အော်စကာဆုပေးပွဲကြီး ကျင်းပပြီးစီး

၂၆  ဖေဖော်ဝါရီ

 

ဟောလိဝုဒ်ရဲ့ အထင်ကရ ရုပ်ရှင်ထူးချွန်ဆုပေးပွဲတစ်ပွဲဖြစ်တဲ့ အော်စကာဆုပေးပွဲရဲ့ ယခုနှစ်အတွက် အခမ်းအနားကို ဖေဖော်ဝါရီ ၂၄ ရက်က ကျင်းပပြီးစီးခဲ့ပြီဖြစ်ပါတယ်။ ယခုနှစ်မှာတော့ “Bohemian Rhapsody” ရုပ်ရှင်က ထူးချွန်ဆုလေးဆုကို သိမ်းပိုက်နိုင်ခဲ့ပြီး ယခုနှစ်အတွက် အော်စကာဆုအများဆုံးရရှိခဲ့တဲ့ ရုပ်ရှင်ဖြစ်လာခဲ့ကြောင်း သိရပါတယ်။

 

ယခုနှစ်ရဲ့ အကောင်းဆုံးရုပ်ရှင်အဖြစ် “Green Book”က ဆွတ်ခူးခဲ့ပါတယ်။ အကောင်းဆုံး အမျိုးသား သရုပ်ဆောင်ဆုကိုတော့ “Bohemian Rhapsody”  ရဲ့ ဇာတ်ဆောင်မင်းသား ရမ်မီမာလက်ခ်က ရရှိခဲ့ပါတယ်။

 

“ဆုပေးပွဲအခမ်းအနားအပြီး အမှတ်တရဓာတ်ပုံ စုပေါင်းရိုက်ကူးဖို့ရာ အော်စကာဆုရှင်တွေ စင်မြင့်ထက် ပြန်လည်နေရာယူရာမှာတော့ မာလက်ခ်ဟာ စင်မြင့်ထက်ကနေ ပရိသတ်ထဲကို ပြုတ်ကျခဲ့ပါတယ်။” အဲဒီအဖြစ်အပျက်ကို မီဒီယာတွေက ဓာတ်ပုံရိုက်ကူးထားနိုင်ခဲ့တာလည်း တွေ့ရပါတယ်။

 

ယခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆုကိုတော့ မင်းသမီး အိုလီဗာကိုးလ်မန်းက ရရှိခဲ့ပါတယ်။ အိုလီဗာကိုးလ်မန်းဟာ ရာဇဝင်ရုပ်ရှင်တစ်ကားဖြစ်တဲ့ “The Favourite” မှာ အဓိကဇာတ်ဆောင်အဖြစ် ပါဝင်ထားကာ အော်စကာဆုကို ယင်းရုပ်ရှင်နဲ့ ဆွတ်ခူးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

 

အေးပြည့်