သရက် ၁၁  မေ

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ရန်ပုံငွေကျပ်သန်းပေါင်း ၁၂၂ ဒဿမ ၃၂၅ ဖြင့် ကျေးလက်ကုန်ထုတ်လမ်း သုံးလမ်း ရာနှုန်းပြည့် ဖောက်လုပ်ပြီးစီးမှု အခြေအနေကို ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးကြသည်။

 

 

အဆိုပါကုန်ထုတ်လမ်းသုံးလမ်းမှာ ရွာမထုံး-အလယ်ရွာလမ်း(၁/၀မိုင်)၊ မိုးကောင်း-ဂွေးကုန်း လမ်း (၁/၀မိုင်) နှင့် ဒါန်းစမ်း-ဂွေးချို-လက်မြှောင် ကျေးရွာလမ်း(၂မိုင်၂ဖာလုံ) အမျိုးအစား (ကျောက် ရောမြေ+မြေနီကျောက်စရစ်၊ လမ်းအကျယ် ၁၂ပေ၊ တစ်ပေကိုးလက်မထု) လမ်းများဖြစ်ပြီး တင်ဒါစနစ်ဖြင့် ဟိန်းလျှံစိုးကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခြင်းဖြစ်သည်။

 

လမ်းများဖောက်လုပ်ပြီးစီးမှုအခြေအနေကို အောင်လံမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးအေးကျော်၊ သရက်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တခရိုင် ဦးစီးမှူး ဦးမင်းဇော်ဟန်၊ အောင်လံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကြီးနှင့်  တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုခဲ့ကြကာ ထပ်မံဖြည့်စွက် ဆောင်ရွက်ပေးရန် လိုအပ်သည်များနှင့် ကျေးရွာလမ်းကော်မတီဝင်များမှ တောင်းဆိုချက်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။

 

ကုန်ထုတ်လမ်းများဖောက်လုပ်ရာတွင် ကျေးလက်နေပြည်သူများ၏ ထွက်ကုန်သီးနှံများ ဈေးကွက်သို့ အချိန်မီတင်ပို့ရောင်းချရာ၌ သွားလာဆက်သွယ်မှု လွယ်ကူလျင်မြန်စေရန် ရည်ရွယ်၍ ကျေးရွာလူထုနှင့် လွှတ်တော်ကိုယ်စားလှယ်များမှ ရွေးချယ်တင်ပြသော လမ်းများကို ခရိုင်နှင့်မြို့နယ်များမှ တာဝန်ရှိသူများ ကွင်းဆင်းတိုင်းတာ၍ ဘဏ္ဍာရေးနှစ်အလိုက်လျာထား ဖောက်လုပ်ပေးလျက်ရှိကြောင်း သရက်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တခရိုင်ဦးစီးမှူး ဦးမင်းဇော်ဟန်  ထံမှ သိရသည်။

                       

ဆုဝေထွန်း(သရက်)