ဆိပ်ဖြူ ဇွန် ၂၂
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် အောက်ဆိပ်လျှပ်စစ်မြစ်ရေတင်စီမံကိန်း စိုက်ပျိုးဧရိယာအတွင်းမှ မိုးသီးနှံစိုက်ပျိုးမည့် တောင်သူများအတွက် စပါးပျိုးထောင်ရေနှင့် မြေပြင်ဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုးရေများကို လွှတ်ပေးနေပြီဖြစ်ကြောင်း သိရသည်။
၂၀၂၄ ခုနှစ် မိုးသီးနှံအတွက် ဆိပ်ဖြူအောက်ဆိပ်မြစ်ရေတင်စီမံကိန်းတွင် မိုးစပါး (၅၅၅) ဧက၊ ဆီထွက် သီးနှံနှင့် ပဲမျိုးစုံ၊ ချည်မျှင်ရှည်ဝါ အစရှိသော အခြားသီးနှံ (၉၄၅) ဧက စုစုပေါင်း (၁၅၀၀) ဧက စိုက်ပျိုးနိုင်ရန် လျာထားပြီး မြစ်ရေတင်စိုက်ပျိုးဧရိယာအတွင်းရှိ ဒေသခံတောင်သူများ၏ စိုက်ပျိုးထုတ်လုပ်သော သီးနှံများ အောင်မြင်ဖြစ်ထွန်းစေရန်နှင့် သီးထပ်သီးညှပ်များ တိုးချဲ့စိုက်ပျိုးဆောင်ရွက်နိုင်ရေးတို့အတွက် စိုက်ပျိုးရေ ပြည့်ဝစွာရရှိနိုင်ရေးတို့ကို စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများထံမှ သိရသည်။
ဒေသခံတောင်သူများ၏ မိုးသီးနှံစိုက်ပျိုးချိန်အမှီ စတင်စိုက်ပျိုးလို့သည့် ရက်များအတွက် လျှပ်စစ် မြစ်ရေတင်မှ တာဝန်ရှိသူများ၊ ရေပေးဝေရေးကော်မတီအဖွဲ့များနှင့် ဒေသခံတောင်သူများတွေ့ဆုံ၍ စိုက်ပျိုးရေပေးမည့် စီမံဆောင်ရွက်ချက်များကို ညိနှိုင်းဆောင်ရွက်ခဲ့ကာ မိုးစပါးပျိုးထောင်ရေနှင့် စိုက်ပျိုး မြေပြင်လုပ်ငန်းများအတွက် စိုက်ပျိုးရေကို ဇွန် ၁၅ ရက်နေ့မှစတင်၍ ဆောင်ရွက်ပေးခဲ့ကြောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများကလည်း ဒေသခံတောင်သူများ၏ စိုက်ပျိုးသီးနှံများ အောင်မြင် ဖြစ်ထွန်းစေရန် သီးနှံအထွက်တိုး မျိုးကောင်းမျိုးသန့်များ ချိတ်ဆက်ဆောင်ရွက်ပေးခြင်း၊ စိုက်ပျိုးရေး နည်းစနစ်၊ သွင်းအားစုနှင့် သီးနှံများတွင် ကျရောက်တတ်သော ပိုးမွှားအန္တရာယ်တို့ကို ရှင်းလင်း ပြောကြားပေးလျက်ရှိကြောင်း သိရသည်။
အောက်ဆိပ်မြစ်ရေတင်စီမံကိန်း မိုးသီးနှံစိုက်ဧက (၁၅၀၀)အတွက် ဧရာဝတီမြစ်မှ ရေတင်စက် (၃)ခု၊ ပင်မမြောင်းနှင့် လက်တံမြောင်း(၁၀)တို့မှတစ်ဆင့် ရေပေးမြောင်းများသို့ စိုက်ပျိုးရေပြည့်ဝစွာရရှိရေး အတွက် ဆောင်ရွက်လျက်ရှိကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများထံမှ သိရသည်။
စိုးလင်းနိုင်(IPRD)


