အောင်လံ ဇွန် ၃၀
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ်၌ ပါးစပ်နှင့်နှာခေါင်းစည်း Mask Campaign ကို ယနေ့နံနက် ၇ နာရီက အောင်လံမြို့ ပြည်လမ်း အ.ထ.က(၁) ကျောင်းရှေ့တွင် ပြုလုပ်ခဲ့ပြီး မြိုနယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဈေးရောင်းဈေးဝယ်နှင့် လမ်းသွားလမ်းလာပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမဖြစ်ပွားစေရေး ရည်ရွယ်၍ ပါးစပ်နှင့်နှာခေါင်းစည်း Mask အခု(၃၀၀) အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ကိုဗစ်-၁၉ အသိပညာပေး နှိုးဆော်ခြင်းကို ဇွန် ၂၉ ရက် ညနေ ၅ နာရီက မြိုနယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့ပေါ်ရှိ ပြည်သူလူထုများ သိရှိနိုင်စေရန် လှည့်လည်နှိုးဆော် ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဆောင်ရွက်မှုတွင် မြိုနယ်အဆင့်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ အောင်လံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ (၅)ဦးထိရှိလာပြီ ဖြစ်သဖြင့် မိဘပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန်၊ နေအိမ်ပြင်ပသို့ သွားရောက်ရန်ရှိပါက ပါးစပ်နှင့် နှာခေါင်းစည်း Mask များကို မဖြစ်မနေ စနစ်တကျတပ်ဆင်ခြင်း၊ လက်ကိုမကြာခဏ ဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ခြင်းတို့ကို အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန်၊ Stay at Home သတ်မှတ်ခြင်းခံထားရသည့် ဒေသတို့မှ ပြန်လည်ဝင်ရောက်လာပါက သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် သက်ဆိုင်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်သတင်းပို့ဆောင်ရွက်ရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရန်အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းလမ်းညွှန်ချက်နှင့်အညီ နေထိုင်သွားလာနိုင်ရေးတို့ကို အသိပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)


