အောင်လံ မတ်လ ၁၆

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက၂၀၂၁-၂၀၂၂ခု ဘဏ္ဍာရေး နှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းစတင်အကောင်အထည်ဖော်ဆောင်ရွက်သည့် ကျားမွေးကျေးရွာအား စီမံကိန်းအရင်း မပျောက် လည်ပတ်ရန်ပုံငွေ ဒုတိယအကြိမ်ထုတ်ချေးပေးအပ်ခြင်းအခမ်းအနားကို မတ် ၁၆ ရက် နံနက် ၉ နာရီက ရွာဦး ဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။ 

ထိုသို့ထုတ်ချေးပေးရာတွင် အောင်လံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကြီးနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကျေးလက်နေပြည်သူများ၏ ဝင်ငွေလျော့နည်းလာမှု၊ စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန်နှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးလာစေရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ် ရန်ပုံငွေများ ထုတ်ချေးပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း ဒုတိယအကြိမ်အဖြစ် အောင်လံမြို့နယ် ကျားမွေးကျေးရွာရှိ စိုက်ပျိုးရေးလုပ်ကိုင်သူ ၈၄ ဦး၊ မွေးမြူရေးလုပ်ကိုင်သူဦးရေ ၃၀ နှင့် အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၁၁ ဦး စုစုပေါင်းချေးယူသူ အသင်းသား ၁၂၅ ဦးအား အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ် ၃၁၁ သိန်းကို ကျေးရွာမြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ကြီးကြပ်မှု ကော်မတီဝင်များက နေ့ချင်းပြီး ထုတ်ချေးဆောင်ရွက်ပေးခဲ့ကြောင်း အောင်လံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကြီးက ပြောပြခဲ့သည်။

ကိုလှိုင်(ကျေးလက်)