ဆိပ်ဖြူ  ၁၅  စက်တင်ဘာ

 

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ် မြင်ကဝကျေးရွာအုပ်စု အောက်ဆိပ်လျှပ်စစ်မြစ်ရေတင် စီမံကိန်း၌ တောင်သူများ စိုက်ပျိုးရေပြည့်ဝစွာရရှိရေး ရေပေးမြောင်းဖောက်လုပ်ရာတွင် ပါဝင်သွားသည့် မြေယာများအတွက် တတိယအကြိမ် မြေယာလျော်ကြေး ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အောက်ဆိပ် လျှပ်စစ်မြစ်ရေတင်စီမံကိန်း ရှင်းလင်းဆောင်တွင် ပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေးက မြေယာလျော်ကြေး ပေးအပ်ရခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားပြီး အောက်ဆိပ် လျှပ်စစ်မြစ်ရေတင် စီမံကိန်း ရေပေးမြောင်းဖောက်လုပ်ရာတွင် ပါဝင်သွားသည့် ကျေးရွာ(၅) ရွာမှ တောင်သူ (၂၁၂)ဦး၏  မြေယာ (၃၇)ဧကအတွက် ကိုင်းမြေ တစ်ဧကလျှင် (၁၉)သိန်း၊ ယာမြေ တစ်ဧကလျှင် (၁၄) သိန်းနှုန်းဖြင့် ငွေကျပ် သန်းပေါင်း ၅၁ ဒသမ ၈၀ သန်းအား တာဝန်ရှိသူများက တောင်သူများထံ ပေးအပ်ခဲ့သည်။

 

အဆိုပါ အောက်ဆိပ် လျှပ်စစ်မြစ်ရေတင်စီမံကိန်းကို ၂၀ဝ၆ ခုနှစ်တွင် စတင်အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ပြီး ဧရာဝတီမြစ်မှ စိုက်ပျိုးရေးရယူ၍ ထပ်ဆင့်ရေတင် (၃)ဆင့်၊ ပင်မမြောင်း (၁)ခု မြောင်လက်တံ (၁၀)ခုဖြင့် ဒေသခံ တောင်သူများ၏ စပါးနှင့် အခြားသီးနှံများအတွက် စိုက်ပျိုးရေများ ပေးဝေလျက်ရှိကြောင်း သိရသည်။

 

စိုးလင်းနိုင်(ပြန်/ဆက်)