အောင်လံ ဇွန် ၃၀

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် အခြေခံပညာ (၁၀-၁၅)နှစ် မြို့နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ဇွန် ၂၉ ရက် နံနက် ၉ နာရီက အ.ထ.က(၁) ရွှေရတုခန်းမတွင် ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်နိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအုပ် ဆရာ/ဆရာမများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်အားပေးကြသည်။

ဦးစွာ အကဲဖြတ်ဒိုင်အဖွဲ့ဝင်များအား မိတ်ဆက်ပေးပြီး အကဲဖြတ်ဒိုင်အဖွဲ့ဝင် ဦးခင်မောင်နီ(ပညာရေးငြိမ်း)က အကဲဖြတ်အမှတ်ပေး စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် အကပြိုင်ပွဲဝင်(၁)ဦး၊ အဆိုဝါသနာရှင်အဆင့် ပြိုင်ပွဲဝင်(၁)ဦး၊ အခြေခံပညာကျောင်း (၁၀-၁၅)နှစ် ကျောင်းသား/ကျောင်းသူ (၁၄)ဦးတို့က ယှဉ်ပြိုင်ခဲ့ကြပြီး အကနှင့် အဆိုပြိုင်ပွဲတွင် မြို့နယ်အဆင့် ရွေးချယ်ခံရသူ ပြိုင်ပွဲဝင်အမည်စာရင်းအား ကြေညာခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အဆိုပြိုင်ပွဲတွင် မြို့နယ်အဆင့် အရွေးချယ်ခံရသူ ပထမ၊ ဒုတိယ၊ တတိယ ရရှိခဲ့သူ အမျိုးသား (၃)ဦး၊ အဆိုပြိုင်ပွဲတွင် မြို့နယ်အဆင့် အရွေးချယ်ခံရသူ ပထမ၊ ဒုတိယ၊ တတိယ ရရှိခဲ့သူ အမျိုးသမီး (၃)ဦးနှင့် အကပြိုင်ပွဲဝင် တစ်ဦးတို့အား ဆုများအသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။


မျိုးသိန်း(ပြန်/ဆက်)