အောင်လံ စက်တင်ဘာ ၁၇
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အောင်လံမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်သန်းက အဖွင့်မှာစကားပြောကြားရာတွင် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲသည် တည်ရှိနေဆဲဖြစ်သည့် ရိုးရာယဉ်ကျေးမှု အနုသုခုမ ပညာရပ်များမတိမ်မြုပ်၊ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက် မြှင့်တင်ပေးနေခြင်းဖြစ်၍ အားလုံးက ဂုဏ်ပြုကြိုဆိုအားပေးရမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြိုင်ပွဲဝင်မောင်မယ်များမှ မြန်မာ့ဂီတလှပဝေဆာ သီချင်းဖြင့်သီဆို ဖျော်ဖြေခြင်းခဲ့ပြီး ဆိုင်းတစ်ဦးချင်းပြိုင်ပွဲဝင်မှ ဧည့်ခံဖျော်ဖြေခြင်း၊ အခြေခံပညာ(၁၀-၁၅)အဆင့် မဟာဂီတအဆိုယှဉ်ပြိုင်ခြင်း၊ ခေတ်ဟောင်းကာလပေါ် အဆိုယှဉ်ပြိုင်ခြင်း၊ အခြေခံပညာ (၁၅-၂၀)အဆင့် ခေတ်ဟောင်းကာလပေါ် အဆိုယှဉ်ပြိုင်ခြင်း၊ တစ်ဦးချင်းဆိုင်းတီးယှဉ်ပြိုင်ခြင်း၊ ဝါသနာရှင်(ဒု) အဆင့်များမှ မဟာဂီတအဆိုယှဉ်ပြိုင်ခြင်း၊ ခေတ်ဟောင်းကာလပေါ် အဆိုယှဉ်ပြိုင်ခြင်း၊ အမျိုးဂုဏ်ဇာတိဂုဏ် အဆိုယှဉ်ပြိုင်ခြင်း စသည့်ပြိုင်ပွဲအသီးသီး ယှဉ်ပြိုင်နေမှုအား ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ခရိုင်အမျိုးသမီးရေးရာအသင်းနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အသင်းအဖွဲ့များ၊ ကျောင်းသားကျောင်းသူများ၊ ဝါသနာရှင်များမှ လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)