ရန်ကုန် ၂၇ ဇန်နဝါရီ
“အောင်ဆန်း” ရုပ်ရှင်ရိုက်ကူးရေးအတွက် စာရေးဆရာကြီး၊ ဆရာမကြီးများနှင့် အကြံပြု ဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် အမျိုးသားကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိရုပ်ရှင်ရိုက်ကူး ထုတ်လုပ်ရေးလုပ်ငန်း ကော်မတီတွဲဖက်အတွင်းရေးမှူး ၂ ဦးလူမင်းက ဆွေးနွေးပွဲကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ဒါရိုက်တာပန်းချီစိုးမိုးက အောင်ဆန်းရုပ်ရှင်တွင် ပါဝင်သည့်ဇာတ်ကောင်များ၏ စရိုက်လက္ခဏာများနှင့် စပ်လျဉ်း၍ ဆရာကြီး၊ ဆရာမကြီးများက အကြံပြု ဆွေးနွေးပေးပါရန် ပြောကြားသည်။
ဆွေးနွေးပွဲသို့ ဆရာကြီးဒေါက်တာသန်းဦး၊ ဂုဏ်ထူးဦးသိန်းနိုင်၊ အထောက်တော် စိန်ထွန်းအောင်၊ ဆရာချစ်စံဝင်း၊ တက္ကသိုလ်လှကြွယ်၊ စာရေးဆရာမကြီး ဒေါ်ကြွယ်ကြွယ် (မကြွယ်ကြွယ်)၊ ဒေါ်ကြည်ကြည်လှ (ကြည်ကြည်လှ)၊ ဦးတင်လှိုင်(လယ်တွင်းသားစောချစ်)၊ ဒေါက်တာရီရီလှ(ယုဝတီခင်ဦး)၊ ဒေါက်တာတင်အောင်အေး၊ တက္ကသိုလ်စိန်တင်၊ ဦးမောင်မောင်စိုးတင့်၊ ဦးဝင်းငြိမ်း၊ ဦးမြတ်ခိုင်၊ မြန်မာနိုင်ငံစာရေး ဆရာအသင်း ဗဟိုအလုပ် အမှု ဆောင် ဦးသိန်းအေးတို့တက်ရောက်ကြပြီးဗိုလ်ချုပ်အောင်ဆန်း၏ စရိုက်လက္ခဏာ၊ စိတ်ဓာတ်၊ စိတ်နေစိတ်ထား၊ အပြောအဆို၊ အမူအရာ၊အနေအထိုင်၊ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့သည့် စကားများ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဆက်နွှယ်သူများ၏ စရိုက်လက္ခဏာများ၊ စိတ်နေစိတ်ထား၊ ဝတ်စားဆင်ယင်မှုများစသည်တို့နှင့်စပ်လျဉ်း၍ အကြံပြုဆွေးနွေးကြသည်။
စာရေးဆရာတက္ကသိုလ်စိန်တင်က “ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဇာတ်ကားက မရိုက် မဖြစ် ဇာတ်ကားပါ၊ အသက်ပေးပြီး မြန်မာ့လွတ်လပ်ရေးကိုရအောင်ယူပေးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဇာတ်ကားတစ်ကားရှိကိုရှိရမယ်၊မရှိလို့မဖြစ်ပါဘူး၊နောင်လာနောက်သားတွေအတွက် နယ်ချဲ့ကို တိုက်ခဲ့တဲ့ ဗိုလ်ချုပ်ကိုပြချင်တယ်၊ ဗိုလ်ချုပ်အောင်ဆန်း ပြောသွား တဲ့စကားတွေ ဇာတ်ကားရိုက်တဲ့အခါမှာ မပါမှာစိုးလို့ ဆွေးနွေးခဲ့တယ်၊ ပြည်သူတွေ မျှော်လင့်နေတဲ့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ကြီးက မကြာခင် အကောင်အထည်ပေါ် လာပါ တော့မယ်” ဟုပြောသည်။
ဆရာကြီးဒေါက်တာသန်းဦးက “၁၉၄၆-၄၇ တုန်းကဆရာကြီးက ကျောင်းသား သမဂ္ဂဥက္ကဋ္ဌ လွတ်လပ်ရေးကြိုးပမ်းနေတဲ့ကာလ ဗိုလ်ချုပ်ကတရားလာဟောတဲ့အချိန် ကိုယ်တိုင်မြင် တွေ့ခဲ့ရတယ်၊ ပြောတဲ့ စကားတွေလည်း ကိုယ်တိုင်ကြားခဲ့ရတယ်၊ မှတ်သား ခဲ့ရတော့ စိတ်ထဲမှာအင်မတန်ကြည်နူးခဲ့ရတယ်၊ ဗိုလ်ချုပ်ကဖြောင့်မတ်တယ်၊ ရိုးရှင်းတယ်၊ ဖြူစင်တယ်၊ ဟန်ကြီးပန်ကြီးမရှိဘူး၊ သူ့ရုပ်ရှင်ကိုရိုက်တဲ့အခါမှာ ကြည့်မယ့်ကလေးတွေက နောင်လာနောက်သားတွေဖြစ်တယ်၊ ဗိုလ်ချုပ်ရဲ့စရိုက်လက္ခဏာကို ပေါ်အောင်ပြနိုင်ဖို့လိုတယ်၊ အတုမြင် အတတ်သင်ဆိုသလို ကလေးတွေ အတုယူစေချင်တယ်၊လွတ်လပ်ရေးအတွက် အသက်စွန့်ကြိုးပမ်းဆောင်ရွက်ပေးသွားတဲ့ ဗိုလ်ချုပ်လိုကျန်တဲ့သူတွေကလည်း လွတ်လပ် ရေးကို အသက်နဲ့လဲပြီးထိန်းမယ်ဆိုတဲ့စိတ်မျိုးပေါ်လာစေချင်တယ်၊ အဲဒါကိုပေါ်လာအောင် ဒီရုပ်ရှင်က message ပေးသွားနိုင်ဖို့ မျှော်လင့်တယ်၊ဗိုလ်ချုပ်ပြောသွားတဲ့ “ပန်းတိုင်ကို မျက်ခြည်မပြတ်နဲ့ ”ဆိုတဲ့စကားကသမိုင်းတစ်ခုလုံး၊ သူပြောသွားတဲ့ မိန့်ခွန်းတစ်ခုလုံးရဲ့ အနှစ်ချုပ်လို့ပြောလို့ရတယ်”ဟုပြောသည်။
"ဗိုလ်ချုပ်အောင်ဆန်းရဲ့ဇနီးဒေါ်ခင်ကြည်က ရိုးသားဖြူစင်တယ်၊ သူများကိုလည်း ကူညီတတ်တယ်၊ရိုးသားစွာဝတ်ဆင်တယ်၊ စနစ်တကျသုံး စွဲတယ်၊ သည်းခံနိုင်တဲ့ စိတ်လည်းရှိတယ်"ဟုဒေါ်ခင်ကြည်၏ စိတ်နေစိတ်ထား နှင့် ပတ်သက်ပြီး ဆရာမကြီးဒေါ်ကြွယ်ကြွယ်က ပြောသည်။
သတင်း-ရီရီမြင့်
ဓာတ်ပုံ-ရဲထွဋ်