၃၁ ဩဂုတ်
နယူးဇီလန်နိုင်ငံရဲ့ အကြီးဆုံးမြို့ အော့ကလန်းမှာ ဗိုင်းရပ်စ်ပိုး ကူးစက်မှု ပြန်လည် ဖြစ်ပွားခဲ့ပြီးနောက် မြို့ကို ဩဂုတ် ၁၂ ရက်နေ့မှစပြီး အသွားလာ ကန့်သတ်ခဲ့ပါတယ်။
ဒီနေ့ ဩဂုတ် ၃၁ ရက်နေ့မှာတော့ အသွားအလာကန့်မှု ရုပ်သိမ်းပြီး ကျောင်းတွေ ပြန်ဖွင့်နေတာကို တွေ့ရပါတယ်။ ဝန်ကြီးချုပ် ဂျက်စင်ဒါ အာဒန်ရဲ့ မိန့်ခွန်းမှာ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုး ပျံ့နှံ့မှု ဒုတိယလှိုင်းကို ထိန်းလိုက်နိုင်ပြီဖြစ်ကြောင်း၊ အော့ကလန်းမြို့ခံတွေလည်း အပြင်ကို သွားနိုင်ပြီ ဖြစ်ကြောင်း၊ ကျောင်းမဟုတ်ဘဲ မြို့တွင်းမှာ လူ ၁၀ ဦးထက်ပိုပြီး စုဝေးခွင့် မပြုကြောင်းနဲ့ နိုင်ငံတစ်ဝန်းက အများသုံး ယာဉ်တွေပေါ်မှာ မျက်နှာဖုံး ဝတ်ဆင်ရမှာဖြစ်ကြောင်း ပြောကြားသွားပါတယ်။
လူဦးရေ ၁.၅ သန်း နေထိုင်တဲ့ အော့ကလန်းမြို့မှာ ဒေသတွင်း ကူးစက်မှု ၄ ခု တွေ့ရှိလိုက်တဲ့အတွက် နယူးဇီလန် နိုင်ငံမှာ နိုင်ငံတွင်း ဗိုင်းရပ်စ်ပိုး ကူးစက်မှု မရှိတဲ့ ရက်ရေတွက်မှု ၁၀၂ မှာ ရပ်ဆိုင်းသွားပါတယ်။ ဗိုင်းရပ်စ်ပိုး ပြန်လည်ကူးစက်မှုမှာ ကူးစက်ခံရသူ ၁၄၁ ဦးအထိ ရောက်ရှိခဲ့ပါတယ်။
ဒီနေ့ တနင်္လာနေ့မှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၄ ဦးရှိကြောင်း သိရပါတယ်။ ဗိုင်းရပ်စ်ပိုး ကူးစက်သူ တွေ့ရှိပေမယ့် အသွားအလာ ကန့်သတ်မှု ရပ်ဆိုင်းရန် လုံခြုံတယ်လို့ ဝန်ကြီးချုပ် အာဒန်က ပြောပါတယ်။
ဝန်ကြီးချုပ်က လူတိုင်းဟာ ဗိုင်းရပ်စ်ပိုးကို တိုက်ဖျက်ရန် ကျန်းမာရေး စည်းမျဉ်းတွေကို လိုက်နာဖို့ လိုအပ်ကြောင်း ဆက်ပြောပါတယ်။
ဗိုင်းရပ်စ်ပိုး တကျော့ပြန် ကူးစက်မှုကြောင့် နယူးဇီလန်နိုင်ငံက အထွေထွေ ရွေးကောက်ကို အောက်တိုဘာ ၁၇ ရက်အထိ တစ်လ နောက်ဆုတ်ထားပါတယ်။
နယူးဇီလန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ စုစုပေါင်း ၁,၇၃၈ ဦးရှိပြီး သေဆုံးသူ ၂၂ ဦးရှိကြောင်း၊ ပြန်လည် ကျန်းမာလာသူ ၁,၅၈၅ ဦးရှိပြီး ဆေးကုသမှု ခံယူနေဆဲ ၁၃၁ ဦးရှိကြောင်း သိရပါတယ်။
MDN
ကိုးကား - AFP