၂၄ ဒီဇင်ဘာ

 

 

အောက်စဖို့ဒ် တက္ကသိုလ်နဲ့ ဆေးကုမ္ပဏီ အက်စတရာ ဇက်နီကာတို့ ပူးတွဲထုတ်လုပ်ထားတဲ့ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုး ကာကွယ်ဆေးအား အသုံးပြုခွင့် ရရှိရန် Oxford-AstraZeneca က ဗြိတိန်အစိုးရထံမှာ ခွင့်ပြုချက် လျှောက်ထားကြောင်း ကျန်းမာရေးဝန်ကြီးက ဗုဒ္ဓဟူးနေ့မှာ ပြောကြားပါတယ်။

 

 

ကျန်းမာရေးဝန်ကြီး မတ် ဟန်းကော့က အောက်စဖို့ တက္ကသိုလ်နဲ့ အက်စတရာ ဇက်နီကာတို့ ပူးပေါင်းထုတ်လုပ်တဲ့ ကာကွယ်ဆေးက အချက်အလက် အပြည့်အစုံ ပါရှိတဲ့ မှတ်တမ်းနဲ့အတူ MHRA ထံမှာ သုံးစွဲခွင့် တောင်းခံထားကြောင်း၊ ဒါဟာ ကာကွယ်ဆေး နောက်တစ်မျိုးအား အသုံးပြုခွင့်ပေးနိုင်တဲ့ နောက်ထပ် ခြေလှမ်းတစ်ခုဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောကြားပါတယ်။

 

 

အဲဒီ သတင်းစာ ရှင်းလင်းပွဲမှာ တောင်အာဖရိကနိုင်ငံမှာ ဗီဇပြောင်း ဗိုင်းရပ်စ်မျိုးကွဲအသစ် နောက်တစ်မျိုး တွေ့ရှိကြောင်း အတည်ပြု ပြောကြားပြီး  ခရီးသွားလာခွင့်ကို တားမြစ်နိုင်ကြောင်း ကျန်းမာရေးဝန်ကြီးက ထည့်သွင်းပြောကြားပါတယ်။

 

 

ဗြိတိန်နိုင်ငံဟာ  Pfizer/BioNTech ဆေးကုမ္ပဏီထုတ် ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကာကွယ်ဆေးကို ပထမဆုံး သုံးစွဲခွင့် ပေးခဲ့တဲ့ နိုင်ငံဖြစ်ပြီး ကာကွယ်ဆေးကို နိုင်ငံတစ်ဝန်းရှိ ဦးစားပေး ထိုးနှံပေးရမယ့်သူတွေအား ထိုးနှံပေးနေရာ လူပေါင်း ၅၀၀,၀၀၀ အထိ ကာကွယ်ဆေး ရရှိပြီးကြောင်း သိရပါတယ်။

 

 

ဗြိတိန်နိုင်ငံက အောက်စဖို့ တက္ကသိုလ်နဲ့ အက်စတရာ ဇက်နီကာတို့ ပူးပေါင်းထုတ်တဲ့ ကာကွယ်ဆေး သန်း ၁၀၀ မှာထားကြောင်း သိရပါတယ်။

 

 

MDN

ကိုးကား - AFP