ဆိုးလ် ဒီဇင်ဘာ ၂၇
အော်စကာဆုရ Parasite ရုပ်ရှင်ဇာတ်ကား တွင် ၎င်း၏ သရုပ်ဆောင်မှုကြောင့် လူသိများ ကျော်ကြားသည့် တောင်ကိုရီးယားမင်းသား လီဆန်ဂျွန်းသည် ဒီဇင်ဘာ ၂၇ ရက်က ဆိုးလ်မြို့၌ သေဆုံးလျက်တွေ့ရှိကြောင်း နိုင်ငံတကာသတင်းများတွင် အကျယ်တဝင့် ဖော်ပြထားသည်။
ကားတစ်စီးအတွင်း၌ တွေ့ရှိ
၎င်းသည် တရားမဝင်မူးယစ်ဆေးဝါး သုံးစွဲမှု စွပ်စွဲချက်များနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးခံနေရ သူလည်း ဖြစ်သည်။ မင်းသား လီဆန်ဂျွန်းကို မြို့တော်အလယ်ပိုင်း ပန်းခြံတစ်ခုအနီး၌ ရပ်ထား သည့် ကားတစ်စီးအတွင်း၌ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း တောင်ကိုရီးယားမီဒီယာက အစီရင်ခံ ဖော်ပြသည်။
ဖုန်းခေါ်ဆိုမှု လက်ခံရရှိပြီးနောက် ရဲတပ်ဖွဲ့က လီကို လိုက်လံရှာဖွေခဲ့
လီဆန်ဂျွန်းမှာ သေကြောင်းကြံစည်သည့် ပုံစံနှင့်တူသော စာတစ်စောင်ချန်ထားရစ်ပြီး ပျောက်ဆုံးသွားကြောင်း ၎င်းမိသားစုထံမှ ဖုန်းခေါ်ဆိုမှု လက်ခံရရှိပြီးနောက် ရဲတပ်ဖွဲ့က လီကို လိုက်လံရှာဖွေခဲ့သည်။ အသက် ၄၈ နှစ်အရွယ် မင်းသား လီဆန်ဂျွန်းသည် အကောင်းဆုံး ဇာတ်ကားဆုအပါအဝင် အကယ်ဒမီဆုလေးဆု ဆွတ်ခူးရရှိခဲ့သော Parasite ရုပ်ရှင်ဇာတ်ကား တွင် အဓိကဇာတ်ဆောင်နေရာမှ ပါဝင်သရုပ်ဆောင်ထားသူဖြစ်သည်။
မူးယစ်ဆေးဝါးသုံးစွဲမှုသံသယဖြင့် စုံစမ်းမေးမြန်းခြင်း ခံခဲ့ရ
ထို့အပြင် လီသည် အခြားသောရုပ်ရှင်နှင့် ဒရာမာဇာတ်ကားများတွင်လည်း ပါဝင်သရုပ်ဆောင် ထားသည်။ သို့သော်လည်း မကြာသေးမီက ဆေးခြောက်နှင့် အခြားတရားမဝင် မူးယစ်ဆေးဝါး သုံးစွဲမှုသံသယဖြင့် ရဲတပ်ဖွဲ့၏ စုံစမ်းမေးမြန်းခြင်းကို ခံခဲ့ရသည်။
အင်န်အိတ်ချ်ကေ