အောင်ဇေယျ ကြိုးတံတားအတက်၊အဆင်းလမ်းပိုင်း ယာဉ်ကြောပိတ်ဆို့မှုကင်းဝေးသွား

ရန်ကုန် ၃ ဇန်နဝါရီ

ရန်ကုန်မြို့၏မြစ်ကူးတံတားတစ်စင်းဖြစ်သော အင်းစိန်းမြို့နယ်နှင့် လှိုင်သာယာမြို့နယ်ကို ဆက်သွယ်ထားသည့်  အောင်ဇေယျကြိုးတံတားပေါ်မှ ဧရာဝတီတိုင်းဒေသကြီးမှ ယာဉ်များ၊ လှိုင်သာယာ စက်မှုဇုန်နှင့်ခရီးသွားပို့ဆောင်ရေး ယာဉ်များနေ့/ညဖြတ်သန်းလျက်ရှိရာ တံတားချည်ကပ်လမ်းပိုင်းနှင့် တစ်ထိပ်မီးပွိုင့်ကြားရှိ ကတ္တရာလမ်းမှာ မကြာခဏပျက်ဆီးမှုကြောင့် တံတားအတက်၊အဆင်း ယာဉ်များသွားလာမှု အခက်အခဲ ဖြစ်ပေါ်ခဲ့ပြီး ယခုအခါ ထပ်ပိုးကွန်ကရစ်လမ်းပိုင်း ခင်းကျင်းမှုပြီးစီးပြီဖြစ်၍ ယာဉ်ကြောပိတ်ဆို့မှု ကင်းဝေးပြီဖြစ်ရာ ခရီးသွားပြည်သူအပေါင်း ကြည်နူးဝမ်းသာလျက်ရှိကြောင်း သိရသည်။

“အဘတို့က လှိုင်သာယာမှာ (၁၉၈၉)ခုနှစ်ထဲက နေလာတာ။ ဒီကြိုးတံတားက ဘုရင့်နောင်အမှတ် (၁) တံတားပြီးမှ ဆောက်တာ။ ဆောက်ပြီးထဲက တံတားအတက်လမ်း မတ်လွန်းတော့ ယာဉ်တွေနောက်ပြန်လန်ကျတာ မကြခဏပဲ။ ခေတ်အဆက်ဆက်မှာ လမ်းပိုင်းကို ဖာထေးကြတယ်။ခဏပဲပြန်ပေါက်ပြီး ကားတွေပိတ်တယ်။ ယာဉ်ထိန်ရဲလည်းမနိုင်ဘူး။ လမ်းဆုံမှာဆိုင်ကယ်ဂိတ်၊ ဈေးသည်တွေ လည်းရှိတော့ ပိုဆိုးတာပေါ့။ တံတားအတက်အဆင်းလမ်းလည်း ဖြစ်နေတယ်လေ။အခုအစိုးရလက်ထက်မှာ ရန်ကုန်-ညောင်တုန်းလမ်းကြီးကို တိုးချဲ့ပြီး ကွန်ကရစ်ထပ်ပိုးလွှာခင်းတာ တွေ့ရတော့ သွားရေးလာရေး အဆင်ပြေသွားပြီ။ ကားပိတ်လို့တံတားပေါ်က ဆင်းလျှောက်ဖို့လည်း မလိုတော့ဘူး။ အဘတော့ဝမ်းသာတယ်။ အားလုံးလည်းဝမ်းသာကြမှာပါ” ဟု လှိုင်သာယာ(၁) ထိပ်မီးပွိုင့်အနီးတွင် နေထိုင်သော အသက်(၈၇)နှစ်ရှိ အဘမောင်သိန်းက ပြောသည်။


အောင်ဇေယျကြိုးတံတား အဆင်းတံတားချဉ်ကပ်လမ်းမှစ၍ တစ်ထိပ်လမ်းစုံအထိ အရှည်ပေ(၁၀၅၀)ပေ၊ အနံ(၅၁)ပေနှင့် အမြင့်(၁၁)ပေ အား ဒီဇင်ဘာ(၁၇)ရက်နေ့မှ စတင်၍ ကွန်ကရစ်လမ်းအဖြစ်ခင်းခဲ့ ရာ ဒီဇင်ဘာ(၂၉)ရက်တွင် ပြီးစီးခဲ့ပြီး(၂၀၁၉)ခုနှစ်၊ ဇန်နဝါရီ(၂)ရက်နေ့တွင် ယာဉ်များလမ်း အပြည့်ဖြတ် သန်းသွားလာနိုင်လျက် ယခုအခါ အောင်ဇေယျကြိုးတံတားအတက်၊ အဆင်းလမ်းပိုင်း ယာဉ်ကြောပိတ်ဆို့မှု လုံးဝကင်းဝေးသွားပြီဖြစ်ကြောင်း သိရသည်။

တံတားအတက်၊ အဆင်းလမ်းပိုင်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား) အထူးတည်ဆောက်ရေးအဖွဲ့မှ ခင်းခြင်းဖြစ်ပြီး တံတားပလက်ဖောင်းကိုလည်း လမ်းပိုင်းနှင့်အညီ မြှင့်တင်ရန်လိုအပ်လျက်ရှိရာ အဆိုပါ တစ်ဖက်(၇)ပေကျော် အကျယ်ရှိ လူသွားလမ်းပလက်ဖောင်းကို ခင်းကျင်းပြီးပါက အောင်ဇေယျကြိုးတံတား အတက်၊ အဆင်းလမ်းပိုင်းမှာ တံတားအင်္ဂါနှင့်အညီ လှပသွားမည်ဖြစ်ပြီး ယခုလို အမြင့်(၁၁)ပေကွန်ကရစ်လမ်းကို ခင်းခြင်းကြောင့် တံတားအတက်တွင် ယာဉ်ကြီးများ သက်သောင့်သက်သာ သွားလာနိုင်ပြီဖြစ်ရာ အများပြည်သူသွားလာရေး အဆင်ပြေ ချောမွေ့စေလျက် နေ့စဉ်ယာဉ်ကြောပိတ်ဆို့မှု ကင်းဝေးမှုအပေါ် ဝမ်းသာပီတိဖြစ် လျက်ရှိကြောင်း သိရသည်။

သန်းထိုက်
ဓာတ်ပုံ - သန်းစိုး