ဒေါက်တာမြတ်မိုး
ထူးခြားမှုများစွာနှင့် ပြည့်နေသော ဗုဒ္ဓဘာသာဝင်အပေါင်းတို့၏ ကမ္ဘာ့ဗုဒ္ဓဘာသာနေ့၊ ကဆုန်လပြည့် ဗုဒ္ဓနေ့၊ ဤနေ့ ဤရက် ဤကာလဝန်းကျင်ရောက်တိုင်း မြတ်စွာဘုရား၏ အောင်မြင်ခြင်းအစုစုကို အဖန်ဖန် သတိရဆင်ခြင်မိသည်။ အဓမ္မကို ဓမ္မက ဘယ်လိုအောင်နိုင်ခဲ့ပါသလဲ သုံးသပ်နိုင်ခဲ့သည်။ ဓာတ်တွေ၊ သူသူငါငါ မထားနိုင်သည့် ပါရမီတရားများဖြင့် ရန်သူကိုအောင်နိုင်ခြင်း၊ ကိလေသာကိုအောင်မြင် ခြင်းမှတစ်ဆင့် ငြိမ်းချမ်းခြင်းကို မည်သို့ရရှိစေခဲ့ပါသလဲ။
ငြိမ်းချမ်းခြင်းကို ဓမ္မဖြင့်သာ အမှန်တည်ဆောက်နိုင်မည်ဟု ယုံကြည်
ကမ္ဘာ့ဗုဒ္ဓဘာသာနေ့အဖြစ် ၁၉၉၉ ခုနှစ် ကုလသမဂ္ဂညီလာခံမှ အစပြုခဲ့ရာ နိုင်ငံတကာ ရုံးပိတ်ရက်အဖြစ် ဗုဒ္ဓဘာသာကို လေးလေးစားစား အသိအမှတ်ပြု သတ်မှတ်ပေးခဲ့ခြင်းသည် ကမ္ဘာ့ဗုဒ္ဓဘာသာဝင်အပေါင်းအတွက် အထူးတလည် ဂုဏ်ယူစရာဖြစ်ရပါသည်။ ပိုပြီးလေးနက် သွားတာက ဗုဒ္ဓတရားတော်များ၊ ဗုဒ္ဓအကျင့်အကြံအားလုံးက လက်တွေ့ကျကျပင် အေးချမ်းခြင်း၊ ငြိမ်းချမ်းခြင်း၊ သာယာဝပြောခြင်းကို ပေးစွမ်းနိုင်သည်ဟု ကမ္ဘာကြီးက လက်ခံလာကြခြင်းပင်ဖြစ်သည်။
အကြောင်းရင်းက ဗုဒ္ဓတရားတော်များတွင် အမှန်တကယ် နာယူ၊ လေ့လာ၊ ကျင့်ကြံပွားများ အားထုတ်က ကာယသုခ၊ စိတ္တသုခနှစ်ဖြာသော ကိုယ်စိတ်ကျန်းမာ ချမ်းသာခြင်းကို တိုက်ရိုက် ပေးစွမ်းသည့် ဂုဏ်အင်များရှိနေခြင်းကြောင့် ဖြစ်သည်။ တစ်ဦးချင်းကိုယ်၊ စိတ်အေးချမ်းမှုမှ မိမိ၏ ပတ်ဝန်းကျင်၊ လူ့အဖွဲ့အစည်း၊ နိုင်ငံတိုင်းပြည်၊ ထိုမှသည် ကမ္ဘာကြီးအထိ ငြိမ်းချမ်းခြင်းများ ပျံ့နှံ့ တိုးပွားနိုင်စေ၍ဖြစ်ပါသည်။ သို့ဖြစ်လျှင် ဗုဒ္ဓဘာသာ သာသနာထွန်းကားရာ ဗုဒ္ဓဘာသာဝင် အများစုကြီးနေထိုင်ရာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာကော ဗုဒ္ဓ၏ အဆီအနှစ်များကို နှစ်နှစ်ကာကာ စားသုံးပြီး မငြိမ်းချမ်းသေးသည့် နိုင်ငံတော်ကြီးကို လျင်လျင်မြန်မြန် ငြိမ်းချမ်းအောင် ဓမ္မတရားဖြင့် မတည်ဆောက်နိုင်ကြဘူးလား၊၊
မြတ်ဗုဒ္ဓ၏ သားတွေသမီးတွေပဲ။ ဆန္ဒ၊ စိတ္တာ၊ ဝီမံသာ၊ ဝီရိယ၊ ဤအဓိပတိလေးပါးအားကြီးမှု ဖြင့်လည်းကောင်း၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုအပ်သော အမြင့်မြတ်ဆုံးသော တရားများဖြင့်လည်းကောင်း အမှန်တကယ်ကို တည်ဆောက်နိုင်သည်ဟု ယုံကြည်ပါသည်။
ထူးခြားမှုများဖြင့်
ကဆုန်လပြည့် ထူးမြတ်သောဗုဒ္ဓနေ့ပါတဲ့။ ဗျာ ဖွား ပွင့် စံ ဟူ၍ ဘယ်လောက်တောင် ထူးခြား မြင့်မြတ်နေပါသလဲ။ ဤနေ့ဤအခါတွင် ဘုရားအလောင်းတော် သုမေဓာရသေ့သည် ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟူ၍ ဒီပင်္ကရာမြတ်စွာဘုရားထံတွင် နိယတဗျာဒိတ်တော်ခံယူခဲ့ပြီး ခရစ်တော် မပေါ်မီ နှစ်ပေါင်း၂၆၀၀ (ဘီစီ-၆၂၃)၊ မဟာ သက္ကရာဇ်-၆၈ ခုနှစ် ဤနေ့ကဆုန်လပြည့် (သောကြာနေ့)တွင် ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားကို ဖွားမြင်တော်မူခဲ့ပါသည်။
မဟာသက္ကရာဇ်-၁၀၃ ခုနှစ် (ဘီစီ-၅၈၈)တွင် ဂေါတမဘုရားအလောင်းတော်အဖြစ် သဗ္ဗညုတ ဉာဏ်တော်ကို ရရှိတော်မူ၍ ကဆုန်လပြည့်(ဗုဒ္ဓဟူးနေ့) အရုဏ်တက်ချိန်တွင် ဘုရားဖြစ်တော်မူခဲ့သည်။ ဘုရားပွင့်ပြီး နောက်တစ်နှစ်တွင် (ဗုဒ္ဓဝင်အကျဉ်း ဟောတော်မူခဲ့သည်မှာလည်း ဤကဆုန် လပြည့်နေ့တွင်ဖြစ်သည်။ ဘုရားရှင်ပရိနိဗ္ဗာန်စံဝင် တော်မူသည်မှာလည်း မဟာသက္ကရာဇ်- ၁၄၈ ခုနှစ် (ဘီစီ-၅၄၃) ကဆုန်လပြည့် အင်္ဂါနေ့ ဤနေ့တွင်ပင် ဖြစ်သည်။ ဤမျှထူးခြားမှုများကြောင့်ပင် မြတ်စွာဘုရားနှင့် ဂုဏ်တော်များကို အလေးထားပူဇော်ရှိခိုးကြခြင်းဖြစ်ပါသည်။
ဘယ်သူတွေ အဘယ်တရားတွေကို အနိုင်ယူခဲ့ပါသလဲ
မြတ်စွာဘုရားသည် အောင်မြင်ခြင်းများစွာနှင့် ပြည့်စုံတော်မူသည်ဟု ဆိုခဲ့ပါသည်။ ဘာတွေကို ဘယ်လိုအောင်နိုင်ခဲ့လို့ပါလဲ။ အောင်တော်မူခြင်း အောင်ခြင်းရှစ်ပါးတရားတော်ကို နာယူခဲ့ကြဖူးမည် ဖြစ်ပါသည်။
မြတ်စွာဘုရားသည် မာရ်နတ်ကိုလည်းကောင်း၊ အာဠာဝကဘီလူးကိုလည်းကောင်း၊ နာဠာဂီရိဆင် ကိုလည်းကောင်း၊ အင်္ဂုလိမာလကိုလည်းကောင်း၊ စိဉ္စမာဏကိုလည်းကောင်း၊ သစ္စကပရိဗိုဇ်ကို လည်းကောင်း၊ နန္ဒောပနန္ဒနဂါးမင်းကို လည်းကောင်း၊ ဗကဗြဟ္မာကိုလည်းကောင်း အောင်နိုင်တော် မူခဲ့သည်။ အမှန်တကယ် ရတနာသုံးပါးကို မကြည်ညို၊ အနိစ္စ ဒုက္ခ အနတ္တကို မသိ၊ သစ္စာ လေးပါးအမှန်ကို မသိ၊ မိစ္ဆာအယူစွဲ ဝါဒစွဲ ပုဂ္ဂိုလ်စွဲ အမျိုးမျိုးရှိကြသည့် လောဘ ဒေါသ မောဟတရားဆိုးများဖုံးလွှမ်းနေသည့် ရန်သူအမျိုးမျိုးကို အောင်နိုင်တော်မူခဲ့ခြင်းဖြစ်သည်။
တစ်နည်း ဓမ္မက အဓမ္မကို အောင်မြင်တော်မူခဲ့ခြင်းဖြစ်ပြီး ကုသိုလ်တရားက အကုသိုလ်တရားကို အနိုင်ယူခဲ့ခြင်း၊ အစိုးမရ အနတ္တက အတ္တကို အနိုင်ယူခဲ့ခြင်းဖြစ်သည်။ မိမိတို့မှာ မမြဲ၊ ဆင်းရဲ၊ အစိုးမရသော ရုပ်နာမ်နှစ်ပါး၊ ခန္ဓာငါးပါးပဲရှိသည်၊ ဘာမှမမြဲ ဆင်းရဲခြင်း အနတ္တဟူသည့် ဓမ္မတရားက မြဲသည်၊ ချမ်းသာသည် အတ္တဖြစ်သည်ဟု သဿတ မိစ္ဆာဒိဋ္ဌိ အယူရှိကုန်သော အဓမ္မတရားတို့အား အနိုင်ယူခဲ့ခြင်းဖြစ်သည်။
အကယ်၍ အတ္တကအမှန်ဆိုပါက ဤရုပ် ဤခန္ဓာကို ဟိုလိုဖြစ်စေ၊ ဒီလိုဖြစ်စေဟုခိုင်း၍သော် လည်းကောင်း ရပ်တန့်ခိုင်း၍သော်လည်းကောင်း ရကို ရရပေမည်။ မအိုနှင့်၊ မနာနှင့်၊ မသေနှင့်ဟု တား၍လည်း ရကောင်းရနိုင်ပါလိမ့်မည်။ သို့သော် လက်တွေ့မှာ ထိုသို့မဟုတ်၊ တား၍သာရပါက ဘယ်သူမှ အို၊ နာ၊ သေ ဖြစ်ကြမည်မဟုတ်ပါ။ ဤသို့ ဓမ္မက အဓမ္မကို အနိုင်ယူခြင်းဖြင့် မငြိမ်းချမ်း မှုမှ ငြိမ်းချမ်းမှုသို့လည်းကောင်း၊ မတည်ငြိမ်ခြင်းမှ တည်ငြိမ်ခြင်းသို့လည်းကောင်း ရှေးရှုသည်ဖြစ်ခဲ့သည်၊ လောကကြီးကို အကောင်းဘက်သို့ ဦးတည်စေခဲ့ပြီး အောင်အတိတ်အောင်နိမိတ်ကိုလည်း ဆောင်ယူရာရောက်ခဲ့ပါသည်။
အောင်ခြင်းရှစ်ပါးမှာ မြတ်စွာဘုရားအောင်နိုင် ခဲ့သော ပုဂ္ဂိုလ်သတ္တဝါများတွင် လူ၊ နတ်၊ ဗြဟ္မာ၊ နဂါး ၊ ဘီလူး ၊ ဆင်စသည်တို့မှာ အင်အားအဆမတန် ကြီးမားသူများ ဖြစ်ကြသည်။ သို့သော် သူတို့ကို အသိဉာဏ်ပညာကင်းမဲ့သူများအဖြစ် မြတ်စွာ ဘုရားက ဝေဖန်ခဲ့သည်။ အသိဉာဏ်ကင်းမဲ့သူများ ဖြစ်၍လည်း အင်္ဂုလိမာလကဲ့သို့ သူများကုန်းချော ကုန်းတိုက်စကားကို အလွယ်ယုံပြီး လူသားများကို သတ်ဖြတ်သောင်းကျန်းသူများအဖြစ် မိုက်တွင်း နက်ခဲ့ကြခြင်းဖြစ်သည်။ အာဠာဝကဘီလူးကဲ့သို့ ပညာမရှိဘဲ ပညာချင်းပြိုင်၊ ဘုရားရှင်အပေါ် မနာလိုမုန်းတီးသူလည်း ပါခဲ့သည်။ ထို့ကြောင့်သာ ကြောက်မက်ဖွယ် နောက်ပါအခြံအရံ အလွန်ပေါများပြီး သာလွန်သော စစ်တပ်လက်ရုံး လက်နက် အင်အားအမြောက်အမြားကို မာရ်နတ်ကဲ့သို့ ပိုင်ဆိုင်သော်လည်း မြတ်စွာဘုရားကို အနိုင်မရခဲ့ခြင်းဖြစ်သည်။ ဗကဗြဟ္မာမင်းကဲ့သို့ အချို့သော ရန်သူများမှာ ပညာရှိသူတော်ကောင်းယောင်ဟန် ဆောင်ပြီး မာန်တက်ကြသည့်အတွက်လည်း ယုံကြည်သူ အများစုက သူတို့ကို ပညာရှိများအဖြစ် ထင်မှတ်မှားခဲ့ကြသည်။
သို့သော် အရပ်လေးမျက်နှာက တိုက်ခိုက်လာသည့် အင်အားများပြားသောရန်သူထုကြီးကို မြင်ရ ကြားရသောအခါ မြတ်စွာဘုရားကလွဲ၍ မည်သည့် နတ်၊ ဗြဟ္မာမဆို အလွန်ကြောက်ရွံ့ထိတ်လန့်ပြီး မည်သို့မှ ရပ်တည်ရန် မစွမ်းနိုင်ကြဘဲ လွတ်ရာသို့ ပြေးလွှား ရှောင်ပုန်းရသည်ချည်းဖြစ်သည်။ ဘုရားရှင်အား စွပ်စွဲပုတ်ခတ်စော်ကားခဲ့သည့် စိဉ္စမာဏဝိကာပရိဗ္ဗိုဇ်မဆိုလျှင် မြေကြီးဟက်တက်ကွဲ မြေမျိုခံခဲ့ရရှာသည်။ မြတ်စွာဘုရားနှင့် တွေ့ရ၊ ပူဇော်ခွင့်ရသည့် နန္ဒောပနန္ဒနဂါးမင်းကဲ့သို့ အချို့ရန်သူများသည် သူတို့၏အတ္တဘောကို စွန့်လွှတ်၍ မူလအရိုင်းဘဝမှ ယဉ်ကျေးသိမ်မွေ့ကုန်ကြသည်လည်းရှိကာ အချို့မှာ သံဝေဂရ အကျွတ်တရားရပြီး ရဟန်းဘဝခံယူသွားသည်အထိလည်း ဘုရားရှင်၏ အောင်မြင်မှုများကို တွေ့ရမည်ဖြစ်ပါသည်။
ဘယ်လိုတရားတွေကြောင့် မြတ်စွာဘုရားကို အနိုင်မယူနိုင်ခဲ့ပါသလဲ
သို့သော် နောက်ဆုံးမှာရန်သူများသာ ထွက်ပြေးရတော့သည်။ ရန်သူတို့မှာ အင်အား ကြီးမားသော်လည်း မြတ်စွာဘုရားကို ဘာကြောင့် အနိုင်မယူနိုင်ခဲ့ကြပါသလဲ၊ စဉ်းစားဆင်ခြင်ကြည့်သည့်အခါ ရန်သူတို့သည် မြတ်စွာဘုရား၏ ကုသိုလ် ပါရမီအထူးထူးကို လုံးဝမယှဉ်နိုင်ခြင်းကြောင့် ဖြစ်ကြောင်း ဆင်ခြင်ကြည့်နိုင်ပါသည်။ ပါရမီဆယ်ပါး အပြားသုံးဆယ်မှာ မေတ္တာပါရမီ ဥပေက္ခာပါရမီ ပညာပါရမီတို့၏အစွမ်းကား အလွန်ကြီးမားပါပေ စွ။ ဘုရားအလောင်းတော်ဘဝ ကာမဂုဏ်အာရုံတို့အား ငြီးငွေ့လွန်း၍ ကာမဝိတက်တို့ ဝေးရာသို့ နန်းစည်းစိမ်အပါအဝင် စည်းစိမ်အားလုံးကို စွန့်လွှတ်ပြီး တောထွက်ခဲ့သည့် ပါရမီအစွမ်းကလည်း အောင်မြင်ခြင်းအတွက် ပံ့ပိုးပေးပါသည်။
စတုတ္ထစျာန်ဝင်စားပြီး သမာပတ်ရကာ ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ ဝီမံသာဟူသော ဣဒ္ဓိပါဒ်လေးပါးနှင့် ပြီးပြည့်စုံပြီးသားဖြစ်သည့်အတွက် တန်ခိုးအရာ ယှဉ်ပြိုင်ရာမှာ ထင်ရှားလှသော ထူးချွန်မှုများစွာ ကို ပြသနိုင်ခဲ့ကြောင်းတွေ့ရပါသည်။ တန်ခိုးဖြင့် မယှဉ်၊ လက်ရုံးအားမကိုး၊မေတ္တာတရားဖြင့် ဖြေပြ၊ ဟောပြရုံဖြင့် သောတာပန် တည်ခဲ့သော အာဠာဝကဘီလူးမင်းကိုလည်း သာဓု ခေါ်စရာဖြစ်ခဲ့ပါသည်။ အမြတ်ဆုံးသော လောကီ လောကုတ္တရာ သဒ္ဓါ တရား၊ လူနတ်နိဗ္ဗာန်ချမ်းသာကို ပေးစွမ်းသည့် ဒါန၊ သီလ၊ ဘာဝနာ၊ အကောင်းဆုံးသော အရသာဖြစ်သည့် သစ္စာတရား၊ ပညာဖြင့်သာ အသက်ရှည်ခြင်းဖြစ်သည်ဟူသော အာဠာဝက ဘီလူးနှင့် ဘုရားရှင် အမေးအဖြေများ၊ သဒ္ဓါ၊ သတိ၊ ပညာ၊ ဝီရိယတရားတွေက ကိလေသာများကို ကင်းစင်စေပြီး ဘဝသံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်နိုင်သည့် တရားများဖြစ်သည်ဟူ၍ ဘီလူးကို ဖြေကြားခဲ့ပုံများမှာလည်း တကယ့်ဓမ္မ အနှစ်များပင်ဖြစ်သည်ဟူ၍ ဆင်ခြင်မိပါသည်။
မြတ်စွာဘုရားရှင်၏ အောင်ခြင်းရှစ်ပါးကို ဆင်ခြင်၍ အဓမ္မကို ဓမ္မက ဘယ်လိုလက်နက် အသွယ်သွယ်ဖြင့် အနိုင်ယူနိုင်မည်လဲ သံဝေဂယူပြီး သင်ခန်းစာထုတ်၊ လက်တွေ့ကျင့်ကြံ ကြိုးစား ရန် ဆုံးဖြတ်မိပါသည်။ မငြိမ်းချမ်းမှု၊ မတည်ငြိမ်မှုများဖြင့်ပြည့်နေသည့် ကမ္ဘာကြီးမှာ တည်ငြိမ် ငြိမ်းချမ်းမှုကို ပေးနိုင်စွမ်းသည့် လက်နက်များကို အနှစ်ထုတ်အရယူနိုင်ရပါမည်။ မြတ်စွာဘုရားရှင် ကဲ့သို့ မြင့်မြတ်သူတို့၏ လုပ်ငန်းစဉ်များအတိုင်း ထိုဓမ္မ လက်နက်များဖြင့် ဖြည့်စွမ်းနိုင်သွားလျှင် အောင်မြင် ခြင်းကို မလွဲမသွေရရှိမည်ဟု မုချယုံကြည်ပါသည်။
တကယ်တမ်းသတ်ရမည့်အရာ၊ ပယ်ရှားရမည့် အရာမှာ လူပုဂ္ဂိုလ်တွေ၊ နတ်တွေ၊ ဗြဟ္မာတွေ၊ ဘီလူး တွေ၊ နဂါးတွေ၊ ဆင်တွေ စသည် အထည်ကိုယ်တွေ မဟုတ်ပါ။ သတ္တဝါတွေသန္တာန်မှာ အမှန်ကိန်းအောင်း နေသည်မှာ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ အယူမှား စသည့် ကိလေသာတရားဆိုးများသာ ဖြစ်သည်ကို မြင်အောင်ကြည့်ကြပါစို့လား။ တရား ကိုမြင်၍ တရားကိုတကယ်ချစ်လျှင် မရှိသူတွေကို ပေးကမ်းစွန့်ကြဲပြီး သီလလုံအောင်ထိန်းကြမည်၊ အကောင်း၊ အဆိုးအာရုံတွေအပေါ် နှလုံးသွင်းမှန်၍ တတ်နိုင်သမျှ အကုသိုလ်မဖြစ်အောင် ဝီရိယထား ကျင့်ကြံကြိုးစားကြမည်၊ ဓမ္မဒါန ဓမ္မပညာများ အပြန်အလှန်မျှဝေကြမည်၊ မေတ္တာထား၍ သည်းညည်းခံကြမည်၊ မှန်သောစကားသာဆို၍ ချစ်လွန်၊ မုန်းလွန်ကို တတ်နိုင်သမျှ လျှော့ချကာ ဥပေက္ခာထား၍ အကုသိုလ်တရားဆိုးများ မဝင်အောင် ကာကွယ်ခြင်းဖြင့် ဆောင်ကုသိုလ်များ ပွားများလာအောင် ကြိုးစားကြမည်ဟု ခံယူထားရပါမည်။
ဤသို့ဖြင့်သာ ဓမ္မက အဓမ္မကို အနိုင်ယူနိုင်လိမ့်မည်ဟု ယုံကြည်၍ဖြစ်ပါသည်။ ။