အောင်လံ ၁ ဇွန်
မကွေးတိုင်းဒေသကြီး အောင်လံမြို့၌ ကိုဗစ်−၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ဧပြီ ၁၂ ရက် သင်္ကြန်ကာလမှစတင်၍ ယာယီပိတ်သိမ်းထားသော မြို့နယ်စည်ပင်သာယာရေးအဖွဲ့ မြို့မဈေးနှင့် မြနန္ဒာဈေးတို့အား ဇွန် ၁ ရက် နံနက်ပိုင်းမှစတင်၍ ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါဈေးများအား အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ ထုတ်ပြန်ထားသော လိုက်နာရန် စည်းကမ်းချက်များ၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ဖွင့်လှစ် ခဲ့ခြင်းဖြစ်ပြီး ပိုလျှံပစ္စည်များနှင့် မလိုအပ်သော အသုံးအဆောင်ပစ္စည်းများအား ဈေးပြင်ပတွင်ထားရှိရေး ဆောင်ရွက်စေခြင်း၊ ဈေးတွင် ဝင်ပေါက်ထွက်ပေါက်များ သတ်မှတ်ပြီး ဈေးတာဝန်ရှိသူများမှ ဂိတ်ပေါက် များတွင် နှာခေါင်းစည်းတပ်ဆင်ခြင်းနှင့် လက်ဆေးခြင်းတို့ကို စစ်ဆေးဆောင်ရွက်ခြင်း၊ ဈေးသည်များမှ လည်း စနစ်တကျ နှာခေါင်းစည်း တပ်ဆင်ရောင်းချရန်နှင့် လက်သန့်ဆေးများ သုံးစွဲစေခြင်းတို့ကို ဆောင်ရွက်ထားရှိသည်။ ထို့ပြင် ပျံကျဈေးသည်များကို လက်ရှိရောင်းချလျက်ရှိသော ယာယီပျံကျဈေး တွင် ဆက်လက်ထားရှိရောင်းချစေရေး၊ ဈေးပတ်ဝန်းကျင် တားမြစ်ဧရိယာများတွင် ပျံကျဈေးသည်များ ဈေးမရောင်းချစေရေး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တွင် ဆိုင်ခန်းမှတ်ပုံတင်ထားသော ဈေးသည် များသာ ဖွင့်လှစ်ရောင်းချစေရေးတို့အတွက်လည်း စီစဉ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။
သိန်းလွင်(အောင်လံ)


