အောက်တိုဘာ ၁၄

အော်ဂဲနစ်စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်သော ဟင်းသီးဟင်းရွက်များ ဈေးကွက်ကောင်းမွန်နေကြောင်း ဧရာဝတီတိုင်းဒေသကြီးရှိ တောင်သူများထံမှ သိရသည်။

"အခုဆိုရင် ကျွန်တော်တို့ဆီမှာတော့ အော်ဂဲနစ်စနစ်နဲ့ စိုက်ပျိုးထုတ်လုပ်တဲ့ သီးနှံတွေကို ဒေသတွင်း စားသုံးမှု များလာပါတယ်။ ကျန်းမာရေးကို အထောက်အကူပြုစေတယ် ဆိုတာကို လူတော်တော်များများက နားလည်လက်ခံလာကြပြီ။ ပညာရှင်တွေ အဖွဲ့တွေကလည်း အော်ဂဲနစ်စနစ်နဲ့ သက်ဆိုင်ရာ အကြောင်းတွေကို လူတွေသိရှိအောင် ပြောပြပေးကြတယ်ဆိုတော့လေ။ ခုနောက်ပိုင်း ဓာတုပိုးသတ်ဆေး ဓာတုမြေဩဇာတွေနဲ့ စိုက်ပျိုးထားတဲ့ ဟင်းရွက်တွေထက် အော်ဂဲနစ်နဲ့ စိုက်ပျိုးထားတာကို ပိုစားသုံးလာကြပါတယ်။" ဟု ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်မှ ဟင်းသီးဟင်းရွက်စိုက်ပျိုးသူ ဦးထွန်းဝင်းက ပြောသည်။

ဓာတုပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ဓာတ်မြေဩဇာများကို အလွန်အကျွံ သုံးစွဲစိုက်ပျိုး၍၊ ရိတ်သိမ်းချိန်လွန် နည်းပညာများနှင့်အညီ စနစ်တကျ မခူးဆွတ်ပါက စားသုံးသူများ၏ ကျန်းမာရေးကို အနည်းနှင့်အများဆိုသလို ထိခိုက်စေနိုင်ကြောင်း သိရသည်။

"ဟင်းသီးဟင်းရွက်တွေမှာ ဓာတုဓာတ်ကြွင်းတွေ ကျန်နေတဲ့အခါ စားသုံးသူတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေတယ်။ စိုက်ပျိုးထားတဲ့ မြေကြီးမှာလည်း ဓာတ်ကြွင်းတွေ ကျန်ခဲ့တယ်။ ဒါ့ကြောင့် မြေပျက်တာတို့၊ မြေအချဉ်ဓာတ်များတာတို့တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ အော်ဂဲနစ်နဲ့စိုက်ပျိုးတာက ဓာတုနဲ့စိုက်ပျိုးတာလောက် အထွက်နှုန်းတော့ တအားမများပေမယ့်လည်း ကျန်းမာရေးအသိရှိတဲ့သူတွေ များလာတဲ့အတွက် ဈေးကွက်တော့ ရှိလာပါတယ်။"ဟု ဦးထွန်းဝင်းက ဆက်လက်ပြောသည်။

ကိုဗစ်-၁၉ တတိယလှိုင်းကာလအတွင်း စိုက်ပျိုးရေးဆိုင်ရာ သွင်းအားစုစရိတ်များ အဆမတန် မြင့်တက်နေသည့်အတွက် တောင်သူများအနေဖြင့် သဘာဝပိုးနှင်ဆေး၊ ပိုးပြေးဆေးများနှင့် သဘာဝမြေဩဇာများကို ကိုယ်တိုင်ထုတ်လုပ် သုံးစွဲလာကြကြောင်း သိရှိရသည်။

နန်းထက်ထက်ချစ်