ပွင့်ဖြူ အောက်တိုဘာ ၆
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာများနှင့် အခြားသော နာမကျန်း လူနာများအတွက် အောက်ဆီဂျင်လိုအပ်ချက် အခက်အခဲ မဖြစ်စေရေးအတွက် ပွင့်ဖြူမြို့၊ သက်တော်ရှည်ရပ်ကွက်ရှိ စကားဝါလမ်းထောင့်နှင့် အင်ကြင်းလမ်းထောင့်ရှိ မြေကွက်တွင် အောက်ဆီဂျင်စက်ရုံ တည်ဆောက်လျက်ရှိရာ အောက်တိုဘာ ၅ ရက်က ၂၀၀ ကေဗွီအေ ထရန်စဖော်မာနှင့် စပ်ဆက်ပစ္စည်းများ ရောက်ရှိလာပြီဖြစ်၍ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးတင့်ဇော်နှင့် ဝန်ထမ်းများက လျှပ်စစ်မီးအသုံးပြုနိုင်ရေး လုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိကြောင်း အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်ဝမ်းထံမှ သိရသည်။
တည်ဆောက်နေသည့် အောက်ဆီဂျင်စက်မှာ 30 Nm3/h အမျိုးအစားဖြစ်ပြီး တစ်ရက်လျှင် ၄၀ လီတာ အောက်ဆီဂျင်အိုး အလုံးရေ ၁၂၀ ခန့် ထွက်ရှိမည်ဖြစ်ကြောင်း၊ အဆိုပါ အောက်ဆီဂျင်စက်အား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးခြင်းဖြစ်ပြီး စက်တန်ဖိုး ငွေကျပ် သိန်း ၉၀၀ ကျော်ရှိကြောင်း၊ စက်ရုံတည်ဆောက်ခြင်းနှင့် အခြားစပ်ဆက်လုပ်ငန်းများကို မြို့နယ်ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ် သမ္မာဆန္ဒ ကရုဏာရှင်များ နာမှုကူညီရေးအသင်းနှင့် မြို့မိ မြို့ဖများ ပူးပေါင်း၍ တည်ဆောက်နေခြင်းဖြစ်ပြီး စက်ရုံတည်ဆောက်ခြင်း အတွက် ခန့်မှန်းကုန်ကျငွေ ကျပ် သိန်း ၇၀၀ ခန့် ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။
ရဲဝင်းနိုင်(ညောင်ဦး)