅) နှစ် ပြည့်မြောက်သည့် ၂၀၂၃ ခုနှစ်မှသည် ကမ္ဘာတည်သရွေ့ ဆက်လက် အဓွန့်ရှည် တည်တံ့ခိုင်မြဲပါစေကြောင်း ဂုဏ်ပြုရေးသားဖော်ပြအပ်ပါသည်။ ။