နေပြည်တော် ၁၁ ဖေဖော်ဝါရီ
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ မိုးဖုံးကျေးရွာအနီးရှိ ဧရာဝတီမြစ်ကမ်း၌ တည်ထားကိုးကွယ်သည့် မိုးဖုံးစေတီတော်ကြီးအား ဖေဖော်ဝါရီ ၁၀ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်က မြန်မာမှုပညာရှင် သရက်မြို့၊ ဗန္ဓရရပ်ကွက်နေ ဦးသိန်းမောင် (၄၂)နှစ်မှ ပြန်လည်ပြုပြင်မွမ်းမံစဉ် စေတီတော်၏ ဘောင်းရစ်အောက် တနင်္ဂနွေထောင့်မှ ရှေးဟောင်းဌာပနာများ တွေ့ရှိခဲ့သည်။
အဆိုပါ ရှေးဟောင်းဌာပနာများမှာ နဂါးရုံဘုရား ၂ ဆူ၊ ပဉ္စဝဂ္ဂီ(၅)ဦး တရားဟောခန်းဘုရား ၂ ဆူ၊ မယ်တော်မာယာဖွားမြင်ခန်း ၁ ဆူ၊ ပရိနိဗ္ဗာန်စံတော်မူခန်း ၁ ဆူ၊ ဓာတ်တော်များ ထည့်သွင်းပူဇော်ထားသည့် ကြွေအုပ် ၁ ခုအပါအဝင် ကြေး၊ သံ၊ သတ္တုများဖြင့် ထုလုပ်ပူဇော်ထားသည့် ရှေးဟောင်းဆင်းတုတော် ၂၅ ဆူတို့ဖြစ်ပြီး ဘုရားပရဝုဏ်အတွင်းရှိ ဓမ္မာရုံသို့ ပင့်ဆောင်အပူဇော်ခံထားရှိကြောင်းနှင့် အဆိုပါစေတီတော်မြတ်ကြီးမှာ ဉာဏ်တော်အမြင့် ၉၅ ပေခန့်ရှိပြီး ရှေးဟောင်းသမိုင်းဝင်မုခ်ပေါက် ၄ ပေါက်ပါ အတွင်းလိုဏ်ပါရှိသော ပျူခေတ်ဂူဘုရားဖြစ်ကြောင်း သတင်းရရှိသည်။
ရဲပြန်ကြား