ဘုတ်ပြင်း၊  ၁၀  ဇန်နဝါရီ

 

မြန်မာနိုင်ငံတွင် အောက်ချင်းမြီးရှည်ငှက် ထိန်းသိမ်းရေးစီမံကိန်းလုပ်ငန်းများကို ၂၀၂၀ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း (BANCA)မှ သိရသည်။

 

ကမ္ဘာပေါ်တွင် အောက်ချင်း၊ အောင်လောင်ငှက် မျိုးစိတ် စုစုပေါင်း ၆၂ မျိုးရှိပြီး အာရှတွင် ၃၂ မျိုးနှင့် အာဖရိကတွင် ၃၀ မျိုးရှိကာ မျိုးစိတ် ၂၆ မျိုးမှာ ကမ္ဘာပေါ်တွင်မျိုးသုဉ်းမှုအန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း၊ အောက်ချင်း/ အောင်လောင်ငှက် အမျိုးအစားတွင်ပါဝင်ပြီး ကိုယ်ခန္ဓာအရွယ်အစားကြီးသည့် အောက်ချင်းမြီးရှည်ငှက် (Helmeted Horbill)သည်လည်း ကမ္ဘာပေါ်တွင် မျိုးသုဉ်းမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသော ငှက်မျိုးစိတ်တစ်မျိုးဖြစ်သည်။

 

အဆိုပါငှက်မျိုးစိတ်သည် အပူပိုင်းအမြဲစိမ်းတောနှင့် မြေနိမ့်မြေပြန့်တောတွင် နေထိုင်ကျက်စားတတ်ပြီး ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံ တနင်္သာရီတိုင်းဒေသကြီး၊ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့တွင်သာ တွေ့ရှိကာ စင်ကာပူနိုင်ငံတွင် မျိုးသုဉ်းပျောက်ကွယ်သွားပြီဟုယူဆထားပြီး ကမ္ဘာပေါ်တွင် စုစုပေါင်း အကောင်ရေ ၁၀၀၀ အောက်သာကျန်ရှိတော့သည်ဟု ဆိုသည်။ 

 

အာရှနိုင်ငံများတွင် ထိုငှက်သည် သားရိုင်းတိရစ္ဆာန်ရောင်းဝယ်ဖောက်ကားမှုတွင် အဓိကပါဝင်သော ငှက်အမျိုးအစား ဖြစ်ပြီး ၎င်းတို့ကို ဖမ်းဆီးရောင်းဝယ်မှုများကြောင့် အကောင်ရေများ တစ်ဟုန်ထိုးကျဆင်းလာသည့်အတွက် ၂၀၁၅ ခုနှစ်တွင် IUCN အနီရောင်စာရင်းအရ မျိုးသုဉ်းမည့်အန္တရာယ် စိုးရိမ်နေရသည့်အဆင့် (Near Threatened) မှ  မျိုးသုဉ်းမည့်အန္တရာယ် ရင်ဆိုင်နေရာသောငှက်မျိုးစိတ် (critically endangered)သို့ တိုးမြှင့်သတ်မှတ်ခြင်း ခံရကြောင်း၊ ထို့အတူ မြန်မာနိုင်ငံတွင် ကာကွယ်ထားသောဥပဒေအရ လုံးဝကာကွယ်ထားသော မျိုးစိတ်ဖြစ်ကြောင်း ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း (BANCA) မှ အမှုဆောင် ဒါရိုက်တာ ဒေါက်တာသီရိဒေဝီအောင် က ပြောသည်။

 

မြန်မာနိုင်ငံတွင် အောက်ချင်း/အောင်လောင်ငှက်မျိုးစိတ် စုစုပေါင်း  ၁၁ မျိုးရှိပြီး အောက်ချင်းမြီးရှည်ငှက်ကို တနင်္သာရီတိုင်းဒေသကြီးတောင်ပိုင်း ဘုတ်ပြင်းမြို့နယ်ရှိ လေညာသစ်တောကြိုးဝိုင်းနှင့် ငဝန်သစ်တောကြိုးဝိုင်း တို့တွင်သာ တွေ့ရှိရကြောင်း၊ အခြား အောက်ချင်း/အောင်လောင်ငှက်များနှင့်မတူသောအချက်မှာ ဦးခေါင်းပေါ်ရှိ အမောက်ကဲ့သို့ ဖြစ်နေသည့်အရာသည် အခေါင်းပေါက်မဟုတ်ဘဲ အပိတ်ဖြစ်နေပြီး ငှက်ဖိုများတစ်ကောင်နှင့် တစ်ကောင်တိုက်ခိုက်ရာတွင် အသုံးပြုကြောင်း၊ အဓိကအားဖြင့် အသီးစားသောငှက်ဖြစ်ပြီး မစင်စွန့်ရာမှ ထိုမစင်တွင်ပါသော အစေ့မှအပင်ပြန်ပေါက်သည့်အတွက် တောထဲတွင် သစ်ပင်စိုက်ပေးသူများအဖြစ်လည်း ခေါ်ဆိုကြကြောင်း သိရသည်။ 

 

“BANCA အနေနဲ့ ၂၀၁၉ ခုနှစ်မှာ တနင်္သာရီတိုင်းဒေသကြီး တောင်ပိုင်းဒေသတွေမှာ သုတေသနပြု ဆောင်ရွက်ချက်အရ တနင်္သာရီတိုင်းဒေသကြီး တောင်ဘက်ပိုင်းမှာရှိတဲ့ သစ်တောကြိုးဝိုင်းတွေဟာ အောက်ချင်းမြီးရှည်ငှက် နေထိုင်ကျက်စားရာ အဓိကနေရာတွေအဖြစ် လေ့လာတွေ့ရှိခဲ့ပါတယ်။ လက်ရှိကာလမှာ အောက်ချင်းမြီးရှည်ငှက်တွေ နေထိုင်ကျက်စားတဲ့ သစ်တောဧရိယာတွေ ကျဉ်းမြောင်းလာခြင်းနဲ့ သူတို့ရဲ့ ခေါင်းပေါ်မှာရှိတဲ့အမောက်ကို ရောင်းဝယ်ဖောက်ကားဖို့သတ်ဖြတ်ခြင်း စတဲ့  ခြိမ်းခြောက်မှုအန္တရာယ်နဲ့ ရင်ဆိုင်နေရ ပါတယ်။ ဒါ့အပြင် သစ်တောများပြုန်းတီးခြင်း၊ စိုက်ခင်းများကျုးကျော်လာခြင်း၊ လမ်းဖောက်လုပ်ခြင်း၊ မိုင်းတူးခြင်းတို့ကလည်း ငှက်မျိုးစိတ်တွေ ရှင်သန်ရပ်တည်မှုအတွက်  ခြိမ်းခြောက်မှုတွေဖြစ်နေပြီး အဲဒါမျိုးတွေ ဆက်လက်ဖြစ်ပေါ်နေမယ်ဆိုရင် နောက်လာမယ့် နှစ်အနည်းငယ်အတွင်းမှာ တနင်္သာရီ တောင်ပိုင်းရှိ  သဘာဝတောထဲကနေ လုံးဝမျိုးသုဉ်းပျောက်ကွယ်သွားနိုင်ပါတယ်ဟု ဒေါက်တာသီရိဒေဝီအောင် က ဆိုသည်။

 

BANCA အနေဖြင့် သစ်တောဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် တနင်္သာရီတောင်ပိုင်းတွင် ထိန်းသိမ်းရေးလုပ်ငန်းများကို ၂၀၂၀ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ယင်းကာလတွင် ကမ္ဘာ့ကူးစက်ရောဂါ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားခဲ့သဖြင့် လုပ်ငန်းများနှောင့်နှေးခဲ့ရကြောင်း၊ အဆိုပါအောက်ချင်းမြီးရှည်ငှက် ထိန်းသိမ်းရေးစီမံကိန်း လုပ်ငန်းများကို တနင်္သာရီတောင်ပိုင်း သစ်တောကြိုးဝိုင်းများတွင် ၂၀၂၀ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ 

 

သတင်း-ပိန်းဇလုပ်သိန်းညွန့်၊ ဓာတ်ပုံ-လေးဝင်း(WILD)

 

Helmeted Hornbill-

 

Helmeted Hornbill-2