အောင်လံ  ၄  ဇွန်

သရက်ခရိုင် အောင်လံမြို့၌ ခရိုင်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ နွေသီးနှံ ဧက(၃၇၀၀)အား မြစ်ရေတင်လုပ်ငန်း လေးခုဖြင့် စိုက်ပျိုးရေပေးဝေရန် လျာထားခဲ့ရာ ယခုအခါ လျာထားဧက ပြည့်မီစွာ စိုက်ပျိုးနိုင်ခဲ့ပြီး   သီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း    ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြင့်ကျော်ထံမှ သိရသည်။

 

ဒုရင်္ဂဗိုလ်မြစ်ရေတင်လုပ်ငန်းသည်  ရေတင်အဆင့်(၂)ခုဖြင့်  မိုးသီးနှံ၊ နွေသီးနှံများ နှစ်စဉ်စိုက်ပျိုးရေ ပေးဝေလျက်ရှိရာ နိုင်ငံတော်၏ပံ့ပိုးကူညီမှု၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေတို့ဖြင့်  နှစ်စဉ်စိုက်ဧက တိုးတက်စိုက်ပျိုးနိုင်ရန် စီမံချက်ရေးဆွဲဆောင်ရွက်လျက်ရှိပြီး  ယခုနှစ်နွေရာသီတွင်   နွေစပါးဧက(၂၀၀၀)၊   နွေနှမ်း၊   ကြံနှင့်  အခြားသီးနှံဧက (၉၀၀) စုစုပေါင်း လျာထားဧက(၂၉၀၀)အား ပြည့်မီစွာ စိုက်ပျိုးရေများ ပေးဝေလျက်ရှိသည့်အပြင်  ကျေးရွာသောက်သုံးရေအတွက်လည်း ဖြည့်ဆည်းပေးနိုင်ခဲ့သဖြင့်  စိုက်ပျိုးရန် ခက်ခဲသော ဒေသများတွင်ပါ  များစွာအဆင်ပြေလာကြောင်း သိရသည်။  

 

ဒုရင်္ဂဗိုလ်မြစ်ရေတင်ဧရိယာတွင် ယခင်နှစ်နွေသီးနှံတွင် စပါးတစ်ဧက တင်း(၁၀၀)ကျော်နှင့်  ကြံတစ်ဧက တန်(၆၀)နီးပါး ထွက်ရှိခဲ့ကာ ယခုနှစ် နွေသီးနှံတွင်လည်း စိုက်ပျိုးရေ အခက်အခဲမရှိသောကြောင့် ပိုမိုဖြစ်ထွန်း အောင်မြင်ပြီး သီးနှံထွက်နှုန်း တိုးလာနိုင်ကြောင်းနှင့်  တောင်သူများအနေဖြင့်လည်း ရာသီဥတုပြောင်းလဲမှုနှင့် မိုးနည်းပါးလာမှုတို့ကြောင့် လျှပ်စစ်မြစ်ရေတင်လုပ်ငန်းများသည် များစွာ အကျိုးပြုလျက်ရှိလာသည်ဟု  ကသစ်ကန်ကျေးရွာမှ တောင်သူဦးစန်းလွင်က ပြောသည်။

သိန်းလွင်(အောင်လံ)